တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် သေနတ်သမား ကြည်လင်း အမှုတွဲမှ အောင်ဝင်းထွန်း ကို ယနေ့ ရုံးချိန်းတွင် ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက အာမခံ ပေးလိုက်သည်။
အာမခံကို ကျပ် သိန်း ၅၀၀ ဖြင့် လူပုဂ္ဂိုလ်နှစ်ဦးက ခံဝန်ထိုးရမည် ဖြစ်ကြောင်း သိရသည်။
ကြည်လင်းအမှုတွဲတွင် ဖမ်းဆီးခံရသူ တဦး ဖြစ်သည့် ဇေယျာဖြိုးက “တချိန်ကျတော့လည်း အမှန်တရားက ပေါ်လာ တာပါ ပဲဗျာ”ဟု အောင်ဝင်းထွန်းအာမခံ ရရှိမှုနှင့်ပတ်သက်ပြီး ပြောသည်။
ဇေယျာဖြိုးသည် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သတ်ဖြတ်ခံရမှုတွင် တရားသူကြီးများ ဖိအားကင်းစွာ ဆုံးဖြတ်နိုင်ရေး ဝန်းရံပေးကြရန်လည်း ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းအပြီးတွင် တောင်းဆိုထားသူ ဖြစ်သည်။
အောင်ဝင်းထွန်းသည် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည့် တရားခံ အားပေးကူညီမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက် တင် ခံထားရခြင်း ဖြစ်သည်။
အာမခံနှင့်ပတ်သက်၍ အောင်ဝင်းထွန်း အနေဖြင့် သေဒဏ်ချနိုင်သည့် အမှုတွင် ပါဝင် ပတ်သက်နေသူ ဖြစ် သည့် အတွက် တရားလို ရှေ့နေများက ကန့်ကွက် လျှောက်ထားသော်လည်း ထွက်ပြေးခြင်း၊ မလျော်သြဇာ သုံးခြင်းများ ပြုလုပ်မည်ဟု တရားလို ဘက်မှ တင်ပြနိုင်ခြင်း မရှိသည့်အတွက် ကျင့်ထုံး ပုဒ်မ ၄၉၆ အရ အာမခံ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းထွန်းအား သေဒဏ်ချနိုင်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင် ခံထားရသည့် ညီဖြစ်သူ အောင်ဝင်းဇော်နှင့် အတူ ကရင်ပြည်နယ် ဘားအံမြို့ အသွားလမ်းတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အောင်ဝင်းထွန်းသည် အမှုတွင် တရားခံပြေး အဖြစ် ကြေညာထားသည့် အောင်ဝင်းခိုင် နှင့်လည်း ညီအစ်ကို တော်စပ်သူ ဖြစ်သည်။
တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင်က “တရားခံပြေး အောင်ဝင်းခိုင်နဲ့ သူက ညီအစ်ကိုတွေလေ။ နောက်ဆက်တွဲ ဆင့်ပွားတွေ တစုံတခု မဖြစ်ပါစေနဲ့ဘဲ ကျနော်တို့က ဆုတောင်းပါတယ်” ဟု အောင်ဝင်းထွန်း အာမခံရရှိမှု အပေါ် မှတ်ချက် ပေးသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေအကြံပေးလည်း ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြည်လင်းက သေနတ်ဖြင့်ပစ်ခတ် လုပ်ကြံမှု ဖြစ်ပြီးနောက် တနှစ်ခန့် အကြာတွင် တရားခံများအား ယခုလို စွဲချက် တင်ခြင်း ဖြစ်သည်။