သတင်း

HIV/AIDS ထိန်းချုပ် ကုသရေး အမေရိကန် အကူအညီဖြင့် ဆောင်ရွက်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်း HIV/AIDS ရောဂါကူးစက်မှုများပြားသော တိုင်းနှင့် ပြည်နယ်များတွင် ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ရေး နှင့် ကုသရေးလုပ်ငန်း စီမံကိန်းကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) အကူအညီဖြင့် ဆောင် ရွက်မည် ဖြစ်ကြောင်း စီမံကိန်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများထံမှ သိရသည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ (USAID-U.S President’s Emergency Plan for AIDS Relife (PEPFAR) ) ၏ ရန်ပုံငွေ အကူအညီဖြင့် ယင်းစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ဖေဖော်ဝါရီ လ ၂၅ ရက်က ပြုလုပ်သည့် စီမံကိန်း မိတ်ဆက်ပွဲတွင် အပြည်ပြည်ဆိုင်ရာ လူထုမိတ်ဆက် အဖွဲ့အစည်း (CPI)မှ ဒါရိုက်တာ ဒေါက်တာ စည်သူရ က ပြောသည်။

ဒေါက်တာ စည်သူရက “ဒီ Project(စီမံကိန်း) ဝင်လာတဲ့အတွက် အရင်တုန်းက လစ်လပ်နေတဲ့ နေရာတွေမှာ လုပ်နေ တဲ့ အလုပ်တွေ ပိုပြီးတော့ လုပ်နိုင်မယ်။ လိုအပ်နေတဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး အခြေအနေကြောင့် သော်လည်း ကောင်း၊ နည်းပညာ အားဖြင့်သော်လည်းကောင်း လိုအပ်နေတဲ့နေရာကို ဒီ Project က ဖြည့်ပေးမယ်။ အရေးကြီးတဲ့ အချက်က အကောင်အထည်ဖော်ရင်းနဲ့ သုတေသန လုပ်ငန်းတွေ လုပ်သွားနိုင်မယ်”ဟုလည်း ပြောပြသည်။

ယခု စီမံကိန်းကို USAID HIV/AIDS Flagship (UHF) ဟု ခေါ်ဆိုသည်။

UHF စီမံကိန်းမှာ မြန်မာနိုင်ငံ၌ HIV/AIDS ရောဂါကင်းဝေးရန် ဆောင်ရွက်နေသော လုပ်ငန်းများအား ထောက်ပံ့ပေး သည့် ၂ နှစ် စီမံကိန်းဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း USAID မှ သိရသည်။

ယင်းစီမံကိန်းကို HIV/AIDS ကူးစက်နှုန်း မြင့်မားနေသည့် ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးများတွင် အဓိက ဆောင်ရွက်မည်ဟု ဆိုသည်။

စီမံကိန်း၌ အခြားအဖွဲ့အစည်းများမှ ရန်ပုံငွေ ပံ့ပိုးပေးထားသည့် HIV/AIDS နှင့် သက်ဆိုင်သော ဆောင်ရွက်မှုများကို လည်း ပံ့ပိုးပေးမည်ဖြစ်ပြီး မိတ်ဖက် အဖွဲ့အစည်းများအတွင်း ကွင်းဆင်း ဆောင်ရွက်ခြင်း၊ စိတ်ကျန်းမာရေး နှစ်သိမ့် ဆွေးနွေးခြင်း၊ လိင်ပြောင်းလဲသူများ အကြောင်း သုတေသန ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်နေသော အန္တရာယ် လျှော့ချရေး ဝန်ဆောင်မှုများနှင့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းနေသူများကြား မက်သဒုံး (မူးယစ်ဆေး ဖြတ်ရာတွင် အသုံးပြုဆေး) အစားထိုးကုသမှု အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည်တို့ကို ယင်းဆွေးနွေးပွဲ ထည့်သွင်း ဆွေးနွေးသွားသည်။

အဆိုပါစီမံကိန်းကို UNAIDS က ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း HIV/AIDS ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ခြင်း၊ ကုသခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် အပြည် ပြည်ဆိုင်ရာ လူထု မိတ်ဆက် အဖွဲ့အစည်း (CPI) ၊ Asian Harm Reduction Network(AHRN), Medical Action Myanmar, Medecines du Monde(MDM) , မေတ္တာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် PSI တို့က အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါက်တာ စည်သူရက ဆိုသည်။

UHF စီမံကိန်းသည် မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်မည် ဖြစ်ပြီး ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ မြှင့်တင်နိုင်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးကလည်း ပြောသည်။

ဒေါက်တာ မြင့်ထွေးက “ဒီစီမံချက်က ကျနော်တို့ နိုင်ငံမှာ HIV/AIDS ဖြစ်ပွားနှုန်းကို သေချာပေါက် လျှော့ချပေးလိမ့် မယ်လို့ ယုံကြည်တယ်။ ကျနော်တို့ နိုင်ငံမှာ HIV/AIDs ဖြစ်ပွားမှုကို လျှော့ချဖို့ဆိုတာ ပြည်သူလူထုပေါ်မှာပဲ မူတည် ပါတယ်။ လူတွေပေါ်မှာ မူတည်တယ်လို့ ပြောရခြင်း အကြောင်းရင်းက ဘယ်ကျန်းမာရေး စီမံကိန်းမဆို အောင်မြင်ဖို့ ဆိုတာ ပြည်သူလူထုရဲ့ ကျန်းမာရေး အသိပညာပေါ်မှာပဲ မူတည်ပါတယ်။ ပြည်သူလူထုမှာသာ ကျန်းမာရေး အသိ ပညာသာ မရှိဘူး ဆိုရင် တီဘီ၊ HIV/AIDS စတဲ့ ဘယ်ရောဂါနဲ့ ပတ်သက်တဲ့ စီမံချက်ပဲ ဖြစ်ဖြစ် အောင်မြင်မှာ မဟုတ် ပါဘူး”ဟုလည်း ပြောဆိုသည်။

အဆိုပါ စီမံကိန်းသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက် ပေးသူများနှင့် အတူ HIV ပိုးရှိသူများ၊ HIV ကူးစက်နိုင်ခြေ မြင့်မားသော ဦးတည် အုပ်စုဝင်များဖြစ်သည့် မူးယစ်ဆေးဝါး အကြော ဆေးထိုးသွင်း သူများ၊ အမျိုးသမီး လိင်လုပ်သားများ၊ လိင်တူ ဆက်ဆံသူများအတွက် HIV ပိုးစစ်ဆေး ပေးခြင်း၊ HIV ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ HIV/AIDS ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာ ထွန်းညွန့်ဝင်း ကလည်း “ပြည်နယ်နဲ့တိုင်း တခုနဲ့တခုမှာ HIV ဖြစ်ပွားတာ မတူပါဘူး။ ကချင်ပြည်နယ်ဆိုရင် မူးယစ်ဆေးဝါး အကြော ထဲ ထိုးသွင်းသူတွေကြားမှာ ကူးစက်မှု များနေတယ်။ ရန်ကုန်တိုင်းလို နေရာမျိုးမှာဆိုရင် လိင်တူ ဆက်ဆံသူတွေနဲ့ လိင် လုပ်သားတွေမှာ ကူးစက်မှုများတယ်။ အဲဒီလူတွေမှာ HIV/AIDS ကာကွယ်ကုသရေး လုပ်ငန်းတွေကို အမေရိကန် အစိုးရရဲ့ ရန်ပုံငွေအကူအညီနဲ့ ကျနော်တို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေပြည့်မီအောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အမျိုးသား မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲထားပါတယ်။ ၂၀၁၆-၂၀၂၂ ငါးနှစ်တာ အတွင်း အောင်မြင် အောင် ဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ ရှိပါတယ်”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံသည် HIV/AIDS ဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားပြီး ၂၀၂၀ ပြည့်နှစ်တွင် ကုသမှု ဆိုင်ရာ ဦးတည်ချက် ၅ ခုထဲမှ ရာခိုင်နှုန်းပြည့် နီးပါး ပြည့်မီရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း အမျိုးသား မဟာဗျူဟာစီမံကိန်းတွင် HIV ပိုးရှိသူ အများစုမှာ ၎င်းတို့၏ ရောဂါ အခြေအနေကို သိနေခြင်း၊ HIV ပိုးရှိသူများ၏ အများစုမှာ ဆေးကုသမှု ရရှိခြင်း၊ ကုသမှုခံယူနေသူ ရာခိုင်နှုန်း အများစုမှာ HIV ပိုးကောင်ရေ ထိန်းချုပ် နိုင်ခြင်း၊ မူးယစ်ဆေး အကြောတွင်း ထိုးသွင်းသူများ အမျိုးသမီး လိင်လုပ်သားများ၊ လိင်တူ ဆက်ဆံသူများ အကျဉ်း ကျ နေသူများ၊ ရွှေ့ပြောင်းလုပ်သား အများစုမှာ HIV ကာကွယ်ခြင်း ဝန်ဆောင်မှုများ လက်လှမ်းမီခြင်း နှင့် HIV ပိုး ရှိသူ များနှင့် ကူးစက်နိုင်ခြေ မြင့်မားသူ အများစုမှာ ကျန်းမာရေး၊ ပညာရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှု မခံရစေရန်တို့ ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၆ ခုနှစ် စာရင်းများတွင် မြန်မာနိုင်ငံ၌ HIV ကူးစက်မှုနှုန်းမှာ မူးယစ်ဆေးဝါး အကြောထဲ သွင်းသူများတွင် ၂၈ ဒသမ ၅ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်း၊ လိင်တူ ဆက်ဆံသူများတွင် ၁၁ ဒသမ ၆ ရာခိုင်နှုန်းခန့် ရှိနေပြီး ၂၀၁၆ ခုနှစ်အတွင်း HIV ရောဂါ ထပ်မံကူးစက်ခံရသူ ၁၁၀၀၀ ခန့်ရှိကာ လက်ရှိအချိန်အထိ HIV ကူးစက်ခံရသူ အနည်းဆုံး ဦးရေ ၂ သိန်းမှ ၂ သိန်း ၆ သောင်း ဝန်းကျင် ကြားတွင် ရှိနေကြောင်း ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading