ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီး မိုင်းယုကျေးရွာအတွင်း ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၁နာရီဝန်းကျင်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စန်းဝင်းက “ည၁၁နာရီ ၁၀မိနစ်အချိန်ပေါ့၊ မိုင်းယုရွာ နယ်မြေ (၃) ကမ္ဘောဇသိင်္ဂီ သီလရှင်ကျောင်းတိုက်အနီး လမ်းဆုံ၊ မူဆယ်ရဲစခန်းရဲ့ အရှေ့ဘက် ၇ မိုင် အကွာမှာ ပေါက်ကွဲမှု ဖြစ်ပွားတာပါ၊ ပေါက်ကွဲမှုကို သောင်းကျန်းသူ စီစစ်ဆဲ အဖွဲ့က ထောင်ထား တယ်”ဟု ပြောသည်။
မိုင်းမှာ လက်လုပ်အသံမိုင်းအမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း၊ မိုင်းပေါက်ကွဲသည့်အနီးရှိ ဒေသခံတဦး၏ ဝါး၊ သွပ်မိုး၊ သွပ်ကာတို့ဖြင့် ဆောက်လုပ်ထား သည့် ခေါင်မိုးသာ ပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၌ လှုပ်ရှားနေသော အကြမ်းဖက် သောင်းကျန်း သူဟု တပ်မတော်မှ သတ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖွဲ့မှ လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့် အဖွဲ့ဖြစ်သည်ဆိုသည်ကို စီစစ်ဆဲ ဖြစ်သည်ဟု သိရသည်။
မိုင်းပေါက်ကွဲသည့် နေရာမှာ ဂိမ်းဆိုင်များ၊ စားသောက်ဆိုင်များ ရှိသည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မိုင်းယုလေးကျေးရွာတွင် နေထိုင်သူတဦးက “အသံက ကျယ်တယ်။ ပေါက်ကွဲသံကြားရတာ။ အဲ့ဒီနား က ဆိုင်တွေမှာ ဘာလို့ လာထောင်လည်းတော့ ကျနော်တို့လည်း မသိဘူး။ ထိခိုက်တာတော့ မရှိကြ ဘူး။ ပျက်စီးတာလည်း နည်းတယ်။ အသံပေါ့။ အသံကတော့တော်တော်ကျယ်တယ်”ဟု ဆိုသည်။
၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီး စားသောက်ဆိုင်ဖွင့်ထားသည့် ဒေါ်ဟန်နီကလည်း ပေါက်ကွဲသံကို ညပိုုင်းတွင် ၃ ချက်ကြားရကြောင်း၊ မိုင်းပေါက်ကွဲသည့် နေရာသည် ဂိမ်းဆိုင်တခု ဖွင့်ထားသည့် နေရာတွင် ဖြစ်ကြောင်း ပြောသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကမူ ပေါက်ကွဲမှုတခု ဖြစ်သည်ဟုသာ သတင်းရရှိထားပြီး မိုင်းအရေအတွက်ကိုမူ သတင်းမရထားပါဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ ဘဏ်ဝန်ထမ်း အမျိုသမီး ၂ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိပြီး ဆေးရုံ တွင် ကုသနေရသည်။
လားရှိုးမြို့ပေါက်ကွဲမှု၏ တရားခံသည် အကြမ်းဖက်သောင်းကျန်းသူတဖွဲ့တဖွဲ့ဖွဲ့ ဖြစ်သည်ဟု တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသော်လည်း ပလောင် (တအာန်း) အမျိုး သား လွတ်မြောက် ရေး တပ်မတော် (TNLA) ကမူ ၎င်းတို့ မဟုတ်ကြောင်း ဧရာဝတီကို ပြောဆိုထား သည်။
ယခုလအတွင်း ဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပေါက်ကွဲမှုများနှင့် ပတ်သက် ၍ ဒုရဲမှူးကြီး စန်းဝင်းက “အပွင့်လင်းဆုံးပြောရရင်တော့ လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်ဘက်က လိုက်လံ ပိတ်ဆို့ပြီး ဖမ်းဆီးနေ တော့ အခုလို ဖောက်ခွဲမှုတွေ ပြုလုပ်တာပေါ့” ဟု သုံးသပ်ပြောဆိုသည်။