သတင်း

ဦးဝီရသူအား အရေးယူဖို့ နှိုးဆော်မည့်ဆရာတော် ခြိမ်းခြောက်ခံနေရဟုဆို

Want create site? Find Free WordPress Themes and plugins.

သာသနာနှင့်ဆန့်ကျင်သည့် လုပ်ဆောင်မှုများကြောင့် ဦးဝီရသူအား အရေးယူရေး သံဃာထုအား နှိုးဆော်မည့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်မှုအပေါ် ခြိမ်းခြောက်မှုများရှိနေကြောင်း ဆရာတော် ဘဒ္ဒန္တ အရှင် ဣဿရိယ(မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားသည်။

ဆက်သွယ်ခြိမ်းခြောက်မှုများတွင် ဖမ်းဝရမ်းထုတ်ခံထားရသည့် မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့မှ ဦးသုစိတ္တ ဆိုသည့် နာမည်ဖြင့် တယ်လီဖုန်း မကြာခဏ ခေါ်ဆိုမှုများရှိနေပြီး သတင်းစာရှင်းပွဲပြုလုပ်မည့် နေရာနှင့်အချိန်ကို ထပ်ကာထပ်ကာ မေးနေခဲ့ကြောင်း ဆရာတော် မင်းသုညက မိန့်သည်။

ဆရာတော် မင်းသုညက “ဦးသုစိတ္တ အမည်နဲ့ ခဏခဏ ဖုန်းခေါ်နေတာ၊ သူက ဝရမ်းထုတ်ခံထားရတဲ့သူမှန်းလည်း သိတော့ စကားလက်ခံ မပြောတော့ဘူး ”ဟု ဧရာဝတီသို့ မိန့်သည်။

အရှင် သုမန အမည်ဖြင့် Facebook သုံးစွဲသူ တဦးကလည်း “ကရင်ပြည်နယ်က ဆရာတော်ကြီးတွေရဲ့ သြဝါဒ ခံယူပြီး ကျောင်းကို လက်နက်ကိုင်အဖွဲ့နဲ့ လာဖယ်ရှားမယ်”ဟုဆိုကာ ခြိမ်ခြောက်စာများ ပေးပို့ကြောင်းလည်း ဆိုသည်။

မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့မှ ဆရာတော်ဦးသုစိတ္တသည် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက အမေရိကန်သံရုံး ရှေ့ ဆန္ဒပြမှုနှင့် ၂၀၁၇ ခုနှစ် မေလတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားခဲ့မှုများကြောင့် ဦးပညာဝံသနှင့်အတူ ဝရမ်းထုတ်ခံထားရသည့် ဆရာတော်တပါးဖြစ်ပြီး ယနေ့အထိ ဖမ်းမမိသေးပေ။

ဦးဝီရသူအနေဖြင့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့သည့် လူသတ်သမားကြည်လင်းအား ထောက်ခံသည့်အနေဖြင့် သေနတ်ပစ်ပုံ၊ “မင်းတို့ ထမင်းဝအောင်စားထား” စသည့်တို့ကို ပြုမူနေသည့် ဗီဒီယို ဖိုင်များကို မကြာသေးမီရက်ပိုင်ကပင် လူမှုကွန်ယက်စာမျက်နှာများပေါ် ဖြန့်ဝေခဲ့သည်။

ဦးဝီရသူ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ “သူ့ရဲ့ပြုမှုပုံတွေကြောင့် သံဃာတွေကြား၊ ဒါယိကာ/ဒါယိကာမတွေကြား ဝိဝါဒတွေ ကွဲပြားနေကြပြီ၊ ကြာရင် သာသနာအတွက် အန္တရာယ်ရှိတယ်၊ ဒါကို ထိန်းသိမ်းကြပ်မတ်ဖို့ ဦးဝီရသူကို အရေးယူဖို့ တောင်းဆိုမှာ ဖြစ်တယ်” ဟု ဆရာတော်မင်းသုညက ရှင်းပြသည်။

ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသော်လည်း ဦးဝီရသူအား အရေးယူပေးရန် နှိုးဆော်မည့် သတင်းစာရှင်းလင်းပွဲအား သတ်မှတ်ထားသည့်အတိုင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading