သတင်း

မိုးကောင်းတွင် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်းရှိ တောအုပ် တခုထဲ၌ အသက်၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံရသည်ဟု သတင်း ရရှိသည်။
ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက မိုးကောင်းမြို့နယ်ရှိ အောင်မင်္ဂလာ ကျေးရွာအနီး တောအုပ် တခုတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် မိန်းကလေးငယ်သည် ၎င်း၏ မောင်တော်စပ်သူနှင့် အောင်မင်္ဂလာကျေးရွာ အနီးရှိ တောအုပ်ထဲတွင် ထင်းကောက်သွားရာ ရေဆာသဖြင့် ရွာအနီးရှိ လယ်တဲသို့ ရေပြန်သောက်ရန် သွားရာလမ်းတွင် ပျောက်ဆုံးသွားပြီး အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု မိုးကောင်းမြို့ လောကတ္ထစရိယ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးကျော်လွင်စိုးက ပြောသည်။

ဦးကျော်လွင်စိုးက “ ထင်းကောက်ရင်း အစ်မလုပ်သူက ရေဆာတယ် ဆိုပြီး လယ်တဲကို ပြန်တာ။ အဲဒီမှာပဲ Rape (မုဒိမ်း) လုပ်ခံရတာ။ သူ့မောင်လေးက သူ့အစ်မကြာတယ် ပြန်မလာဘူးဆိုပြီး လိုက်ရှာတာ မတွေ့ဘူး။ လုပ်တဲ့ သူက လည်း တောထဲကို ဆွဲခေါ်ပြီးလုပ်တာ။ ၁၁ နာရီလောက်မှ သူ့မောင်လေးက တွေ့တာ။ တွေ့တော့ အလောင်းက တောင့်နေပြီ” ဟု ပြောပြသည်။

အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသည့် မိန်းကလေးငယ်သည် စတုတ္ထတန်း တက်နေသည့် ကျောင်းသူလည်း ဖြစ် သည်ဟု ဆိုသည်။

အောင်မင်္ဂလာ ကျေးရွာသည် မိုးကောင်းမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိပြီး မိန်းကလေးငယ် အသတ်ခံရသည့် နေရာသည် အောင်မင်္ဂလာကျေးရွာ အနောက်ဘက် တောအုပ်ထဲတွင် ဖြစ်ကြောင်း သိရသည်။

မိန်းကလေးငယ် ၏ ရုပ်အလောင်းကို မိုးကောင်းမြို့ ဆေးရုံသို့ ပို့ပြီး ဆေးစစ်ချက်များ ယူရာ ထိုးသွင်းဒဏ်ရာများ ၁၀ ချက် ခန့် တွေ့ရှိပြီး လည်ပင်းတွင်လည်း ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာနှင့် မုဒိမ်းမှု ကျူးလွန်ခံထားရကြောင်း တို့ကို လည်း သိရသည်ဟု ဦးကျော်လွင်စိုး က ပြောဆိုသည်။

အသတ်ခံရသူ မိန်းကလေးငယ်၏ ခန္ဓာကိုယ်တွင် ဝမ်းဗိုက်၊ ရင်ညွှန့်၊ ကျောပြင်၊ ခါး၊ လက်နှင့် ခြေထောက်များတွင် ထိုးသွင်း ဒဏ်ရာများ တွေ့ရပြီး လည်ပင်းတွင်လည်း တခုခုဖြင့် ခုတ်ထစ်ထားသဖြင့် ပြတ်ရှ နေသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု မိုးကောင်းမြို့မှ ရဲတပ်ဖွဲ့ဝင် တဦးကလည်း ပြောသည်။

မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက “ဒီကိစ္စက အမှုဖွင့်ထားတယ်။ အမှုဖွင့်တာက ပုဒ်မ ၃၇၆/၃၀၂ မုဒိမ်းမှု၊ လူသတ်မှုနဲ့ မိသားစုက အမှုလာဖွင့် ထားပါတယ်။ တရားခံကတော့ စုံစမ်းနေတုန်းပါ။ မမိသေးပါဘူး” ဟု ပြောပြ သည်။

ဆေးစစ်ပြီး အလောင်းကို နေအိမ်တွင် အသုဘအခမ်းအနား ကျင်းပရန် ပြန်လည် သယ်ဆောင်ခဲ့ပြီး ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ၁ ကြိမ် ထပ်မံ၍ အလောင်းကို ဆေးစစ်ကာ အသားစ ယူခြင်းများကိုလည်း မှုခင်း ဆရာဝန်များက ဆောင်ရွက် ထားသည်ဟု ဦးကျော်လွင်စိုးက ပြောသည်။

ဦးကျော်လွင်စိုးက “ မြင်မြင်ချင်းတုန်းကဆို ကိုယ့်သားသမီးနဲ့ ယှဉ်ပြီး တွေးမိပြီး လုပ်ရပ်က မိုက်ရိုင်းလို့ ဒေါသလည်း ဖြစ်တယ်။ မျက်ရည်လည်းကျတယ်။ စိတ်မကောင်းဘူး။ ဒီလိုကောင်ကို သေဒဏ်ကို ပေးစေချင်တယ်။ တရားခံကို မြန်မြန် မိစေချင်တယ်”ဟုလည်း ပြောဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက် ၁၆ နှစ်အောက် သက်ငယ် မုဒိမ်းမှုများ ဖော်ပြ ချက်တွင် ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်တွင် ၂၂၆ မှု တိုးမြင့် လာသည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ်က တနိုင်ငံလုံး တွင် သက်ငယ်မုဒိမ်းမှု ၆၇၁ မှုရှိပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၇ မှု ရှိခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်က သက်ငယ်မုဒိမ်းမှု ၁၄မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၂၁ မှု ရှိသည်ဟု သိရသည်။

သက်ငယ်မုဒိမ်းမှု အပြင် အသက် ၁၆ နှစ်အထက် အမျိုးသမီးများကို မုဒိမ်းမှု ကျူးလွန်သည့် အမှုများ ကလည်း ၂၀၁၇ ခုနှစ်တွင် ၁၄၀၅ မှု ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မုဒိမ်းမှု များပြား လာခြင်းနှင့် ပတ်သက်၍ တတ်ကြွ လှုပ်ရှားကြသည့် အမျိုးသမီးများက စုပေါင်းပြီး လူသတ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန်၊ မုဒိမ်းမှုများကို ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုပြီး ဖေဖော်ဝါရီ လ ၈ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် တရားရုံးအနီးတွင် ဆန္ဒ ထုတ်ဖော်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading