ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နေအိမ်အပါအဝင် အစိုးရဌာနဆိုင်ရာ နေရာသုံးခုတွင် ယနေ့နံနက် ၄ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့ အခြေစိုက်ရာ စစ်တွေမြို့ပေါ်ရှိ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်ခြံဝန်း၊ ပြည်တော်သာလမ်းမပေါ်ရှိ တရားလွှတ်တော်ချုပ်ရုံးရှေ့နှင့် မြေစာရင်းရုံးရှေ့တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့် ဗုံးဟု ယူဆရသည့် အထုပ်သုံးထုပ်ကိုလည်း ထပ်မံ တွေ့ရှိထားကြောင်း သိရသည်။

ပြည်နယ်အစိုးရအတွင်းရေးမှူး ဦးတင်မောင်ဆွေက “ကျနော်ကတော့ ဘာမှမဖြစ်ပါဘူး၊ မနက်က ပေါက်ကွဲမှုအပြီး ထပ်ပြီးပေါက်ကွဲတာ မရှိတော့ဘူး၊ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လောလောဆယ် ဘာမှမပြောနိုင်သေးပါဘူး”ဟု ဧရာဝတီသို့ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုအတွင်း ဦးတင်မောင်ဆွေ၏ နေအိမ်ခြံဝန်းအတွင်း ပျက်စီးမှုအချို့ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တဦးနှင့် အခြားသူတဦးတို့ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လက်သည်တရားခံကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည့်အတွက် အသေးစိတ် မပြောနိုင်သေးကြောင်းလည်း ဦးတင်မောင်ဆွေကပြောသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော အစိုးရအရာရှိများကို ရည်ရွယ်ပြီး လုပ်ကြံသတ်ဖြတ်မှုများ ရှိလာရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးဘိုဘိုမင်းသိုက်သည်လည်း မြောက်ဦးမှ စစ်တွေသို့ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီးတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။