သတင်း

မောင်တောခရိုင်တရားရုံးက ဘင်္ဂါလီ ၄ ဦးကို သေဒဏ်ချ

Want create site? Find Free WordPress Themes and plugins.

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုထားသော ဘင်္ဂါလီ ၄၅ ဦး အမှုကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးစိုက်) က စီရင်ချချက်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ယနေ့ စီရင်ချချက်မှတ်သော ၄၅ ဦးကို အမှုတွင် ၄ ဦး ကို သေဒဏ်ချမှတ်ပြီး ၂၆ ဦးအား ထောင်ဒဏ် အသီးသီးချမှတ်ကာ ကျန် ၁၅ ဦးကို ပြစ်မှုထင်ရှားခြင်း မရှိသည့်အတွက် ပြန်လည်လွှတ်ပေးလိုက်ကြောင်း မောင်တောခရိုင်တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဦးညိုလွင်ဦးက ပြောသည်။

ဦးညိုလွင်ဦးက “ဒီနေ့ စီရင်ချမှတ်တာကတော့ အမှုက ၂ မှုပါ ။ တရားခံ ရှားအာလောင်ပါ ၄၅ ဦးအမှုပေါ့။ သေမှုကြံရွယ်ချက်နဲ့ ကျုးလွန်တဲ့ အမှုဖြစ်တဲ့ လူသတ်မှု ဖြစ်တဲ့အတွက် အဲဒီအမှုမှာ ၄ ဦးကို သေဒဏ်စီရင်ချက် ချမှတ်ပါတယ်။ ၂၆ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်တယ်။ ထောင်ဒဏ်ကတော့ တယောက်နဲ့ တယောက် မတူဘူး။ ပြစ်မှုကျုးလွန်တဲ့ အခြေအနေအရ အများဆုံး အနှစ် ၂၀ ကနေ အနည်းဆုံး ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ၁၅ ဦးကိုတော့ ပြစ်မှုမထင်ရှားလို့ ပြန်လွတ်ပေးလိုက်ပါတယ် ” ဟု ပြောသည်။

အဆိုပါ ၄၅ ဦးအမှုကို မောင်တောခရိုင်တရားရုံးက ကိုင်တွယ်စစ်ဆေးခြင်း ဖြစ်သော်လည်း တရားစီရင်မှုလုပ်ငန်း အဆင်ပြေစေရန်အတွက် ၎င်းအမှုများကို ဘူးသီးတောင်မြို့တွင် အထူးတရားရုံးဖွင့်လှစ်ကာ စစ်ဆေးစီရင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲထားသော အခြား ဘင်္ဂလီ ၃၄ ဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ၎င်းတရားရုံးက ထောင်ဒဏ် ၁၈ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်းလည်း သိရသည်။

၎င်း မောင်တောခရိုင်တရားရုံး ( ဘူးသီးတောင်ရုံးစိုက် ) တရားရုံးတွင် နောက်ထပ် စစ်ဆေးနေဆဲ ၂၉၄ ဦးကျန်ရှိနေပြီး ယင်းတို့ကိုလည်း မကြာမီ စီရင်ချက် ချမှတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း ခရိုင်တရားသူကြီး ဦညိုလွင်ဦးက ဆိုသည်။

ယနေ့ အမိန့်ချမှတ်သော ၄၅ ဦးအမှုသည် ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့က ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားခုတ်ခံရပြီး သေဆုံးသွားခဲ့သည့် ငခူရရဲစခန်း တိုက်ခိုက်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူများ ဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ၃၂၆ ၊ ၃၃ ၊ ၃၄ စသည့်ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ဖမ်းဆီးရမိသော ဘင်္ဂါလီရွာသား ၇၀ ကျော်ကိုလည်း မောင်တောခရိုင်တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

“ကျနော်တို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတဲ့နောက်ပိုင်းကစလို့ ဖမ်းမိတဲ့သူတွေကို ဆိုင်ရာဥပဒေ ပုဒ်မဖြစ်တဲ့ အကြမ်းဖက်မှုဥပဒေတွေနဲ့ စွဲထားပါတယ် ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖမ်းမိသူများကို မောင်တောခရိုင်တရားရုံးတွင် ၇၃ ဦးနှင့် မောင်တောမြို့နယ် တရားရုံးတွင် ၃ ဦး စုစုပေါင်း ၇၆ ဦးရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားကြောင်း ပြည်နယ်ဥပ ဒေချုပ်ရုံးမှ သိရသည်။

ယင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မောင်တောအကြမ်း ဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုတွင် ပါဝင်ပတ်သက်သူ ၅၀၉ ဦးကိုလည်း မောင်တောခရိုင်တရားရုံးမှ တရားခံပြေးအဖြစ် ကြေငြာထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် အကြမ်းဖက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။

အစိုးရအနေဖြင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်အတွင်းက ဖမ်းဆီးရမိသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ၂၀၁၆ ခုနှစ်ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများကိုမူ မတရားသင်းအက်ဥပဒေ ပုဒ်မ ၁၇ ( ၁ ) (၂ ) ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ ( စ ) ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ၃၂၆ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading