ဖလော်ရီဒါရှိ အထက်တန်းကျောင်း တခုတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တုန်လှုပ်ခြောက်ခြား နေသော ကျောင်းသားများသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဥပဒေပြု အမတ်များကို တွေ့ဆုံခဲ့ပြီးနောက် တိုက်ခိုက်ရေး ရိုင်ဖယ်များ ရောင်းချခြင်းကို ကန့်သတ်ရန် တောင်းဆိုနေသည့် တချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံတွင်း ထိုသို့သော အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်စေရေး အတွက် ကျောင်းဆရာများကို လက်နက်တပ်ဆင်ပေးရန် စဉ်းစားနေသည်။
ဆယ်ကျော်သက်များနှင့် မိဘများ ပါဝင်သည့် ယခင်က မရှိခဲ့ဖူးသော လှုံ့ဆော်ရေးအဖွဲ့များသည် အိမ်ဖြူတော်နှင့် တယ်လာဟက်စ် ဖလော်ရီဒါ ပြည်နယ် အစိုးရ ရုံးတို့သို့ သွားရောက် ဆန္ဒပြစဉ် အခြားသော ကျောင်းသားများကလည်း စာသင်ခန်းများမှ ထွက်လာကြကာ နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် စုဝေးခဲ့ကြသည်။
ထရမ့်သည် ဖလော်ရီဒါ ပစ်ခတ်မှုတွင် ရှင်သန်လွတ်မြောက်သူများနှင့် သေဆုံးခဲ့သူများ၏ မိဘများနှင့်တွေ့ဆုံပြီး နာရီနှင့် ချီ ရှည်ကြာသည့် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသော အစည်းအဝေးတခုကို ကျင်းပခဲ့သည်။ ထရမ့်သည် သြဇာကြီးမားလှသည့် လက်နက်ကိုင်ဆောင်ရေး လိုလားသော အဖွဲ့အစည်းဖြစ်သည့် အမျိုးသားရိုင်ဖယ်အသင်း NRA ၏ အတွေးအခေါ်ကို ထောက်ခံပြီး ကျောင်းဆရာများနှင့် အခြားသော ကျောင်းဝန်ထမ်းများကို လက်နက် တပ်ဆင်ပေးခြင်းသည် အနာဂတ်တွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများကို တားဆီးနိုင်မည်ဟု သူက ပြောသည်။
၂၀၁၆ ခုနှစ် မဲဆွယ်ပွဲ အတွင်း အမျိုးသားရိုင်ဖယ် အသင်းက ထောက်ခံခဲ့သည့် လက်နက်ကိုင်ဆောင်ခွင့် လှုပ်ရှားမှု ခေါင်းဆောင် ရီပါတ်ဗလစ်ကန် သမ္မတ ထရမ့်က လက်နက် ဝယ်ယူသူများ၏ နောက်ကြောင်းရာဇဝင်ကို အလျင်အမြန် စစ်ဆေးရန် လုပ်ဆောင်ပြီး အချို့သော လက်နက်များ ဝယ်ယူနိုင်သည့် အသက်အရွယ်ကို တိုးမြှင့်မည်ဟု လည်း ပြောသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖလော်ရီဒါပြည်နယ် ပါခ်လန်းရှိ မဂျော်ရီ စတုန်းမင်း ဒေါက်ဂလပ် အထက်တန်းကျောင်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ကျောင်းသားနှင့် ဆရာ ၁၇ ဦး သေဆုံးပြီး ထိုဖြစ်ရပ်သည် အမေရိကန် အစိုးရ ကျောင်းများတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများ အနက် ဒုတိယ အသေအပျောက် အများဆုံး ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် လက်နက် ကိုင်ဆောင်ခွင့်နှင့် ပတ်သက်ပြီး အမေရိကန်တွင် ဖြစ်ပွားနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သော ဆွေးနွေးငြင်းခုန်မှုများလည်း ပြန်လည် ပေါ်ပေါက်လာသည်။
ထို တိုက်ခိုက်မှုကို အသက် ၁၉ နှစ်အရွယ် စတုန်းမင်းဒေါက်ဂလပ် ကျောင်းသားဟောင်း နစ်ကိုလပ်စ် ခရုဇ်က ကျူးလွန်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။ သူသည် AR-15 ပုံစံ တိုက်ခိုက်ရေး လက်နက်ကို လွန်ခဲ့သော တနှစ်ကပင် ဝယ်ယူထားခဲ့သည်။
“နစ်ကိုလပ်စ် ခရုဇ်ဟာ ဘီယာဝယ်ဖို့ တောင်မှ အသက်မပြည့်သေးခင် တိုက်ခိုက်ရေး ရိုင်ဖယ်ကို ဝယ်ခွင့်ရခဲ့တယ်” ဟု စတုန်းမင်း ဒေါက်ဂလပ်စ် ကျောင်းသား လော်ရန်ဇို ပရာဒို က ပြောသည်။ ဖလော်ရီဒါဥပဒေသည် အသက် ၁၈ နှစ် အရွယ်များကိုပင် တိုက်ခိုက်ရေး လက်နက် ဝယ်ယူခွင့် ပြုထားကြောင်း သူက ရှင်းပြနေခြင်းဖြစ်သည်။
“ဒီနိုင်ငံရဲ့ ဥပဒေတွေက လျော့ရဲလွန်း နေတယ်” ဟု သူက ဖလော်ရီဒါပြည်နယ် မြို့တော်တွင် သတင်းထောက်များကို ရှင်းပြသည်။
သေနတ်ကိုင်ဆောင်ခွင့် အသက် ကန့်သတ်ချက်ကို အရက်ဝယ်ယူခွင်ကဲ့သို့ ၂၁ နှစ်အထိ တိုးမြှင့်မည် ဟု တယ်လာဟက်စ် ရှိ ဥပဒေပြု အမတ်များက ပြောသော်လည်း လက်နက်ကိုင်ဆောင်ခွင့်ကို မထိန်းချုပ်ရန် ပြည်နယ်လွှတ်တော်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသားများ လက်နက်ကိုင်ဆောင်ခွင့်ကို အကာအကွယ်ပေးထားပြီး ထို အချက်ကို ရီပတ်ဗလစ်ကန်များက အကြီးအကျယ် ထောက်ခံသည်။ သို့သော် ထရမ့်မှာ အရေးယူဆောင်ရွက်ရန် ဖိအားပေးခံနေရပြီ ဖြစ်သည်။
လက်နက်ကိုင် ကျောင်းဆရာများနှင့် လုံခြုံရေးများသည် ပစ်ခတ်မည့်သူများကို ခြောက်လှန့်ပြီး ထပ်မံသေဆုံးမှုများကို တားဆီးနိုင်မည့် အကြောင်း ထရမ့်က ကျောင်းသားများ၊ မိဘများ၊ အခြားသော အမေရိကန်ကျောင်းများမှ ပစ်ခတ်မှုများ ကြောင့် ထိခိုက်ရသော သူများ တက်ရောက်ပြီး ရုပ်သံမှ တိုက်ရိုက်လွှင့်သည့် အိမ်ဖြူတော် ပြည်သူ့အသံ နားထောင်ပွဲတွင် ရှည်လျှားစွာ ရှင်းပြသည်။
“ခင်များမှာ သေနတ်ပစ် ကျွမ်းကျင်တဲ့ ဆရာတယောက်ရှိရင် သူတို့တွေက တိုက်ခိုက်မှုတွေကို ကောင်းကောင်း အဆုံးသတ် ပေးနိုင်မယ်” ဟုပြောရင်း သူ၏ အဆိုပြုချက်သည် အငြင်းပွားဖွယ် ဖြစ်ကြောင်းလည်း ဝန်ခံသည်။ တက်ရောက်သူ အချို့က ထောက်ခံကြောင်း ပြသပြီး အချို့က ကန့်ကွက်ကြသည်။
၂၀၁၂ ခုနှစ်က ကွန်နက်တီကတ်ရှိ ဆင်ဒီဟွတ်ခ် မူလတန်းကျောင်းပစ်ခတ်မှုတွင် သားတယောက် ဆုံးရှုံးခဲ့ရသော မတ်ဘာဒန်က ကျောင်းဆရာမ ဂျက်ကီကို “ဒီမှာ ငါပြောမယ် သူတပါးအသက်ကို သတ်ဖို့ ကြီးမားလှတဲ့ သေမင်းတမန် တာဝန်ကို မယူခင်ကတည်းကိုက ဆရာ ဆရာမတွေမှာ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေရတာ” ဟု ဝေဖန်သည်။
ဆင်ဒီဟွတ်ခ် ပစ်ခတ်မှုအပြီးတွင် အမျိုးသားရိုင်ဖယ်အသင်းကြီး၏ အဖွဲ့တခုက လက်နက်ကိုင်ဆရာနှင့်လုံခြုံရေးများ ပိုမိုချထားရန် အကြံပေးသည်။
ဖလော်ရီဒါ ပစ်ခတ်မှုမှ လွတ်မြောက်လာသော ကျောင်းသား ၆ ဦး အပါအဝင် လူ ၄၀ ခန့်ကို ထရမ့်က စိတ်ပါလက်ပါ နားထောင်ခဲ့သည်။
အိမ်ဖြူတော်ရှိ နိုင်ငံတော် စားသောက်ခန်းမတွင် စက်ဝိုင်းခြမ်းပုံစံ ထိုင်နေသူများ၏ အလယ်တွင် ထရမ့်ထိုင်နေသည်။ “ခင်ဗျား တွေ့ကြုံခဲ့ရတာတွေ ထဲက ဘယ်အချက်ကို ကျနော့်ကို အသိစေချင်ဆုံးလဲ” “ခင်ဗျား ပြောတာကို ကျနော် နားလည်ပါတယ်” စသည့်ဖြင့် ထရမ့်၏ လက်ရေးဖြင့် ရေးသားထားသော မှတ်စု ကတ်ပြားများကို ဓာတ်ပုံဆရာများက ဓာတ်ပုံ ရိုက်ယူကြသည်။
အခြားသော အစီအစဉ်များ အပါအဝင် အသက်အရွယ် ကန့်သတ်ရန်လည်း အသင့်ရှိကြောင်း ထရမ့်က ပြောပြီး အကြမ်းဖက်တတ်သူများကို ကူညီအကဲဖြတ် ပေးသည့် စိတ်ပညာဌာနများ ပိတ်ပစ်ခဲ့သည်ကို စိတ်မကောင်းကြောင်း ပြောသည်။
“လူတွေ အကြမ်းဖက်ချင်စိတ်ကို ကိုင်တွယ်နိုင်အောင်၊ တခုခု လုပ်နိုင်အောင် လေ့ကျင့်ပေးတဲ့ ဌာနရှိနေဖို့ ဆိုတာ ကြားနေရမယ့် ကိစ္စ မဟုတ်ဘူး၊ တခုခု လုပ်ကို လုပ်ရလိမ့်မယ်” ဟု ထရမ့်က ပြောသည်။
စတုန်းမင်းဒေါက်ဂလပ် ပစ်ခတ်မှုတွင် သမီးဖြစ်သူ သေဆုံးခဲ့သော ဖရက် ဂတ်တင်ဘတ်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က CNN မှ ထုတ်လွှင့်သည့် ရုပ်သံအစီအစဉ်တွင် ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် မာကိုရူဘီရိုအား သူနှင့် လွန်ခဲ့သော သီတင်းပတ်က သမ္မတပြောဆိုသော စကားများသည် သနားစရာကောင်းလောက်အောင် အားအင်ချိနဲ့ နေသည် ဟု ဝေဖန်ခဲ့သည်။
သေနတ် ကိုင်ဆောင်ခွင့် ဥပဒေတခုတည်းဖြင့် ပြဿနာများကို မဖြေရှင်းနိုင်ဟု ပြောခဲ့သောကြောင့် ဝေဖန်ခံနေရသူ ရူဘီရိုက ၁၈ နှစ်အရွယ်များကို ရိုင်ဖယ်နှင့် ရိုင်ဖယ်ကို တမိနစ်အတွင်းကျည်ဆံရာချီပစ်နိုင်စေသော bump stocks ကိရိယာများ ရောင်းချခြင်းကို တားမြစ်သည့် ဥပဒေကို ထောက်ခံသည် ဟု ပြောသည်။
သူမ၏ စာသင်ခန်းထဲတွင် ကျောင်းသား ၆၀ ကျော်ကို အကာအကွယ် ပေးခဲ့သော ရီပတ်ဗလစ်ကန် ကျောင်းဆရာမ အက်ရှ်လေကာ့သ်က ဆရာများကို လက်နက်တပ်ဆင်ပေးမည့် ထရမ့်၏ အစီအစဉ်နှင့် ပတ်သက်ပြီး ရူဘီရိုကို မေးခွန်းထုတ်သည်။
“ကျမက ကာကွယ်ဖို့ တာဝန်ထမ်းဆောင်ဖို့ သင်တန်း ထပ်တက်ရမှာလား။ ကျည်ကာဝတ်ရမှာလား။ ကျမက သေနတ်ကို ခြေထောက်မှာ ချိတ်ထားရမှာလား။ အံဆွံထဲ ထည့်ထားရမှာလား” ဟု သူမက မေးခွန်းထုတ်သည်။
ဆရာ၊ ဆရာမများကို လက်နက် တပ်ဆင်ပေးခြင်းသည် မှားယွင်းသည် ဟု ရူဘီရိုက ဖြေသည်။
အမျိုးသား ရိုင်ဖယ်အသင်းကြီး၏ ပြောခွင့်ရသူ ဒါနာလို့ရှ်က ၎င်းတို့အသင်းသည် စိတ်ဝေဒနာရှင်များ လက်နက် ကိုင်ဆောင်ခြင်းကို တားဆီးလိုကြောင်းနှင့် အာဏာပိုင်များသည် မင်္သကာဖွယ်ရာ တွေ့လျှင် ပိုမိုတာဝန်ကျေအောင် လုပ်ဆောင်သင့်ကြောင်း ထောင်နှင့် ချီသော လူအုပ်ကို ပြောသည်။
“ဒီစိတ် မမှန်သူဟာ လက်နက်ပိုင်ဆိုင်ခဲ့သင့်တယ် လို့ ကျမ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒီလူဟာ စိတ်မမှန်ပါဘူး” ဟု သေနတ်သမားကို ရည်ညွှန်းပြောသည်။
ရိုင်ဖယ် သေနတ်ကျည်များကို အတွဲလိုက် ပစ်ခတ်နိုင်စေသော bump stocks များကို ထိရောက်စွာ ပိတ်ပင်နိုင်သော လုပ်ထုံးလုပ်နည်း ချမှတ်ရန် ထရမ့်က တရားရေးဌာနကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမိန့်ပေးသည်။
လွန်ခဲ့သော အောက်တိုဘာလကလည်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူဟောင်း တဦးသည် လာ့စ်ဗီးဂက်စ်ရှိ ကွင်းပြင် ဂီတပွဲ တခုတွင် bump stocks တပ်ဆင်ထားသော ရိုင်ဖယ်ဖြင့် လူ ၅၈ ဦးကို သတ်ဖြတ်ခဲ့ပြီး အမေရိကန်နိုင်ငံ သမိုင်းတွင် တဦးတည်း လူအများဆုံး သေစေသော တိုက်ခိုက်မှုဖြစ်လာခဲ့သည်။
အမျိုးသားရိုင်ဖယ် အသင်းကြီးသည် bump stocks များကို လုံးဝ ပိတ်ပင်ခြင်းကို ဆန့်ကျင်ပြီး ကန်သတ်မည် ဆိုလျှင် လက်ခံသည်ဟု ဆိုသည်။
ကိုးကား။ ။ Reuters