သတင်း

ထိုင်းတွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် မြန်မာနိုင်ငံသား ရုပ်အလောင်းတွေ့

ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင် မဟာချိုင်ဒေသရှိ ထန်ကျင်မြစ်ဘေး၌ နဖူးတွင် သေနတ်နှင့် ပစ်ခံထားရပြီး ကျောက်တုံးတွင် ကြိုးဖြင့် ချည်ထားသည့် ရုပ်အလောင်း တလောင်း ယခုလ ဒုတိယပတ်တွင် တွေ့ရှိခဲ့ကြောင်း မြန်မာရွှေ့ပြောင်း အလုပ် သမား များ ကူညီစောင့် ရှောက်ရေး အဖွဲ့ (AAC) က ပြောသည်။

သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ် မွန်တိုင်းရင်းသား ကျော်မင်းဦး (ခ) မင်းခိုင်ဦး ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ ည က ထိုင်းသူဌေး အိမ်ခြံဝန်း တခုအတွင်း သူငယ်ချင်း တဦးနှင့် အတူ ဘိန်းစာရွက် သွားခိုးခူးရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ထန်ကျင် မြစ်ကမ်းတွင် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

AAC တာဝန်ခံ ဦးရဲမင်း က “ဘိန်းစာရွက် သွားခိုးခူးတာပေါ့။ ခူးတာကို မိပြီး ရှင်းပြစ်ခံလိုက်ရတာ။ နဖူးကို သေနတ်နဲ့ ပစ် လက်ပြန်ကြိုး တုပ်ပြီး ကျောက်တုံးကို ကြိုးချည်ပြီးတော့ အလောင်းမပေါ်အောင် မြစ်ထဲ ပစ်ချထားတာပေါ့။ ၆ ရက်လောက် ကြာတော့ အလောင်းက ပုပ်ပွပြီးပေါ်လာတာ” ဟု ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားသည့် ညက အဆိုပါ ထိုင်းသူဌေးခြံသို့ သွားရောက်၍ ဘိန်းစာရွက် ခိုးခူးရာမှ ခြံက အလုပ်သမားများ သိရှိ သွားပြီး လိုက်ဖမ်းရာ ကိုကျော်မင်းဦး ဖမ်းမိသွားခဲ့ခြင်း ဖြစ်ကြောင်း လွတ်မြောက်လာသူ ကိုကျော်မင်းဦး သူငယ်ချင်းက ပြောသည်ဟု သေဆုံးသူ မိသားစုနှင့် နီးစပ်သူ တဦးက ပြောပြသည်။

၎င်းက “ဘိန်းစာရွက် ဝင်ခူးနေတာ သိသွားလို့ အဲဒီခြံက လူ ၄ ယောက်က သူတို့ ၂ ယောက်ကို လိုက်ဖမ်းတယ်။ သူတို့ ထွက်ပြေးရင်းနဲ့ ကျော်မင်းဦးကတော့ ရေချောင်းထဲကို ချော်လဲ ကျသွားတယ်။ အဲဒီမှာ သူ့ကိုမိသွားတာ။ သူ့ကို မိတော့ လွတ်တဲ့ တယောက်ကို လိုက်မဖမ်းတော့ဘူး” ဟုလည်း ပြောသည်။

နောက်တနေ့တွင် ကိုကျော်မင်းဦး ပြန်မလာသဖြင့် လွတ်မြောက်လာသူက ဖြစ်စဉ်အား ကိုကျော်မင်းဦး၏ မိခင်ထံ ရှင်းပြ၍ ထိုင်းသူဌေး၏ အိမ်သို့ သွားရောက်ကာ ခိုးခူးခဲ့သော ဘိန်းစာရွက်ဖိုးပေး၍ သားဖြစ်သူအား လွှတ်ပေးရန် တောင်းဆိုခဲ့ ကြောင်း သို့သော်လည်း ထိုင်းသူဌေးက ဖြစ်စဉ်ကို မသိကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

ထိုနောက် နယ်မြေခံ ရဲတပ်ဖွဲ့ကို ခေါ်၍ ထပ်မံသွားရောက် မေးမြန်းရာတွင် ထိုင်းသူဌေးက အဆိုပါညက ခြံထဲဝင်လာ၍ မောင်းထုတ် လိုက်သဖြင့် ထွက်ပြေးသွားကြောင်းသာ ဖြေကြားခဲ့သည်ဟု သိရသည်။

သို့သော် ၆ ရက် အကြာတွင် သေနတ်ဒဏ်ရာနှင့် ကိုကျော်မင်းဦး၏ ရုပ်အလောင်းသည် ထန်ကျင်မြစ်ကမ်းစပ်တွင် ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။

“သူဌေးကတော့ သူတို့သတ်တာလို့ မပြောဘူး။ သူတို့ခြံထဲက ပျောက်သွားတဲ့ အတွက်ဆိုပြီးတော့ ဘတ် ၂ သိန်းတော့ ပေး နေတယ်။ ဒါပေမယ့် သေဆုံးသူရဲ့ မိဘက မယူဘူး။ ဥပဒေ အတိုင်းပဲ တရားစွဲမယ်ပေါ့။ ကျနော်တို့ကလည်း ဥပဒေ အတိုင်း ဖြစ်အောင် လိုက်လုပ်ပေးမယ်” ဟု ဦးရဲမင်း ကပြောသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းလည်း ဦးရဲမင်းက ပြောဆိုသည်။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးဆန်းမောင်ဦး ကတော့ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ၎င်းတို့ မသိရသေးသကဲ့သို့ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးရန် သံရုံးသို့ အကြောင်းကြားလာမှု မရှိသေးကြောင်း ဧရာဝတီ သို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ ယခုကဲ့သို့ သတ်ဖြတ်ခံရမှုများ မကြာခဏ ကြုံတွေ့ ခဲ့ရသော်လည်း တရားဥပဒေအရ မျှတသည့် ဆုံးဖြတ်မှုများ ရရှိရန် ခက်ခဲကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူ များ က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ကလည်း လပ်ဘူရီမြို့နယ် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးတဦး၏ နေအိမ်တွင် အိမ်အကူ အလုပ်နေသည့် အသက် ၁၇ နှစ်အရွယ် ကရင် တိုင်းရင်းသူ မညိုညိုအေး သည် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ နှင့် သေဆုံးခဲ့ပြီး ထိုအမှုတွင် အိမ်ရှင် သူဌေး၏ လက်ချက်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် မိသားစုဝင်များက သံသယ ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသတ်ဖြတ်ခြင်းသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့သည်။

ဆက်စပ် ဖတ်ရှုရန် – ထိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးမည် 

မြန်မာအိမ်အကူ သေနတ်ဒဏ်ရာနှင့် သေဆုံးမှု ထိုင်းရဲ တင်ပြချက်အပေါ် သံသယဖြစ် 

Loading