သတင်း

အစိုးရ အရေးမယူ၍ သံဃာတချို့ အတင့်ရဲလာဟု ဝန်ကြီး သူရဦးအောင်ကို ပြော

Want create site? Find Free WordPress Themes and plugins.

ရဟန်းဝိနည်းနှင့် မညီဘဲ ပြောဆို လုပ်ကိုင်နေသည့် သံဃာတချို့ကို အစိုးရက အရေးမယူနိုင်ဘဲ စောင့်ကြည့်နေချိန်တွင် တချို့မှာ ပိုမို အတင့် ရဲလာကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

“အချို့သံဃာတွေ၊ အချို့ ရဟန်းတွေကလည်း အဲဒါကို အတင့်ရဲလာတာ ရှိတယ်။ မပြီးပါဘူး။ ပွဲမပြီး ဘူး။ မှတ်တမ်းတင် ထားပါတယ်။ မညီမညွှတ် အခြေအနေမျိုးကလည်း တသက်လုံးနေမှာ မဟုတ်ပါ ဘူး။ ညီညွတ်တဲ့ အခြေအနေတခုကို ရောက်ကို ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

သံဃာများကို ထိန်းသိမ်းရာတွင် ပထမ ဓမ္မစက်နှင့် ထိန်းသိမ်းရကြောင်း၊ ဓမ္မစက်နှင့် ထိန်းသိမ်း၍ မရသည့်အခါ အာဏာ စက်ဖြင့် အရေးယူဆောင်ရွက်ရကြောင်း၊ သို့မှသာ စည်းကမ်းဖောက်သည့် ရဟန်း၊ သံဃာများသည် ဥပဒေကို ကြောက် ရွံ့မည် ဖြစ်ရာ ယင်းသို့ ဆောင်ရွက်ရန် သံဃာ့အဖွဲ့ အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့ ညီညွှတ်ရန် လိုအပ်ကြောင်း ဝန်ကြီး သူရအောင်ကိုက ပြော သည်။

“မညီညွှတ်ဘဲနဲ့တော့ သံဃာ့ စည်းကမ်းထိန်းသိမ်းရေးဟာ သာမန်အသေးအဖွဲ ကိစ္စလေးတွေလောက်ပဲ အရေးယူနိုင်ပြီးတော့မှ အကြီးအကျယ် ကိစ္စတွေမှာ အရေးမယူနိုင်ဘဲနဲ့ လျစ်လျူရှု့တာမဟုတ်ဘဲနဲ့ စောင့်ကြည့် မှတ်တမ်းတင်ရုံလောက်နဲ့ပဲ အချိန်တွေက ကြာသွားလိမ့်မယ်”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူကို အရေးယူပေးရန် ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ပတုတ် ကျေးရွာရှိ ဝိမုတ္တိ သခုဝိဟာရ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ဣဿရိယက သံဃာတော်များကို တိုက်တွန်း သည့် သတင်းစာ ရှင်းလင်းပွဲကို ဦးဝီရသူအား ထောက် ခံသည့် အမျိုးဘာသာသာသနာ စောင့်ရှောက် ရေး ကိစ္စရပ်များကို ဆောင်ရွက်နေသူများ တက်ရောက်လာ၍ ပွဲပျက်သွားခဲ့ရသည်။

ပွဲကို ဦးဆောင် ကျင်းပမည့် ဆရာတော် ဦးဣဿရိယက ဆရာတော် ဦးဝီရသူသည် ဘာသာတခုနှင့် တခုအကြား အမုန်းပွားစေမည့် စကားများ၊ လှုံ့ဆော်မှုများ၊ ပြောဆိုချက်များများကို ဒေသအနှံတွင် ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်း နိုင်ငံတော် သံဃာမဟာနာယက (မဟန)မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် အရေးယူ ထားကြောင်းကို ပြည်သူများ သိစေရန် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သတင်းထောက်များကို ပြောပြသည်။

၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ပြုလုပ်သည့် ၇ ကြိမ်မြောက် ၄၉ ပါး စုံညီအစည်းအဝေး၌ ဦးဝီရသူ ကို ၂၀၁၇ ခုနှစ် မတ် လ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားဟောခြင်းကို တနှစ်တိတိ မဟောရန် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများ အရ အရေးယူသွားမည်ဟု တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့ တရားဟောခွင့် ပြောဆိုခွင့် မရှိသေးချိန်တွင် ဆရာတော် ဦးဝီရသူက ၎င်းသည် လူသတ်သမား ကြည်လင်း၏ ဆရာ ဖြစ်ကြောင်း၊ ‘မင်းတို့ ထမင်း ဝအောင် စာထား’ ဆိုပြီး လူမှုကွန်ရက်၊ You Tube များတွင် ပြောဆိုချက်များသည် သံဃာ ဝိနည်းများနှင့် မအပ်စပ်ဘဲ လူသတ်သမားဘက်မှ ခြိမ်းခြောက် ရပ်တည်မှုကို ပြသခဲ့ကြောင်း ဆရာတော် ဦးဣဿရိယ က ပြောသည်။

ဆရာတော် ဦးဣဿရိယက “အရေးယူထားတာ ရက်မပြည့်သေးဘူး ကျန်သေးတယ်။ ပူးပေါင်းပါဝင် မှု မရှိရင် ပြည်ထဲ ရေးအလုပ် ဖြစ်သွားမယ်။ ဦးပါမောက္ခကျတော့ ဖမ်းပြီးတော့ ဦးဝီရသူကျတော့ မဖမ်းဘူးဆိုတော့ ပြည်သူက သိချင်သလို ဦးဇင်းတို့ သံဃာတွေကလည်း သိချင်နေကြတယ်။ တယောက်ကျတာ့ ဥပဒေကို ချိုးဖောက်ခွင့် မရှိဘူး။ တပါးကတော့ ရှိတယ်ဟေ့ဆိုရင် ဦးဇင်းတို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး”ဟုလည်း ပြောသည်။

အမျိုးသားရေး တက်ကြွသူ စာရေးဆရာ မောင်သွေးချွန်က ယင်းပွဲသို့ လာရောက်သည့် သံဃာတော် များမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)မှ မဟုတ်ဘဲ မျိုးချစ် ရဟန်းတော် များ သမဂ္ဂမှ ဖြစ်ပြီး သီးခြားရပ်တည် လှုပ်ရှားသူများ ဖြစ်ကြောင်း၊ သို့သော် မဘသ၏ ဦးဆောင်ကို မငြင်းပယ်ကြောင်း ပြောသည်။

ထို့ပြင် သံဃာ ဖွဲ့စည်းပုံ စည်းမျဉ်းအရ ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းရသည့် သံဃာ တော်များကို ၅ ပါး သီလသာ စောင့်ထိန်းရသည့် လူများက အရေးယူ၍ မရကြောင်း၊ တန်ဖိုးချင်း မတူသောကြောင့် သံဃာအချင်းချင်းကို သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ကသာ အရေးယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

သံဃာတော်များကို အာဏာစက်ဖြင့် အရေးယူမည်ဟု စစ်အစိုးရခေတ်က စစ်ဗိုလ်၊ စစ်သားများ ပြော ခဲ့ဖူးသလို သမ္မတ ဦးသိန်းစိန် ခေတ်၌လည်း အထိုက်အလျောက် ပြောခဲ့ဖူးကြောင်း၊ ယခု ဒီမိုကရေစီ အစိုးရ လုပ်နေပြီး မည်သည့် အတွက် ကြောင့် ယခင် အစိုးရ များကို တပည့်ခံပြီး ၎င်းတို့ ပြောဆိုသည် များကို လိုက်ပြောနေရသနည်းဟု သူရဦးအောင်ကိုအား မေးချင်ကြောင်း မောင်သွေးချွန်က ပြော သည်။

“အီးယူတို့၊ အမေရိကန်တို့ OIC တို့ကလည်း မဘသကိုပဲ မျက်မုန်းကျိုးနေကြတယ်။ အဓိက သူတို့ကို စိန်ခေါ်နေတာက ကြံ့ခိုင်ရေး၊ အာဏာကို လုမှာက ကြံ့ခိုင်ရေးက လုမှာ၊ မဘသက မလုဘူး။ အဲဒါကို မသိဘဲ မဘသကိုပဲ ရန်ရှာနေတယ်။ မဘသက နိုင်ငံရေးပါတီမှ မဟုတ်တာ။ နိုင်ငံရေးနဲ့ ပတ်သက်လာ ရင် မဘသက လုံးဝ မပြစ်မှားဘူးနော်။ သူတို့ သတ္တိရှိရင် ကြံ့ခိုင်ရေးနဲ့ တပ်မတော်ကို ချရမှာ”ဟု ၎င်းက ဆိုသည်။

ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနကမူ ဝိနည်းနှင့်မညီသည့် သံဃာတော်တချို့၏ တရားမဲ့ ပြောဆိုမှု၊ တိုက်တွန်းမှု၊ နှိုးဆော်မှုများ ကို ရဟန်း၊ သာမဏေများကို ကွပ်ကဲ အုပ်ချုပ်သည့် အခြေခံ သံဃာ့အဖွဲ့ အစည်းများသို့ စာဖြင့် လျှောက် တင်ပြီး အဓမ္မဝါဒ ဖြစ်နေ ကြောင်း၊ ထို့ကြောင့် သွန်သင် ဆုံးမပေးရန် စာဖြင့် လျှောက်ထားသလို မှတ်တမ်းလည်း ရယူထား ကြောင်း သိရသည်။

“ဒါတွေက မှတ်တမ်း ရှိနေပါတယ်။ ဒါဟာ တသက်လုံးမနေပါဘူး။ ဒီအတွက်ကိုလည်း ပြည်သူလူထုရဲ့ တောင်းဆိုသံက ပိုပို ညံလာပါ တယ်။ သို့သော် ခုနက ပြောသလိုပေါ့။ နောက်ကွယ်က ကိစ္စကိုလည်း လျော့တွက်လို့ မရပါဘူး။ နောက် ကွယ်က ကိစ္စက ဒီထက်ပို ကြီးကျယ်သွားနိုင်ပါတယ်။ အမျိုးသား ရေး ကိစ္စကြီး ဖြစ်လာနိုင်ပါတယ်”ဟု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။

၇ ကြိမ်မြောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကြီးက အရေးအကြီးဆုံး အချက် ဖြစ်သည့် ဝိနည်းနှင့် မညီသည့် ရဟန်းသာမဏေများကို တည်ဆဲ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့၏ ဝိနိဇယဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဟု ဆုံးဖြတ် ခဲ့ကြောင်း၊ ထိုသို့ ယခင်ကထက် ပိုပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သာလျှင် သာသနာတော်ကြီး သန့် သန့်ရှင်းရှင်းနှင့် တည်တံ့မည်ဟု ၎င်းက ပြောသည်။

“တစ်ဖက်ကလည်း စိန်ခေါ်မှုတွေက ကြုံတွေ့လာနိုင်ပါတယ်။ သတိထားကြည့်ရင် စိုးရိမ်ဖွယ် အင်မ တန်ကောင်းတဲ့ အခြေအနေတွေ မကြာခင် ကြုံတွေလာနိုင်ပါတယ်။ အဲ့ဒါကတော့ သာသနာတော်ကြီး ကိုပါ တိုက်ခိုက်လာနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့လည်း ဆက်နွယ်နေပါ တယ်”ဟု သူရ ဦးအောင်ကိုက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading