ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုရှိ ဒေါ်နှင်းအောင်နှင့် ဒေါ်အေးသန်း (ခ) နော်မူခလိန်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ယူနီဖောင်းမပါသော လူခုနှစ်ဦးက ရဲတပ်ဖွဲ့ဟုပြောဆို၍ ဇာသပြင် ကျေးရွာဘက်ရှိ နေအိမ်တခုသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ငွေသိန်း ၅၀ မပေးပါက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ငွေတောင်းခဲ့ကြောင်း ကော့စိန်ဘန်အောက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး စောထွန်းယုံက ပြောသည်။
ဖမ်းဆီးခံရသော အမျိုးသမီးနှစ်ဦးက ငွေသိန်း ၅၀ မရှိကြောင်း ပြောဆိုသဖြင့် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ငွေသိန်း ၅၀ မပေးနိုင်ပါက ငွေသိန်း ၄၀ ကျပ်ကို မဖြစ်မနေ ပေးရမည်ဖြစ်ကာ ညတွင်းချင်း ငွေသိန်း ၂၀ ပေးပါက လွှတ်ပေးမည်ဟု ပြောဆိုကြောင်း၊ ကျန်ငွေသိန်း ၂၀ ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့ခင်းတွင် ပေးရမည်ဖြစ်ပြီး ငွေမပေးနိုင်ပါက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်ခြင်းကြောင့် ဆွေမျိုးများက ညတွင်းချင်း ငွေသိန်း ၂၀ ကျပ်ကို ပေးခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက ပြောပြသည်။
ထိုခြိမ်းခြောက်မှုကြောင့် အဖမ်းဆီးခံထားရသော အမျိုးသမီးနှစ်ဦး၏ ဆွေးမျိုးဖြစ်သူ ဦးအခုံနှင့် စောထိချောင်က ငွေသိန်း ၂၀ ကျပ်ကို ကျားကလေးရွာလမ်းဆုံဖြစ်သည့် ဘားအံ-မော်လမြိုင်ကားလမ်းဘေးတွင် ညတွင်းချင်း သွားပေးခဲ့၍ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ပေးဆွဲခံရသည့် ဒေါ်နှင်းအောင်က ရှင်းပြသည်။
အမျိုးသမီးနှစ်ဦးသည် ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု၊ ကော့ပေါက်ကျေးရွာရှိ ၎င်းတို့အငှားလုပ်ကိုင်သော လယ်ကွင်းထဲရှိနေစဉ် ရဲတပ်ဖွဲ့ဝင်ဆိုသူများက မူးယစ်ဆေးဝါးသတင်းအရဟုဆိုကာ လက်ထိပ်ခတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးများ မတွေ့ရှိခဲ့သော်လည်း ဇာသပြင်ကျေးရွာဘက်ရှိ နေအိမ်တလံုံးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒေါ်နှင်းအောင်သည် လွတ်မြောက်လာပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဘားအံ တရားမျှတမှု စင်တာ၌ အကူအညီသွားတောင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဒေါ်နှင်းအောင်ထံသို့ ဖုန်းဆက်သွယ်၍ ကျန်ငွေသိန်း ၂၀ လာပေးမည့်နေရာကို ချိန်းဆိုနေခဲ့သည်ကို မျက်မြင်ကြားသိခဲ့ရကြောင်း ဘားအံ တရားမျှတမှု စင်တာမှ အထက်တန်းရှေ့နေ မင်းလင်းကိုကိုက ပြောသည်။
ထို့ကြောင့် ငွေတောင်းချိန်ဆိုသည့်နေရာသို့ မင်းလင်းကိုကိုနှင့်အဖွဲ့က သွားရောက်စောင့်ကြည့်ခဲ့စဉ် အရပ်ဝတ်ဖြင့် ငွေလာယူသူနှစ်ဦးကို တွေ့ရှိခဲ့ရပြီး ယင်းငွေလာယူသူ နှစ်ဦးတွင် တဦးသည် ရဲသတင်းပေးသူ ဖြစ်နိုင်ပြီး နောက်တဦးမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်နိုင်သည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။
“အဲ့ဒီဖြစ်စဉ်တွေကို ကြည့်ကြည့်လိုက်ပါ၊ ဝရမ်းမပါပဲနဲ့ ဝင်ရှာတယ်၊ ဝင်မရှာခင် ရဲတပ်ဖွဲ့ဝင်တွေ ခန္ဓာကိုယ်ကိုယ် စစ်ဆေးခွင့် မပေးခဲ့ဘူး၊ အမျိုးသမီးတွေကို ဖမ်းပေမယ့်လည်း အမျိုးသမီးရဲမေတွေကို ခေါ်သွားခြင်းမရှိဘူး၊ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နေရာမှာလည်း အပိုင်နယ်မြေ ရဲစခန်းကို ခေါ်ဆောင်သွားတာ မဟုတ်ဘဲနဲ့ ရွာတရွာက အိမ်တအိမ်ကို ညနက်သန်းခေါင်ကြီး ခေါ်သွားတယ်၊ ခေါ်သွားပြီးတဲ့နောက်မှာလည်း ငွေကြေး တစုံတရာကို တောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။
အထက်ပါကိစ္စများနှင့်ပတ်သက်၍ သတင်းစုံစမ်းရန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးက ညွှန်ကြားထား၍ ဘားအံ ဒုခရိုင်ရဲတပ်ဖွဲ့မှူးက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အမျိုးသမီးများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒုရဲမှူးသန်းဦးက ဆိုသည်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်ထဲက မည်သူ၊ မည်ဝါက ငွေတောင်းခဲ့သည်ကိုတော့ အတိအကျ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။
အမျိုးသမီးနှစ်ဦးကို မဖမ်းဆီးမီ အဆိုပါရဲတပ်ဖွဲ့ဝင်များသည် အမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးထားခဲ့ပြီး ၎င်းတို့ငါးဦးကိုလည်း အခြားတနေရာရှိ ကျေးရွာနေအိမ်တခုတွင် ခေါ်ဆောင်သွားခဲ့သေးသည်။
ယင်းအမျိုးသားသုံးဦးတွင် ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုမှ စောအဒူး၊ ဦးအရိုင်နှင့် အိန္ဒုကျေးရွာအုပ်စုမှ အမည်မသိ အမျိုးသားတဦးတို့ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအမျိုးသားသုံးဦးထဲ၌ ဦးအရိုင်ထံတွင် မူးယစ်ဆေးပြား လေးပြား ဖမ်းမိခဲ့သည်ဟု သိရှိရကြောင်း စောထွန်းယုံက ဆိုသည်။
“သိန်း ၂၀ ကိုတောင်းတယ်၊ သိန်း ၂၀ တောင်းပြီးတော့ အဲ့လောက်နဲ့ပဲ မတင်းတိမ်ပဲ နောက်တနေ့ မနက်မှာ ငွေရှာဖို့ဆိုပြီးတော့ လွှတ်ပေးလိုက်တယ်၊ နေ့လယ်မှာ ဖုန်းဆက်ပြီးတော့ လာပေးရမယ့်နေရာကို ချိန်းဆိုတယ်၊ ဒါတွေဟာ ဘာတွေနဲ့ငြိလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ငြိပါတယ်၊ ရဲလက်ဆွဲဥပဒေနဲ့လည်း ငြိပါတယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့လည်း ငြိပါတယ်”ဟု မင်းလင်းကိုကိုက ဆိုသည်။
အထက်ပါ အမျိုးသမီးနှစ်ဦးနည်းတူ စောအဒူးကိုလည်း မူးယစ်ဆေးဝါး သတင်းအရဟု ရှာဖွေခဲ့ပြီးနောက် မူးယစ်ဆေးဝါးများ မတွေ့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ငွေငါးသိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းသဖြင့် ကော့ပေါက်ကျေးရွာမှ ရာအိမ်မှူး စောဘချိုက အိန္ဒုနယ်မြေရဲစခန်းအရှေ့၌ ရဲတပ်ဖွဲ့ဝင်များအား ငွေငါးသိန်းကျပ်ပေး၍ စောအဒူးကို ပြန်ရွေးခဲ့ရကြောင်း ငွေသွားပေးခဲ့သူ စောဘချိုက ပြောသည်။