သတင်း

ဦးကိုနီ လုပ်ကြံမှုထက် ပိုသည့် အစီအစဉ် အသံဖိုင်များ ရှိနေဟု အင်းစိန်အောင်စိုး ပြော

Want create site? Find Free WordPress Themes and plugins.

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုထက် ပိုမိုသည့် အစီအစဉ်ရေးဆွဲထားမှုအကြောင်း ပြောဆိုထားသည့် အသံ ဖိုင်များ ရှိနေပြီး နေရာ ၃ ခုတွင် ဖြန့်ထားကြောင်း အမှုကို ဖော်ထုတ်ပေးခဲ့သည့် အင်းစိန်အောင်စိုး က ယနေ့ ရုံးချိန်း အပြီးတွင် ပြောသည်။

လုပ်ကြံမှု ပြုလုပ်ရန် အောင်ဝင်းဇော်က ငှားရမ်းဖူးကြောင်း ပြောဆိုထားသည့် အင်းစိန်အောင်စိုးသည် ပြန်ခေါ်သက်သေ တဦး အနေဖြင့် မြောက်ပိုင်းခရိုင် တရားရုံးသို့ လာရောက် ထွက်ဆိုခဲ့ဲခြင်း ဖြစ်ပြီး လူထုခေါင်းဆောင်ကို ချစ်မြတ်နိုးသည့် အတွက် အမှုတွင် ထိန်ချန်ထားသည့် စကားရှိသေးကြောင်းလည်း ၎င်းကပြောပြသည်။

အင်းစိန်အောင်စိုးက “ကြီးမာတဲ့နေရာ ၃ နေရာမှာ အသံဖိုင်တွေ ရှိတယ်။ ကိုယ်တခုခု ဖြစ်သွားရင်တောင် ဒီအသံဖိုင်တွေ ဘယ်မှာ ရှိတယ်ဆိုတာ လူတွေကို ပြောထားပြီးသား။ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ထုတ်သင့်တဲ့အချိန် ကျရင် ထုတ်သွားမယ်။ ဒီအမှုအတွက်တင် မဟုတ်ဘူး၊ သူတို့ရဲ့နောက်ပိုင်း ဆက်လုပ်မယ့် Plan (အစီအစဉ်) တွေကို ပြောထား တာပေါ့” ဟု ပြောသည်။

တရားခွင်အတွင်း အင်းစိန်အောင်စိုး အနေဖြင့် အောင်ဝင်းဇော်က လုပ်ကြံမှုတခု ပြုလုပ်ရန် ၎င်းအား ကမ်းလှမ်းခဲ့ ပုံများကို ထွက်ဆိုခဲ့ကြောင်း သိရသည်။

အင်းစိန်အောင်စိုးက “အသက်နဲ့ရင်းပြီးပြောခဲ့တာ၊ အလကား အာချောင်ခဲ့တာ မဟုတ်ဘူး၊ ကျနော်ပြောတာ မဟုတ်ဘူးဆို အစောကြီးကတည်းက မဟုတ်မမှန် ပြောဆိုလို့ အဖမ်းခံနေရလောက်ပြီ။ ကျနော့်ကို ကြိုက်သလို တရားစွဲလို့ရတယ်၊ အသက် အန္တရာယ်ရှိပေမယ့် သူတို့နောက်ကွယ်က ကောင်တွေကို လုံးဝဂရုမစိုက်လို့ ဒီလိုလုပ်နေရတာပဲ၊ သူတို့ နောက် ကွယ် မှာ အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာရှိတယ်” ဟုလည်း ပြောဆိုသည်။

အင်းစိန်အောင်စိုး၏ တရားခွင်အတွင်း သက်သေထွက်ဆိုမှုများနှင့်ပတ်သက်၍  “လျှောက်ပြောနေတာ အခု တရားရုံးမှာ တောင် သူဘာမှ မပြောနိုင်ဘူး။ စိတ်ကူးတွေ ယဉ်ပြီး ပြောနေတာပါ” ဟု အောင်းဝင်းဇော် နှင့် ဇေယျာဖြိုးတို့က ပြန်လည် တုံ့ပြန် သွားခဲ့သည်။

ပြန်ခေါ်သက်သေ ၆ ဦးကို စစ်ဆေးခဲ့သည့် ယနေ့ရုံးချိန်း၌ အမှုတွင် တရားခံအားပေး ကူညီမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင် ခံထားရသည့် ဦးအောင်ဝင်းထွန်းအား တရားရုံးက အာမခံပေးလိုက်သည်။

ကျပ်သိန်း ၅၀၀ တန်ကြေးရှိသည့် အောင်ဝင်းထွန်း၏ အာမခံအတွက် ရွှေပြည်သာမြို့နယ် ၁၇ ရက်ကွက်နေ ဦးအောင်နိုင် နှင့် လှိုင်သာယာမြို့နယ် ၁၂ ရက်ကွက်နေ ဦးသန်းဆင့် တို့က ခံဝန်လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ဝင်းထွန်း၏ သားဖြစ်သူ ဒေါက်တာ ကောင်းစံက “တနှစ်ကျော် အချုပ်ခံရတာ အရမ်းကို နစ်နာတယ်၊ နောက်ပိုင်း လည်း ကျနော့် အဖေ ထောင် ၁ ရက်မှ မကျအောင် အမှန်အတိုင်း သက်သေပြသွားမယ်။ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ ဥပဒေ ရပိုင်ခွင့်အတိုင်း အာမခံရခဲ့တဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

သေဒဏ်ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင် ခံထားရသူ အောင်ဝင်းဇော် အမှုတွင် တရားခံပြေး ကြေညာ ထားသည့် အောင်ဝင်းခိုင် တို့နှင့် ညီအစ်ကို တော်စပ်သည့် ဦးအောင်ဝင်းထွန်း၏ အာမခံနှင့် ပတ်သက်၍ တရားလိုရှေ့နေများက ကန့်ကွက် လျှောက်ထားခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင်က “တရားခံပြေး အောင်ဝင်းခိုင်နဲ့ သူက ညီအစ်ကိုတွေလေ။ နောက်ဆက်တွဲ ဆင့်ပွားတွေ တစုံတခု မဖြစ်ပါစေနဲ့ဘဲ ကျနော်တို့က ဆုတောင်းပါတယ်” ဟု ပြောခဲ့သည်။

ယနေ့တွင် ပြန်ခေါ်သက်သေများဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အခင်းဖြစ်စဉ် အချိန်တွင် လုံခြုံရေး တာ ဝန် ထမ်းဆောင်ခဲ့သူများအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်တွင်လည်း အမှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ဆက် လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမားကြည်လင်း၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

ယင်းလုပ်ကြံမှုတွင် ကြည်လင်းအား ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့သည့် လေဆိပ်အဌားယာဉ်မောင်း ဦးနေဝင်းသည်လည်း ကြည်လင်း ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

အမှုတွင် သေနတ်သမား ကြည်လင်းနှင့် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင်ထားပြီး အောင်ဝင်းဇော်နှင့် အတူဖမ်းမိခဲ့သည့် ဦးအောင်ဝင်းထွန်းကိုမူ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင် သည့် တရားခံအားပေးကူညီမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading