လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် ထိပ်တန်း ရာထူးများတွင် ခန့်ထားရန်နှင့် လာမည့်လတွင် ကျင်းပမည့် ပါတီညီလာခံအတွက် ဖွဲ့စည်းပုံ အပြောင်းအလဲများကို စီစဉ်ရန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ဗဟို ကော်မတီ အစည်းအဝေး ကျင်းပနေသည်။
ထိပ်တန်း မူဝါဒ ချမှတ်သူ ၂၀၀ ခန့်ပါဝင်သော ဗဟိုကော်မတီ၏ အစည်းအဝေးသည် ၎င်း၏ ဆုံးဖြတ်ချက်များကို ဖော်ပြသော ကြေညာချက် တစောင်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်မည် ဟု မျှော်လင့်ရသည်။
အဓိက ဆွေးနွေးမည့် အချက်များတွင် လွန်ခဲ့သော အောက်တိုဘာလက နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီမှ နုတ်ထွက် သွားသော သမ္မတ ရှီကျင့်ဖျင်၏ လူယုံ ဝမ်ချီစန်း (Wang Qishan) ကို ဒုတိယ သမ္မတ ကဲ့သို့သော အစိုးရ ထိပ်တန်း ရာထူးတွင် ခန့်အပ်ပြီး သူသည် ဗဟိုဘဏ် အကြီးအကဲ ကျောက်ရှောင်ချွမ် (Zhou Xiaochuan) ကို ဆက်ခံမည် ဟု မျှော်လင့်ရသည်။
အဓိက သံတမန်ရေး ရာထူးများ ဖြစ်သော နိုင်ငံတော်ကောင်စီဝင် ယန်ကျဲချိ (Yang Jiechi) နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့၏ အနာဂါတ်များကိုလည်း စဉ်းစားကောင်း စဉ်းစားနိုင်သည်။
ပါတီ၏ အဖွဲ့အစည်းပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် ပတ်သက်ပြီး အဓိက ကျသော အချက်တခုမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ကြီးကြပ်ရန် အမျိုးသား ကြီးကြပ်ရေး ကော်မရှင် ဖွဲ့စည်းမည် ဟု မျှော်လင့်ရခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်လဲရေး မူကြမ်းတွင် ထိုကော်မရှင် တရားဝင် အဆင့်အတန်း နှင့် ပတ်သက်သော ပြဋ္ဌာန်းချက်တခု ပါဝင်သည်။
ထိုပြင်ဆင်ချက်များတွင် တရုတ် သမ္မတ၏ ရာထူးသက်တမ်းကို ၅ နှစ် ၂ ကြိမ်သာ ကန့်သတ်ထားသော စကားလုံးများကို ပယ်ဖျက်ခြင်းလည်း ပါဝင်ပြီး ထိုဥပဒေမူကြမ်းကို မတ်လတွင် ကျင်းပမည့် ပါတီညီလာခံတွင် အတည်ပြုမည် ဟုလည်း မျှော်လင့်ရသည်။
ဗဟိုကော်မတီဝင်များနှင့် ဗဟိုကော်မတီ ဖြစ်ရန် အလားအလာ ရှိသူများ၏ အစည်းအဝေးသည် အရေးပါသော မူဝါဒ ချမှတ်သည့် အစည်းအဝေးတခု ဖြစ်သည်။ တတိယအကြိမ် ဗဟိုကော်မတီ စုံညီ အစည်းအဝေကို မူလ ဆောင်းရာသီတွင် စီစဉ်ထားခဲ့သော်လည်း စောစီးစွာ ကျင်းပရန် ရှားရှားပါးပါး ဆုံးဖြတ်ခဲ့သည်။
ပါတီ၏ ထိပ်တန်းခေါင်းဆောင်များသည် ဒုတိယအကြိမ် စုံညီ အစည်းအဝေးကိုလည်း ဇန်နဝါရီလက ကျင်းပခဲ့ပြီး ထို အစည်းအဝေးသည် စီစဉ်ထားသည်ထက် တလ စောကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ အာရုံစိုက်ပြီး ကျန်အကြောင်းအရာများကို တတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။