သတင်း

ထိုင်းတောင်ပိုင်းတွင် အပစ်ရပ် လုံခြုံရေးဇုံ တည်ထောင်မည်

ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ်များမှ မွတ်ဆလင် လက်နက်ကိုင် ပုန်ကန်မှုတခုကို အဆုံးသတ်ရန် အဖြေမထွက်သည့် လျှို့ဝှက်ဆွေးနွေးမှုများ ၅ နှစ်ကြာ ပြတ်တောင်းပြတ်တောင်း ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်းက ကွာလာ လန်ပူမြို့၌ ပြုလုပ်ခဲ့သော နောက်ဆုံး တွေ့ဆုံမှုတွင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ကနဦး စမ်းသပ်သည့် လုံခြုံရေးဇုန်တခု ဖန်တီးရန် ထိုင်းတပ်မတော်နှင့် မွတ်ဆလင်လက်နက်ကိုင်များကြားတွင် မူအားဖြင့် သဘော တူညီချက်တခု ရရှိခဲ့သည်။

လက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် ထိုင်းတပ်မတော်ဘက်မှ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး Aksara Kerdpol က အကယ်၍ ထိုင်းအစိုးရက ခွင့်ပြုချက်ပေးခဲ့လျှင် ဇုန်ကို ဖန်တီးရန် ၆ လ အချိန်ယူရမည်ဟု မျှော်လင့်ထားသည်။ ထားရှိမည့် ခရိုင်ကို သတ်မှတ်ရခြင်း မရှိသေးပါ။

မွတ်ဆလင် လက်နက်ကိုင်များဘက်မှ ညှိနှိုင်းဆွေးနွေးသူများ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သော Abu Hafez Al-Hakim က ကြေညာချက်တခုတွင် အထက်ပါ အဆိုပြုချက်နှင့် ပတ်သက်၍ “ယုံကြည်မှု တည်ဆောက်ရေး လေ့ကျင့်ခန်း တခု” အဖြစ် ဖွင့်ဆိုခဲ့သည်။

အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ တောင်ပိုင်းနေ ဒေသခံ မလေးလူမျိုး မွတ်ဆလင်များကြားတွင် သံသယများ ရှိနေသည်။ မလေးလူမျိုး မွတ်ဆလင်များသည် ဗုဒ္ဓဘာသာဝင် အများစု ဖြစ်သည့် ထိုင်းနိုင်ငံတွင် လူဦးရေအများဆုံး လူနည်းစု အသိုင်း အဝိုင်း ဖြစ်သည်။ ဒေသတွင်း မတည်ငြိမ်မှုများ ပြန်လည်စတင်ခဲ့သည့် ၂၀၀၄ ခုနှစ်မှ စ၍ လူ ၇၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ၁၂၅၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ပဋိပက္ခ ဖြစ်ပွားနေရသည့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ မွတ်ဆလင် ပြည်နယ် ၃ ခုထဲမှ တခု ဖြစ်သည့် ပတ်တာနီ ပြည်နယ်မှ ဒေသခံများက ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ရန် မလေးရှားဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ထားသော မလေးရှားနိုင်ငံ၏ ထောက်လှမ်းရေး အကြီးအကဲဟောင်း Ahmad Zamzamin Hashim အပေါ် ယုံကြည်မှု နည်းပါးနေကြသည်။ ယခင် ထိုင်းအစိုးရဟောင်းနှင့် မွတ်ဆလင် လက်နက်ကိုင်များကြားတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့က သဘောတူညီချက်တခု ရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင် သူ့ကို ခန့်အပ်ခဲ့သည်။

“သူက ထောက်လှမ်းရေး လုပ်ငန်းမှာ တော်ချင်တော်ပေမယ့် ငြိမ်းချမ်းရေးမှာတော့ မတော်ဘူး” ဟု အမည် မဖော်လိုသူ ဒေသခံ အသိုင်းအဝိုင်း ခေါင်းဆောင် တဦးက ပြောသည်။ Ahmad Zamzamin Hashim အပေါ် စိုးရိမ်မှုများ ဖြစ်ရခြင်းမှာ အခြေခံအကြောင်းများ ဖြစ်သည့် ခွဲခြားမှုနှင့် မတရားမှုများ အတွက် သင့်တော်သော ဆောင်ရွက်မှုများ မပါဝင်ဘဲ ပဋိပက္ခကို ဖြေရှင်းရန် အားထုတ်မှုများကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံကို မလေးမွတ်ဆလင်များက ဆန့်ကျင်ခြင်းသည် တချိန်က စူလတန် အုပ်ချုပ်သည့် ပြည်နယ်များကို ၁၉၀၂ ခုနှစ်တွင် Siam (ထိုင်းနိုင်ငံကို ယခင်က သိကြသည့် နာမည်) က တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက်ပိုင်းကထဲက ရှိခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်းတွင် အကြီးဆုံးနှင့် အကောင်းဆုံး လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် Barisan Revolusi Nasional (BRN) ၏ ခေါင်းဆောင်များကို ဆွေးနွေးပွဲများ၌ ပါဝင်ရန် Ahmad Zamzamin Hashim က ဖိအားပေးခဲ့သည့် အချိန်တွင် မလေးရှား နိုင်ငံ အပေါ် ဆန့်ကျင်မှုများ တိုးလာခဲ့သည်။ BRN ခေါင်းဆောင်များမှာ မလေးရှားနိုင်ငံ၏ အရှေ့မြောက်ဖက် အစွန်းဆုံး ပြည်နယ်ဖြစ်သော Kelantan တွင် နှစ်ပေါင်းများစွာ ခိုလှုံခွင့် ရရှိထားခဲ့သည်။ BRN က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လက်နက်ကိုင် အဖွဲ့ငယ်များနှင့် သက်ဆိုင်သည့် MARA-Patani ကိုယ်စားလှယ်များနှင့် ကင်းကင်းရှင်းရှင်းရှိအောင် နေခဲ့ သည်။

ဆွေးနွေးပွဲများနှင့် နီးစပ်သည့် ထိုင်းတပ်မတော် သတင်းရင်းမြစ်တခု၏ အဆိုအရ ထိုင်းဗိုလ်ချုပ်ကြီး Aksara Kerdpol က BRN နှင့် ဆွေးနွေးမှုပြုလုပ်သင့်သည် ဆိုသော အမြင်တခု ရှိနေသည်။ တိုက်ခိုက်မှုများ ပြုလုပ်နေသည့် BRN ၏ ကလပ်စည်းများကို MARA-Patani က ထိန်းချုပ်ခြင်း မဟုတ်ကြောင်း ပြောကြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အောင်မြင်မှု အကန့်အသတ်ဖြင့် ရရှိခြင်းက လာမည့်လများ အတွင်းတွင် ရွေးကောက်ပွဲယှဉ် ပြိုင်ရန် ရှိနေသော မလေးရှား ဝန်ကြီးချုပ် Najib Razak အတွက် အနည်းငယ် သက်သာစရာ ရလိမ့်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌) မလေးရှားနိုင်ငံ၏ အခန်းကဏ္ဍကို ကျေညာခဲ့စဉ်က ထိုနှစ် မေလအတွင်းတွင် ကျင်း ပရန်ရှိနေသည့် ရွေးကောက်ပွဲ မတိုင်မီ အချိန်တွင် Kelantan ပြည်နယ်အတွင်းမှ မဲဆန္ဒရှင်တို့၏ မဲများကို ရရှိနိုင်ရန် ရည် ရွယ်ချက်နှင့် ဖြစ်သည်။ Kelantan ပြည်နယ်တွင် ဆွေမျိုးများရှိသည့် ထိုင်းနိုင်ငံအတွင်းမှ မလေးမွတ်ဆလင်များ၏ အဆို အရ ယခုအချိန်တွင် ထိုကဲ့သို့ တကြိမ်ထပ်ဖြစ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ကွာလာလမ်ပူမှ နိုင်ငံရေး လေ့လာစောင့် ကြည့်သူ အချို့ကလည်း သဘောတူသည်။

BRN ခေါင်းဆောင်များက အနာဂတ် ဆွေးနွေးပွဲများတွင် မလေးရှားနိုင်ငံအစား အင်ဒိုနီးရှား နိုင်ငံကို ကြားဝင်စေ့စပ်သူ အဖြစ် ကြိုဆိုကြဖွယ်ရာရှိသည်။ “အင်ဒိုနီးရှား နိုင်ငံက မလေးရှားနိုင်ငံထက်ပိုပြီးတော့ ကြားနေတဲ့ အဖွဲ့အစည်းတခုလို့ မြင်ပါတယ်” ဟု အမည်မဖော်လိုသူ BRN ထောက်ခံသူ တဦးက ပြောသည်။

သို့သော်လည်း ယခုအချိန်တွင်မူ အဆိုပြုထားသော လုံခြုံရေး ဇုန်က မလေးရှားနိုင်ငံက ကြားပွဲစားလုပ်ပေးသည့် ၅ နှစ်နီးပါးကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် အနည်းငယ်သော အချက်များထဲမှ တခုဖြစ်လာသည်။ ပဋိ ပက္ခဖြေရှင်းရေး ကျွမ်းကျင်သူများကလည်း ၂၀၁၃ ခုနှစ်တွင် ဆွေးနွေးမှုများ စတင်သည့် အချိန်ကထဲက နိုင်ငံရေးတွင် မလေး မွတ်ဆလင် အသိုင်းအဝိုင်း ၏ အသံများပါဝင်ခွင့်ရှိရန် လမ်းခင်းပေးခဲ့ကြသည်။

ကိုးကား ။ ။ Nikkei Asian Review

Loading