သတင်း

အထူး သတင်းထောက်များ ပြည်သူကို နိုင့်ထက်စီးနင်း မလုပ်ရန် မှာကြားထားဟု ဆို

အထူး သတင်းထောက်များသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဝတ်ဆင်သော ယူနီဖောင်းများကို ဝတ်ဆင်ခြင်း မပြုရန်နှင့် ပြည်သူလူထုကို နိုင့်ထက်စီးနင်း မပြုလုပ်ရန် ပြောကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူးချူပ် ဦးဇော်ဌေး က ပြောသည်။

ဦးဇော်ဌေးက “အထူး သတင်းထောက်ဆိုပြီး လူထုအပေါ် နိုင့်ထက်စီးနင်း လုပ်နေတာတွေ မလုပ်ဖို့ ပြည်ထဲရေးကို ပြော ထားတယ်။ ဘာကြောင့်လဲ ဆိုတေ့ာ အထူး သတင်းထောက် အသင်း၊ သူ့အဖွဲ့ရဲ့ နာယက က အရင်တုန်းက ပြည်ထဲရေးက အရာရှိကြီး အဟောင်းတွေ ဖြစ်နေတယ်။ လက်ရှိမှာလည်း တချို့ ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ရဲချူပ်၊ အကုန်လုံးကို ပြောထားပါတယ်” ဟု ပြောဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၂၁ ရက်က ဒုတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံ ဆွေးနွေး ပွဲ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်လာပြီး ခေတ္တရပ်နားချိန်တွင် ၎င်းက မီဒီယာများကို ပြောခြင်း ဖြစ်သည်။

နိုင်ငံ အနှံ့အပြားတွင် အထူးသတင်းထောက် ဆိုသူများက ရင်ထိုးများ တပ်ဆင်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ဝတ်ဆင် သည့် နက်ပြာရောင် ဝတ်ဆင်ထားသဖြင့် ယူနီဖောင်း အရောင် ဆင်တူ ယိုးမှား ဖြစ်နေသောကြောင့် ယင်း အဝတ် အစား များ ဝတ်ဆင်ခြင်းမပြုရန် ကြေညာချက် တရပ် ထုတ်ပြန်ထားကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ထိုသို့ကြေညာချက် ထုတ်ပြန်ထားပါလျက် ယူနီဖောင်း အရောင်တူများ ဆက်လက် ဝတ်ဆင်မှု ပြုလုပ်ပါက ထိရောက် သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် သတင်းမီဒီယာ ကောင်စီ၏ အတွင်းရေးမှူး ဦးသီဟစော က “အခု နောက်ပိုင်းမှာ ပေါ်လာတဲ့ အထူးသတင်းထောက်တွေက၊ သတင်းသမား ၃ သောင်းရှိတယ်တို့၊ ၄ သောင်းရှိတယ်၊ အဲ့ဒီ လူတွေက ရှင်းရှင်းပြောရရင် ပြည်ထဲရေး အရိပ်ကို ခိုပြီးတေ့ာ ဖွ့ဲစည်းတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတယ်” ဟု ပြော သည်။

ယခု အစိုးရလက်ထက်တွင် တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လာသည့် အထူး သတင်းထောက်ဆိုသည့် အဖွဲ့သည် ပြည်ထဲရေးမှ အရာရှိဟောင်းများကို အကြီးအကဲ နေရာတွင် ထည့်သွင်း ဖွဲ့စည်းထားခြင်းဖြစ်ကာ တနိုင်ငံလုံး အနေဖြင့် အဖွဲ့ဝင်ပေါင်း ၃ သောင်းကျော် ရှိသည်ဟုလည်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း၊ ပြည်တွင်း ပြည်ပ သတင်းတိုက်များက သတင်းထောက်များကို သက်သေခံ ကတ်ပြား များ ထုတ်ပေးထားသော်လည်း အားလုံး တူညီသည့် သတင်းထောက် မှတ်ပုံတင် ထုတ်ပေးနိုင်မည် ဆိုပါက ယခုကဲ့သို့ အထူး သတင်းထောက် ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရာတွင် Press Counsellor အနေဖြင့် ဖြေရှင်းနိုင်မည် ဖြစ် ကြောင်း၊ ယင်းကိစ္စကို ယခုပြုလုပ်သည့် အစည်း အဝေးတွင် ထည့်သွင်းကာ ထိရောက်သည့် နည်းလမ်းဖြင့် ဆွေးနွေး မည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ဦးသီဟစော က “ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) အစည်းအဝေးမှာ အထူး သတင်းထောက် ကိစ္စ၊ မျှားဦးက မီဒီယာ တိုက် ဘက်ကို ပြန်လှည့်သွားတယ်။ မီဒီယာတိုက်မရှိဘဲ သူ့ဟာသူ သတင်း ရောင်းစားနေကြတာ ရှိတယ်၊ ဒါကြောင့် မီဒီယာ သမားတိုင်းကို မီဒီယာဟောက်စ် ကနေ တာဝန်ယူ ထုတ်ပေးရမယ်။ အဲ့ဒါကိုလည်း သတင်းမီဒီယာ ကောင်စီ က အသိအမှတ် ပြုရမယ်”ဟု ပြောဆိုသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အတုအယောင် သတင်းသမားများ ကွယ်ပျောက်သွားနိုင်ကြောင်း၊ မူပိုင်ခွင့်ရုံး၌ ပုံနှိပ် ထုတ်ဝေသည့် သတင်းစာတိုက် စာရင်း၊ အွန်လိုင်း မီဒီယာများ၊ အေဂျင်စီများ၏ စာရင်း ရှိသဖြင့် ထိုစာရင်းတွင် ပါဝင် ခြင်း မရှိသည့် သတင်းထောက်များအား စိစစ်၍ ရနိုင်ကြောင်း၊ ယမန်နေ့ အစည်းအဝေးမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာ ကြောင်းလည်း ဦးသီဟစောက ပြောသည်။

နေပြည်တော်ရှိ အထူး သတင်းထောက်ဟု ရင်ထိုး တပ်ထားသူ တဦးက ပျဉ်းမနား ရန်အောင်(၂) ရပ်ကွက်ရှိ အသက် ၅၀ အရွယ်ရှိ ဦးသိန်းမြင့် ဆိုသူအား အထူးသတင်းထောက်အဖြစ် အဖွဲ့ဝင်ရန် စည်းရုံးကြောင်း၊ အဖွဲ့ဝင်ပါက ကိုယ် နေထိုင် သည့် ရပ်ကွက် အတွင်း၊ ၂ လုံး၊ ၃ လုံးဒိုင်များကိုပါ ဖမ်းဆီးရန် အခွင့်အရေး ရှိကြောင်း အစရှိသဖြင့် စည်းရုံးမှု များ ပြုလုပ်ကြောင်း ဦးသိန်းမြင့်၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် ပိုမိုအားကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချူပ် ရေး၊ သတင်းမီဒီယာ စသည့် မဏ္ဍိုင်ကြီး ၄ ရပ် အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒု ဝန်ကြီး ဦးအောင်လှထွန်း၊ သတင်းမီဒီယာ ကောင်စီ ဒု ဥက္ကဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ လွှတ်တော် တရား ရေး ဘက်မှ ကိုယ်စားလှယ် တဦးစီ နှင့် သတင်းမီဒီယာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

Loading