သတင်း

အိမ်ခန်းပေါင်း ၁ သောင်းကျော်ပါ တန်ဖိုးနည်း အိမ်ရာ ဖော်ထုတ်မည်

ဂျပန်နိုင်ငံ၏ အကူအညီ ယန်း ၁၅ ဘီလီယံဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ အခန်းပေါင်း ၁ သောင်းကျော်ကို ၃ နှစ် အတွင်း ဖော်ထုတ်သွားနိုင်ရေး ခွင့်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက နေပြည်တော်တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်၊ မကွေးကိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အထိ တိုက်လုံးရေ ၄၀၅ လုံးတွင် အခန်းပေါင်း ၁၁၉၁၄ ခန်း ဆောက်လုပ် သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၂ရက်က လွှတ်တော် တွင် ပြောသည်။

“အိမ်ရာချေးငွေနဲ့ တန်ဖိုးနည်း အိမ်ရာ ဝယ်လိုသူတွေဟာ လစဉ် မိသားစု တစုလုံးဝင်ငွေ (Household Income) အနည်းဆုံး ၃ သိန်း ရှိရမှာ ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာ ဝယ်ယူလိုသူတွေဟာ လစဉ် မိသားစု တစုလုံးဝင်ငွေ (Household Income) အနည်းဆုံး ၅ သိန်း ရှိ ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ပြောဆိုသည်။

အိမ်ရာချေးငွေဖြင့် အိမ်ရာ ဝယ်ယူသူများသည် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည် ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး ၁၅ နှစ်အထိ အချိန်ယူ ပြန်ဆပ် နိုင်ကြောင်း ချေးငွေ အရင်းအတိုး ပြန်လည် ပေးသွင်းမှုနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေးဘဏ်၊ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့မှ ချမှတ်ထားသည့် သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

အစိုးရ၏ ယခု အိမ်ရာ စီမံကိန်းသည် တနိုင်ငံလုံးကို လွှမ်းခြုံနိုင်မှု မရှိဘဲ ၃ နှစ်အတွင်း အိမ်ရာအခန်း သောင်းဂဏန်း ခန့်သာ ဖော်ထုတ်နိုင်မှုသည် မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက်ကို ပြည့်မီနိုင်မည် မထင်ကြောင်း ရန်ကုန်တိုင်း တခု တည်းတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စာရင်းကောက်ယူမှုအရ ကျူးကျော် ၇ သိန်းရှိရာ ယခု ၁ သောင်းကျော် ကြောင့် အလုပ်မဖြစ်နိုင်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြော သည်။

“အိမ်အခန်း ၁ သောင်းလောက်ကို ၃ နှစ် စောင့်ယူရမယ်ဆိုတော့ အစိုးရက ဦးဆောင်လုပ်ခဲ့တာတွေက ဘယ်တုန်းက မှ ထိရောက် အကျိုးရှိခဲ့တာ မဟုတ်ဘူး။ တရုတ်ပြည်မှာ အငှားအိမ်ရာ စီမံကိန်း လုပ်တယ်ဆိုတာက လူဦးရေ သန်းနဲ့ ချီပြီးတော့ အကျိုးပြုအောင်ငှားတာ။ အဲဒီလိုမျိုး လုပ်နိုင်ခဲ့တယ်”ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် ဂျပန်ချေးငွေ ၁၅ ဘီလီယံကို အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းဖြင့် ရရှိခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရသို့ ဆိုင်းငံ့ကာလ ၁၀ နှစ်အတွင်း အတိုးသာ ပြန်လည် ပေးဆပ်ရပြီး အရင်းကို ကျန် သည့် နှစ် ၃၀ အတွင်း ပြန်လည် ပေးဆပ်နိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်ခံ ချေးယူသူ အဖြစ် လည်းကောင်း၊ မြန်မာ့ စီးပွား ရေး ဘဏ်က ကြားခံ အဖွဲ့အစည်းအဖြစ် တာဝန်ယူ၍ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတဆင့် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ချေးငှားပေးမည် ဖြစ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

“အတိုးနှုန်း ခွဲဝေသတ်မှတ်ရာမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၁ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဘဏ်က ၃ ရာခိုင် နှုန်း၊ ဆောက် လုပ်ရေးနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က ၃ ရာခိုင်နှုန်း ရယူမှာ ဖြစ်ပြီး ကျန်တဲ့ ၁.၅ ရာခိုင်နှုန်းကို သီးသန့် ရန်ပုံငွေ (Reserve Account) အဖြစ် မြန်မာ့ စီးပွားရေးဘဏ်မှာ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆို သည်။

အတိုးနှုန်း သက်သက်သာသာဖြင့် ရရှိသည့် ဂျပန် ချေးငွေကို အတိုးနှုန်း မြှင့်ယူခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ဝေဖန်ခဲ့ပြီး ပုဂ္ဂလိကဘဏ်များကိုပါ အတိုးနှုန်းများစွာ ခွဲဝေပေးသည်မှာ မဖြစ်သင့်ကြောင်း နေပြည်တော် ရှိ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“အရင် ချေးငွေတွေလည်း အဲဒီလိုပဲ အတိုးနှုန်း နည်းနည်းနဲ့ယူပြီး ပြန်ချေးတဲ့အခါ အရမ်းများလို့ မဖြစ်သင့်ဘူးဆိုတာ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဝန်ကြီးဌာနကတော့ ဒီအတိုင်းပဲ ယူမယ်ဆိုတာ ပြန်ရှင်းတော့ လွှတ်တော် က ခွင့်ပြုပေးလိုက်ရတာပဲ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

ယင်းသို့ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာတည်ဆောက်ပေးမှုသည် မြို့နှင့်အလှမ်းဝေးသည့် နေရာများ၌သာ ဖြစ်နေ သောကြောင့် သွားရေး လာရေး ခက်ခဲကြောင်း ပြည်သူတချို့ကလည်း ပြောဆိုကြသည်။

“အခု ချပေးတဲ့ တိုက်ခန်းတွေက မြို့ပြင်မှာပဲ ဖြစ်မှာ။ သွားလာရေးနဲ့ အချိန်ကုန်တာနဲ့ဆို အဆင်မပြေနိုင်ဘူး။ ရုံးတွေ က မြို့ထဲမှာ ဆိုတော့ မြို့နဲ့နီးမှ အဆင်ပြေမှာ။ အခုလည်း ဝန်ထမ်းတွေ နေဖို့ အိမ်ရာတွေလည်း အစိုးရက စီစဉ်ပေး နေ ပြီ။ အဲဒီအိမ်ရာတွေ ရှိလာရင် အဆင်ပြေတဲ့သူတွေလည်း ရှိမှာပါ။ တန်ဖိုး တကယ်နည်းရင်တော့ စိတ်ဝင်စားကြမှာ ပဲ”ဟု ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ပညာရေး ဝန်ထမ်းတဦးက ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုများ အပါအဝင် ၅ နှစ်အတွက် အမေရိကန် ဒေါ်လာသန်း ၈ ထောင် ထောက်ပံ့ပေးအပ်မည်ဟု ဆွေးနွေးပြောကြားခဲ့သည်ဟု ဆိုသည်။

ယင်းဆွေးနွေးမှုများအရ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ Housing Finance Development Project စီမံကိန်း တခု လည်း ပါဝင်ခဲ့ရာ ယင်းစီမံကိန်းအရ ပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ ဝယ်ယူရာတွင် သက်သာ သော အတိုးနှုန်းထားနှင့် နှစ်ရှည် ချေးယူပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံက ODA Loan အဖြစ် ကူညီပေးခြင်း ဖြစ်ကြောင်း သိရသည်။

Loading