သတင်း

UNFC တပ်ပေါင်းစု အားသစ်ထပ်လောင်းပြီလား

ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကချင်အမျိုးသား အစည်းအရုံး (KNO) တို့ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်တွေအဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း UNFC ခေါင်းဆောင်များထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက် နေ့မှစ၍ ၃ ရက်အကြာ ပြုလုပ်ခဲ့သော UNFC  အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

ခူဦးရယ် က “လောလောဆယ် ဆုံးဖြတ်ထားတာက မူလတုန်းက အဖွဲ့ဝင်အဖြစ်က ယာယီရပ်စဲထားတဲ့ CNF ကို အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံတဲ့ ဆုံးဖြတ်ချက်ပဲ ရှိပါတယ်။ အဖွဲ့ဝင်သစ်ရယ်လို့တော့ မဟုတ်ပါဘူး။ KNO ကိုလည်း ပြန်လည်လက်ခံဖို့ဆိုတဲ့ ဆွေးနွေးချက်တွေ ကျနော်တို့ လုပ်ခဲ့ကြပါတယ်” ဟု ပြောသည်။

KNO ကိုလည်း လက်ခံရန် မူအားဖြင့် အများသဘောတူ ဆုံးဖြတ်ထားကြသော်လည်း UNFC အရေးပေါ်ညီလာခံ ခေါ်ယူသည့် အချိန်မှ အတည်တကျ ဆုံးဖြတ်သွားမည်ဟု သိရသည်။

KNO အနေဖြင့် UNFC တွင် ယခင်ကတည်းက ဆက်စပ်အဖွဲ့အဖြစ် ပူးပေါင်း ပါဝင်မှုများ ရှိခဲ့သော်လည်း တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ရန်အတွက် UNFC ကချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ချက် အချို့ ရှိနေသဖြင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း UNFC အသိုင်းအဝိုင်း သတင်းရင်းမြစ်များ အဆိုအရ သိရသည်။

UNFC တွင်  မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့ ၄ ဖွဲ့သာ ကျန်ရှိတော့ရာမှ NMSP နှင့် LDU တို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ထို့နောက် UNFC တပ်ပေါင်းစု အနာဂတ် အရေးနှင့် ပတ်သက်ပြီး ချင်းမိုင်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး ထိုအစည်း အဝေးသို့ တပ်ပေါင်းစု ၄ ဖွဲ့အပြင် ဆက်စပ်မဟာမိတ်အဖွဲ့အစည်း ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်အချို့ တက်ရောက်နေသည်ကိုလည်းတွေ့ရသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) နှင့် ပူးပေါင်းရန် နှုတ်ထွက်ထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အနေဖြင့်လည်း UNFC နှင့် ပြန်လည် ပူးပေါင်းဖွယ်ရှိသည်။

SSPP ကို UNFC မှ တရားဝင် နှုတ်ထွက်ခွင့် မပြုရသေးကြောင်း တပ်ပေါင်းစုခေါင်းဆောင်များက ပြောဆိုနေပြီး ယခုလ ၁၁ ရက်နေ့က ထုတ်ပြန်သော UNFC အစည်းအဝေးထုတ်ပြန်ချက်ထဲတွင် SSPP ကို UNFC အဖွဲ့ဝင် ပုံစံအနေဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

UNFC ခေါင်းဆောင် တဦးကလည်း “UNFC က ဆက်ရှိနေဦးမှာပါ။ လက်ရှိထက် ပိုပြီးအားကောင်းလာမှာပါ” ဟုဆိုသည်။

UNFC တပ်ပေါင်းစု အဖွဲ့ဝင် အဖြစ် ဝင်လိုကြောင်း လျှောက်ထားသည့်အဖွဲ့များထဲတွင် CNF နှင့် KNO တို့အပြင် ဇိုမီး ပြန်လည်ပေါင်း စည်းရေးအစည်းအရုံး (ZRO)၊ ကူကီး အမျိုးသား အစည်း အရုံး (KNO) နှင့် ဗိုလ်မှူး စောဆန်းအောင် ဦးဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ကလည်း ပါဝင်ကြောင်း သိရသည်။

သို့သော်လည်း ထိုအထဲမှ အဖွဲ့အချို့မှာ UNFC က သတ်မှတ်ထားသော အဖွဲ့ဝင်ဖြစ်ရန်လိုအပ်သည့် စံနှုန်းများနှင့် ကိုက်ညီမှု အားနည်းနေသည်ဟု ဆိုသည်။

ယခင်က UNFC တွင် NMSP၊ KNPP၊ LDU နှင့် ANC တို့ ၄ ဖွဲ့သာ ကျန်ခဲ့ရာမှ  SSPP၊  CNF နှင့် KNO တို့ ပြန်လည်ပေါင်းစည်း သွားကြမည်ဆိုလျှင် တပ်ပေါင်းစုအဖွဲ့ဝင် စုစုပေါင်း ၇ ဖွဲ့ဖြစ်လာဖွယ်ရှိသည်။

Loading