သတင်း

အကြွေးကျွန်စနစ် ဖျက်သိမ်းနိုင်မှ ကလေးလုပ်သား ပပျောက်မည်ဟု ILO ပြော

Want create site? Find Free WordPress Themes and plugins.

အသက် ၅ နှစ် မှ ၁၇ နှစ်အတွင်းရှိ ကလေး ၁.၂ သန်းကျော် အလုပ်လုပ်နေရသည့် တရားမဝင် ကလေး အလုပ်သမား ပြ ဿနာကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် အကြွေးအတွက် အလုပ်လုပ်ပေးရသည့် အလေ့အထကို ပယ်ဖျက်ရန် နှင့် လူမှုရေး အကာအကွယ်ပေးရေး အစီအစဉ်တခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ကဆိုသည်။

အဆိုပါ ကလေးများမှာ တပတ်လျှင် ပျမ်းမျှ ၅၁ နာရီ အလုပ်လုပ်နေကြရပြီး အများစုမှာ စိုက်ပျိုးရေး၊ သစ်တော နှင့် ရေ လုပ်ငန်းများ (၆၀.၅ ရာခိုင်နှုန်း) တွင် ရှိနေကြပြီး၊ ကုန်ထုတ်လုပ်ရေး (၁၂ ရာခိုင်နှုန်း)၊ ကုန်သွယ်ရေး (၁၁.၁ ရာခိုင်နှုန်း) နှင့် အခြား ဝန်ဆောင်မှု ကဏ္ဍများတွင် (၅ ရာခိုင်နှုန်း) အသီးသီး လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံတွင် အကြွေးအတွက် အလုပ်လုပ်ပေးရသည့် အလေ့အထက လုပ်ခ လစာနည်း အလုပ်သမား အမြောက်အများအပေါ် သက်ရောက်မှုရှိသည်။ အထူးသဖြင့် မိသားစုပိုင် စီးပွားရေး လုပ်ငန်းများ၊ အိမ်အကူများအဖြစ်နှင့် အလှပြင် ဆိုင်နှင့် အနှိပ်ခန်းများ စသည့် အခြားသော ခေါင်းစဉ်မရှိသည့် စီးပွားရေး လုပ်ငန်းငယ်များတွင် လုပ်ကိုင်နေကြရသော ကလေးလုပ်သားများအပေါ် သက်ရောက်မှု ပိုများသည်။

“အလုပ်ရှင်တွေက ကလေးရဲ့ မိသားစုကို ၆ လစာ လုပ်ခ ကြိုထုတ်ပေးလိုက်တာမျိုးက အကြွေးအတွက် အလုပ်လုပ်ပေး ရတဲ့ အလေ့အထပဲ။ အလုပ်လုပ်ရမယ့် နေရာမှာ ဘယ်လိုအခြေအနေ မျိုးရှိတယ်ဆိုတာကို မသိဘဲ၊ သိထားဖို့ လိုအပ်တဲ့ တခြား အချက်အလက်တွေကို သေသေချာချာ မသိဘဲ လူတယောက်ကို အလုပ်ရှင်လက်ထဲ ထည့်ပေးလိုက်တယ်။ ကန်ထရိုက်စာချုပ်လည်း လုံးဝ မရှိဘူး” ဟု ILO ၏ လက်ထောက် ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Piyamal Pichaiwongse ကပြောသည်။

“တကယ်လို့ အဲဒီလို အလုပ်ရှင် အလုပ်သမားဆက်ဆံရေး ရှိသွား ပြီဆိုရင် အလုပ်စလုပ်တယ်ဆိုတာနဲ့ အလုပ်ချိန် အများအပြားလုပ်ရပြီး မနားရတဲ့အလုပ်ချိန်နဲ့ပဲ ကြုံရမယ်။ အခြေအနေက ဖော်ပြလို့ မရနိုင်အောင်ပဲ။ အလွန်ကို ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရတော့မယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် လူမှုရေး အကာအကွယ်ပေးရေး အစီအစဉ်များလည်း ရှိမနေခြင်းကလည်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် အခက်အခဲပင် ဖြစ်သည်ဟု ILO အရာရှိက ပြောသည်။

ကလေး အိမ်အကူများအရေးကို သူက ဇောင်းပေးပြောခဲ့ပြီး လူ့အဖွဲ့အစည်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမား သမဂ္ဂ ကွန်ယက်များ ခိုင်မာအားကောင်းပါက အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူက အကြံပြုခဲ့သည်။

အစိုးရဆောင်ရွက်ချက်

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်ရေး နှင့် ပတ်သက်၍ လတ်တလောတွင် ခြေလှမ်းသစ်များ စတင်ခဲ့သည်။ ယခုလအတွင်းမှ စတင်ခဲ့သည့် ထိုအစီအစဉ်ကို အမျိုးသားရေး တာဝန်တရပ် အနေဖြင့် အကောင်အထည်ဖော်ရန် လူထုကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးစီမံကိန်း၏ တစိတ်တပိုင်း အနေဖြင့် အမျိုးသား အဆင့် အစီအစဉ် တခုကို အကောင်အထည်ဖော်ရန် ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်း ကော်မတီ ၈ ခု နှင့် အတွင်းရေးမှူး အဖွဲ့တခုကို ဖွဲ့စည်း သွားမည် ဖြစ်သည်။ အမျိုးသားအဆင့် လုပ်ငန်း အစီအစဉ်တွင် မူဝါဒ ရေးဆွဲခြင်း၊ ကော်မတီ၏ လုပ်ငန်းများကို ၆ လ တကြိမ် အကဲဖြတ်သုံးသပ်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်း အ စိုးရများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင် ရွက်ခြင်းများ ပါဝင်မည် ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနအနေနဖြင့် ကလေးလုပ်သားအချက်အလက် ကောက်က်ယူမှုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ ဤသည်က ကလေးလုပ်သား ပပျောက်ရေး နှင့် ၎င်းတို့ဘဝရှင်သန် တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ILO ၏ နည်းပညာ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် ပထမအဆင့် စစ်တမ်းကောက်ယူခြင်းက ၂၀၁၇ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး ယခု အချက်အလက်များ ကောက်ယူခြင်းက ဒုတိယ အဆင့်ဖြစ်သည်။

ဦးသိန်းဆွေက ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သည်။

ပြည်သူလူထုကြား အသိပညာပေးခြင်း၊ ကလေးငယ်များကို အခြေခံပညာရေး အခမဲ့ သင်ကြားပေးခြင်း၊ လုပ်ငန်းခွင်မှ ထုတ်ပယ်ခြင်းခံရသည့် ကလေးအလုပ်သမားများ၏ မိသားစုများကို ထောက်ပံ့ခြင်း နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့က ကလေးအလုပ်သမား ပပျောက်ရေးတွင် အရေးပါကြောင်း သူက ပြောသည်။

အန္တရာယ်ရှိသော အလုပ်လုပ်နေရသည့် ကလေးများ

မြန်မာနိုင်ငံ အတွင်းရှိ ကလေးအလုပ်သမား ၁.၂ သန်း၏ တဝက်ကျော်သည် ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် ဓာတ်ငွေ့၊ စိုက် ပျိုးရေး၊ သတ္တုတွင်း နှင့် ကျောက်တွင်း စသည့် အန္တရာယ်များသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည်ဟု ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်းတွင် ကောက်ယူခဲ့သည့် မြန်မာ့လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းထွက်အလုပ်လုပ်ရသည့်အခြေအနေများ (Myanmar Labour Force, Child Labour and School-to-Work Transition) စစ်တမ်းအရ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ ILO ရုံးက အန္တရာယ်ရှိ လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော ကလေးလုပ်သားပြဿနာ လျော့ကျရေးကိုလည်း တိုက်တွန်းဆောင်ရွက်သည်။ အထူးသဖြင့် အသက် ၁၈ နှစ် အောက်ကလေးများ အားလုံးအတွက် အန္တရယ်ရှိသည့် အလုပ်အမျိုးအစား စာရင်းတခု ပေါ်ပေါက်လာရေး အတွက် ဖြစ်သည်။ အဆိုပါ ပြဿနာကို ဖြေရှင်းခြင်းက ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့သော ILO ၏ သဘောတူညီချက် အမှတ် ၁၈၂ ကို လက်မှတ်ထိုးထားသူတိုင်း လိုက်နာဆောင်ရွက်ရမည့် တာဝန် ဖြစ်သည်။

အန္တရာယ်ရှိသည့် အလုပ်အမျိုးအစား စာရင်းသည် ၁၉၉၃ ကလေး ဥပဒေကဲ့သို့သော ရှိနှင့်ပြီးသား ဥပဒေများ နှင့် ချိတ်ဆက်မှုရှိရန် လိုအပ်ကြောင်း ILO မှ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စီမံကိန်း အစီအစဉ် (My-PEC) ၏ နည်းပညာ အတိုင်ပင်ခံ Selim Benaissa က ပြောသည်။

လွှတ်တော်မှ အမျိုးသမီးနှင့် ကလေး အခွင့်အရေးကော်မတီ နှင့် လူ့အခွင့်အရေး ကော်မတီ တို့မှ ကော်မတီဝင်တဦး ဖြစ် သော ဦးဖေချစ်ကလည်း ကလေးငယ်များ လုပ်သားအင်အားစုအတွင်းသို့ ဆွဲသွင်းခံနေရခြင်းမှ ကာကွယ်ရန် အတွက် တိကျ သေချာသော ဥပဒေ လိုအပ်ပြီး ထိုဥပဒေနှင့် တားဆီးရမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

သို့သော်လည်း အလုပ်သမား ဥပဒေကြမ်းကိုပင် လွှတ်တော်၌ တင်သွင်း နိုင်ခြင်း မရှိသေးသည့်အတွက် ကလေးအလုပ်သမား ပပျောက်ရေးက ခက်ခဲသည့်ကိစ္စ တခုဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ထားသည်။

“တကယ်လို့ အန္တရာယ်ရှိတာတွေကို အခု မရပ်တန့် နိုင်ဘူးဆိုရင် အားလုံး ကျန်းမာရေးထိခိုက်မယ်၊ အသက်ဆုံးရှုံးကြရမယ်ဆိုရင် အနာဂါတ်မှာ အလုပ်သမားထု ရှိတော့မှာ မဟုတ်ဘူး” ဟု Piyamal Pichaiwongse ကပြောသည်။

“ဒါက ကလေးအလုပ်သမားတွေရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာလည်း ရောင်ပြန်ဟပ်ပြနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလေးအလုပ်သမားပပျောက်ရေး လုပ်တဲ့ အချိန်မှာ ဦးစားပေးရမယ့် အချက် ဖြစ်နေလို့ပါ။ စက်ရုံ ကိုသွားပြီး ကလေးအလုပ်သမားတွေကို ဖယ်ရှားဖို့ ပြောလို့ မရနိုင်ပါဘူ။ သူတို့ရဲ့ အသက်မွေးမှု ပျက်စီးသွားပါ လိမ့်မယ်။ မိသားစုက သူတို့အပေါ် မှီခိုနေရတယ်။ တချိန်ထဲမှာပဲ သူတို့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ သူတို့ တွေ နေ့တိုင်းရင်ဆိုင်နေရတာကို ရှင် မြင်ချင်မှာ မဟုတ်ဘူး” ဟု Piyamal Pichaiwongse ကပြောသည်။

ကလေး အလုပ်သမားများကို အန္တရာယ်များသည့် လုပ်ငန်းခွင်နေရာများမှ ဖယ်ရှားရေးက ပထမဆုံး နှင့် အရေးအကြီးဆုံး လုပ်ရမည့် ခြေလှမ်းဖြစ်သည်ဟု သူက ဆိုသည်။ ထို့နောက် ကလေးငယ်များ ပညာသင်ကြားရေး ဆီသို့ သို့မဟုတ် အ သက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားရေးဆီသို့ ပြန်သွားနိုင်ရေးကို ကူညီပေးနိုင်မည့် အခြားသော အစီအစဉ်တခု ကို ပြင်ဆင်ထားရမည်ဟု Piyamal Pichaiwongse ကပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေး ၁၈ သန်းရှိပါသည်။

၂၀၁၅ ခုနှစ် လုပ်သား အင်အား စစ်တမ်းအရ အသက် ၅ နှစ်မှ ၁၇ နှစ် အတွင်းရှိ ကလေး ၁၂ သန်းကျော်၏ ၁၀ ရာခိုင်နှုန်းက စီးပွားရှာရသည့် အလုပ်များတွင် ပါဝင် ပတ်သက်နေကြရသည်။

၁၉၅၁ ခုနှစ် စက်ရုံများ ဥပဒေကို ၂၀၁၆ ခုနှစ်ကဖြည့်စွက် ပြင်ဆင်ချက်ထားချက်အရ မိသားစုကို ကူညီခြင်းမှလွဲ၍ အသက် ၁၄ နှစ်အောက် ကလေးများကို အလုပ်ခိုင်းခွင့် မရှိပါ။ သတ်မှတ်ချက်ထက် ငယ်သည့် ကလေးငယ်များကို အလုပ်ခန့်ခြင်း၊ ခိုင်းစေခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပြီး တရားစွဲဆိုခြင်း ခံရနိုင်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading