၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ တနိုင်ငံလုံးရှိ အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ များထဲက ၁၀၆ ဦး ဝင်ရောက် ဖြေဆိုမည်ဟု နေပြည်တော် အကျဉ်းဦးစီးဌာနမှ သတင်းရရှိသည်။
နေပြည်တော် အကျဉ်းဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက “လောလောဆယ် ဒီအချိန်ထိစာရင်းအရ ၁၀၆ ဦး ဝင်ရောက် ဖြေဆိုမှာဖြစ်ပါတယ်။ တချို့ကျတော့လည်း အပြင်မှာ လျှောက်လွှာတင်ပြီး အနီးကပ်မှ ရောက်လာရင် တော့ မပြောတတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အကျဉ်းသားများ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ကို အင်းစိန် ဗဟို အကျဉ်းထောင်က ၂၀၁၂- ၂၁၀၃ ပညာသင်နှစ်မှ စတင် ဖြေဆိုခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ မန္တလေး အိုးဘိုထောင်မှ အကျဉ်းသားများကိုလည်း ဖြေဆိုခွင့် ပြုခဲ့ပြီး ယခုနှစ် ၂၀၁၇-၂၁၀၈ ပညာသင်နှစ်အတွက် တနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ကျောင်းသားများအား ဖြေဆိုခွင့်ကို စတင် ခွင့်ပြု ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနက ပြောသည်။
ယခုနှစ်တွင် အင်းစိန်ကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုမည့် အကျဉ်းသား ၃၁ ဦးနှင့် အကျဉ်းသူ ၂ ဦး၊ မန္တလေး အိုဘို အကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦး၊ အကျဉ်းသူ ၇ ဦး၊ ဘားအံ အကျဉ်းထောင်မှ အကျဉ်းသား ၅ ဦးနှင့် အချူပ်သား ၃ ဦး၊ မြိတ် အကျဉ်းထောင်မှ အကျဉ်းသား ၂ ဦးရှိသဖြင့် အကျဉ်းသားစုစုပေါင်း ၉၈ ဦးနှင့် အကျဉ်းသူ ၈ ဦးတို့ ဝင်ရောက် ဖြေဆိုမည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
ဦးမင်းထွန်းစိုးက “ပညာတပိုင်းတစနဲ့ ပြစ်ဒဏ်ကျခံနေတဲ့သူတွေ ပညာဆက်လက် သင်ကြားနိုင်အောင်၊ အကယ်၍ ထောင်ထဲမှာ ဒုတိယနှစ် အောင်သွားတယ်။ အဲ့ဒီအချိန်မှာ ပြစ်ဒဏ် လွတ်သွားတယ်ဆိုရင် အပြင်မှာ ဆက်တက်ဖို့ အတွက် ကျနော်တို့ဆောင်ရွက်ပေးပါတယ်”ဟု ပြောသည်။
ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားများကို အကျဉ်းဦးစီးအနေဖြင့် လုံးဝ စာတတ်မြောက်ခြင်း မရှိသည့် သူများကို အ သုံးလုံး သင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်ရန် အတွက် ဘာသာရေး ပညာရပ်များ သင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား ပေးခြင်း၊ အားကစား ကာယ ပညာရပ်များ သင်ကြားပေးခြင်း၊ ကျန်းမာရေး ဗဟုသုတ ပညာရပ်များ သင်ကြား ပေးခြင်း များကို ၂၀၁၆ ခုနှစ်မှ စ၍ အင်းစိန်ထောင် နှင့် မန္တလေး အိုးဘိုထောင်တွင် ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပေးလျက် ရှိကြောင်းလည်း ဦးမင်းထွန်းစိုးက ရှင်းပြသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူများကို အကျဉ်းသား ဆရာများက သင်ကြားပေးလျက်ရှိပြီး စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ပြင်ပမှ ကျောင်းဆရာ၊ ဆရာမများကလည်း လာရောက် သင်ကြားပေး လျက်ရှိ သည်ဟု ၎င်းက ဆက်ပြောသည်။
ပျဉ်းမနားမြို့ရှိ စွမ်းရည်ထက် အင်္ဂလိပ်စကားပြော သင်တန်းမှ ဆရာဦးသန်းထိုက်လင်းက “အကြောင်း အမျိုးမျိုး ကြောင့် ထောင်ထဲရောက်တဲ့ ကလေးတွေကို အခုလိုဖြေဆိုခွင့် ပေးတာ ဒီမိုကရေစီဆန်တယ်လို့ ပြောရမှာပဲ။ ဒီစနစ်က အန်မတန် ကောင်းတဲ့ စနစ်ပါ”ဟု ပြောကြားသည်။
၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ တနိုင်ငံလုံး ကျင်းပမည်ဖြစ်ပြီး အကျဉ်းသားများ ဝင် ရောက်ဖြေဆိုမည့် ကျောင်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် သီးသန့် သတ်မှတ် ပေးထားကြောင်း၊ စတင်ခွင့်ပြုခဲ့ သည့် အချိန်မှစ၍ ဖြေဆိုသူဦးရေမှာ ယခုနှစ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသားများကို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆို ခွင့် ပြုရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အထိ အောင်မြင်သူ ၂၉ ဦးရှိပြီး မန္တလေးအိုးဘို ထောင်တွင် ပြီးခဲ့သည့်နှစ်မှ စတင် ဖြေဆိုခွင့်ပြုရာတွင် ၉ ဦး အောင်မြင်ခဲ့သည်။
ယင်း ၉ ဦးထဲမှ ၅ ဦးမှာ ဂုဏ်ထူး ၁ ဘာသာစီ ထွက်ပြီး ၃ ဘာသာ ဂုဏ်ထူးရှင် တဦး ပေါ်ထွက်လာခဲ့ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနမှ သိရသည်။