ပြည်သူလူထုကြားပြန့်နှံ့နေသည့် ရန်ကုန်မြို့သို့ ဖြန့်ဝေနေသော ရေများတွင် မစင်ဓာတ်ပါဝင် နေသည်ဟု ပြောဆိုခဲ့ခြင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်က သုတေသနရလဒ်ကို ပြောဆိုခြင်းသာ ဖြစ်ပြီး မီဒီယာများက မှားယွင်းစွာ ကိုးကားဖော်ပြခဲ့ကြောင်း အသည်းရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။
ရန်ကုန်မြို့ Sule Square ရှိ MHC ဆေးခန်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါက်တာ ခင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ခင်မောင်ဝင်းက “ငါးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အသည်းဆရာဝန်များ စည်းဝေးပွဲမှာ အသည်းရောင် အသားဝါ အကြောင်း ရှင်းပြတာ။ A နဲ့ E က ရေက ကူးတာ။ B နဲ့ C က သွေးက ကူးတာ။ A က အစားအသောက်က ကူးတာများတာ။ E က သောက်ရေထဲကို မစင်တွေ အများကြီးဝင်တဲ့အခါမှာ ဖြစ်လေ့ရှိတယ်ဆိုတာ လွန်ခဲ့တဲ့ ၂၅ နှစ်၊ ၁၉၉၃ ခုနှစ်က ဆေးသုတေသနနဲ့ ဂျပန်နိုင်ငံ Nihon University တွဲဖက်ပြုလုပ်ထားပြီး အပြည်ပြည်ဆိုင်ရာမှာ ပုံနှိပ်ခဲ့တဲ့ စာတမ်းကို ပြောတာပါ။ ယနေ့ ရန်ကုန်မြို့မှာလို့ ပြောတာ မဟုတ်ပါဘူး”ဟု ပြောသည်။
၁၉၉၃ ခုနှစ်က ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းမြို့နယ် လေးခုနေ ပြည်သူများ သုံးစွဲသည့် ရေများကို မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Nihon University တို့ ပြုလုပ်ခဲ့သည့် သုတေသနလုပ်ခဲ့ရာ ရလဒ်တွင် Coliform ဟုခေါ်သည့် မစင်တွင် ပါဝင်သော ဘတ်တီးရီးယား အမြောက်အမြား တွေ့ရှိခဲ့ဖူးသည်ကို ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဝင်းက ဆိုသည်။
ထို့ပြင် ဒေါက်တာခင်မောင်ဝင်းက“ငါးကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အဖွဲ့အစည်းအဝေးမှာ ဆရာပြောလိုက်တဲ့အချက်အလက်တချို့ကို အဓိပ္ပါယ်ကောက် လွဲမှားပြီးတော့ တမျိုးတွေ ပြောတော့ ဆရာ့အပေါ်မှာ ဝေဖန်မှုတွေ အများကြီးရှိခဲ့တယ်။ တကယ်တော့ ပြောတဲ့အတိုင်း အမှန်တိတိကျကျ ပြောဖို့လိုတယ်။ နောက်ထပ် အင်တာဗျူးတွေမှာလည်း ကိုယ်ပြောချင်တာတွေကို ကောက်နှုတ်ရွေးချယ်ပြီး ပြောတော့ အထင်လွဲစရာတွေ ဖြစ်တာပေါ့။ ပြောလိုက်တာကို ကိုယ့်ရဲ့ ဂျာနယ်ရဲ့အောင်မြင်မှု၊ ကိုယ့်သတင်းရဲ့ ထူးခြားမှုရအောင် ဆိုပြီးတော့ နည်းနည်းလေး အဓိပ္ပါယ်ပြောင်းလိုက်ရင်ကို အဓိပ္ပါယ်က တမျိုးဖြစ်သွားတယ်။ အဲဒါကြောင့်မို့လို့ ဆရာက ဖြေရှင်းတာပါ” ဟုဆိုသည်။
ယခုကဲ့သို့ လူအများကြား ပြောဆိုနေခဲ့သည့် စည်ပင်ရေထဲ မစင်ဓာတ်များ ပါဝင်နေသည်ဟူသော သတင်းမှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်၌ ကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းအပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံညီလာခံနှင့် အာရှအသည်းရောဂါ ညီလာခံတွင် ဦးခင်မောင်ဝင်းက “ပြည်သူလူထု စိတ်ညစ်အောင် ပြောရမယ်ဆိုရင်တော့ ရန်ကုန်တမြို့လုံးက ရေပိုက်တွေ၊ လမ်းမတော်၊ လသာစသဖြင့် ရေပိုက်တွေလေ။ ဟိုးအင်္ဂလိပ်ခေတ်ကတည်းက ရေပိုက်တွေလေ။ ဂျိုးဖြူပိုက်နဲ့ ချီးပိုက်နဲ့ ယှဉ်သွားတယ်။ အဲဒီတော့ ဂျိုးဖြူရေလာတဲ့အချိန်မှာ အဲဒီရေပိုက်ထဲက ရေက ချီးပိုက်ထဲ ဝင်သွားတယ်။ ဂျိုးဖြူရေ မလာတဲ့အချိန်မှာ ချီးပိုက်ထဲက မစင်တွေက သောက်ရေပိုက်ထဲကို လာတာ။ ဒါထင်တာတွေ ပြောတာလားဆိုတော့ မဟုတ်ဘူးဗျ။ အိမ်တွေမှာ လိုက်ကြည့်ပြီးတော့ သောက်ရေတွေကို နမူနာယူပြီး Fecal coliform စစ်ကြည့်တော့ အကုန်လုံးမှာ Very High ဖြစ်နေတယ်။ ဆိုလိုတဲ့ သဘောက ရန်ကုန်မြို့ရဲ့ ရေတွေထဲမှာ မစင်တွေ ပြန့်ပွားနေတယ်”ဟု ပြောဆိုခဲ့ခြင်းကို ရန်ကုန်အခြေစိုက် Popular သတင်းဂျာနယ်က ဗီဒီယိုသတင်းတင်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရန်ကုန်အခြေစိုက် အခြားသတင်းဂျာနယ်တခုဖြစ်သော News Watch ကလည်း “ရန်ကုန်တမြို့လုံးက ထွက်ရှိတဲ့မစင်တွေ ဘယ်ရောက်သွားလဲ ဒေါက်တာခင်မောင်ဝင်း မေးခွန်းထုတ်၊ ဂျိုးဖြူပိုက်မှတဆင့် ရန်ကုန်မြို့တွင်ပေးဝေနေသော ရေများတွင် မစင်တွင်တွေ့ရှိရသော ကိုလီဖောင်းဘက်တီးရီးယား ပါဝင်နှုန်း မြင့်မားနေဟု ဆို” ခေါင်းစဉ်ဖြင့် ဦးခင်မောင်ဝင်း ပြောကြားသည်များကို ၎င်းတို့၏ ဖေ့ဘွတ်စာမျက်နှာတွင် ဗီဒီယိုဖိုင် လွှင့်တင်ခဲ့သလို အပတ်စဉ်ထုတ်ဂျာနယ်တွင်လည်း ဖော်ပြခဲ့သည်။
ဆရာဝန်ကြီး၏ တုံ့ပြန်ချက်နှင့် ပတ်သက်ပြီး News Watch ဂျာနယ်ကို သဘောထား တောင်းခံရာ အယ်ဒီတာ ကိုနှင်းမောင်ဦး က လူစိတ်ဝင်စားမှု ရှိစေရန်အတွက် သိသာထင်ရှားသော ခေါင်းစဉ်ပေးထားခြင်းဖြစ်ပြီး ဒေါက်တာခင်မောင်ဝင်း ပြောသည့်အတိုင်းသာ လွန်ခဲ့သည့် နှစ်၂၀ က အခြေအနေကို ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
“ ကျနော်တို့ ဖေ့စ်ဘုတ်မှာ ဆရာကြီးပြောတာကို ရုပ်သံတင်ထားတယ်ဗျ။ သတင်းဆိုတာကတော့ စိတ်ဝင်စားမှုရှိအောင် ခေါင်းကိုပေးတဲ့သဘောပါ။ အထဲမှာလည်း ဒါနဲ့ပတ်သက်လို့ ပြောထားတာတွေလည်း ပါပါတယ်။ သူအကြံပြုတဲ့ သဘောမျိုးကိုပဲ ရေးတာပါ။ အခုတွေ့တယ်ဆိုပြီးတော့လည်း တလုံးမှ မပါပါဘူး။ သူပြောတဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တွေ့တာကိုပဲ ရေးထားတာပါ။ အခုတွေ့တယ်လို့ လည်း မပါပါဘူး။ သူပြောတဲ့ထဲမှာ လွန်ခဲ့တဲ့ နှစ်၂၀ ကတွေ့တာဖြစ်တယ်။ ဒါပေမယ့် ပိုက်တွေဘာတွေက ပြန်ပြီးတော့ အသစ်လဲတာတို့ဘာတို့ သူလည်း မကြားမိဘူး အဲဒီလိုမျိုးတော့ ကျနော်တို့ဂျာနယ်မှာ ထည့်ပေးထားတယ်” ဟု ပြောဆိုသည်။
၎င်းနောက် ပြည်သူလူထုအကြား ပိုမိုပျံ့နှံ့လာပြီး စိုးရိမ်မှုနှင့် ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့သောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ၎င်းတို့ ဖြန့်ဝေသော ရေများတွင် ကျန်းမာရေးကို ထိခိုက်စေသော ရောဂါပိုးများ မပါဝင်ကြောင်း တုန့်ပြန်ပြောကြားမှုများ ရှိခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းရေး)မှ ဌာနမှူး ဦးအောင်ဆန်းဝင်းက ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် “ရုံးချုပ်မှာကို Lab ခန်းရှိပါတယ်။ ရေလှောင်ကန်တွေ အသီးသီးမှာလည်း ဓာတ်ခွဲခန်းတွေ ရှိပါတယ်။ အဲဒီဓာတ်ခွဲခန်းတွေကနေပြီးတော့မှ ဦးတို့က နေ့စဉ် ရေနမူနာယူပြီးတော့မှ လစဉ် ဓာတ်ခွဲစမ်းသပ်တာ ရှိပါတယ်။ ရေကူးရေတွန်းစက်မှာ ဆိုရင် တစ်ပတ်တကြိမ် ဓာတ်ခွဲ စမ်းသပ်ပါတယ်။ အဲဒီဓာတ်ခွဲ စမ်းသပ်မှုတွေရဲ့ အဖြေအရ ယခု ဖြစ်ပေါ်နေတဲ့ လူကို ကျန်းမာရေး ထိခိုက်စေတဲ့ ရောဂါပိုး ယခု အချိန် အထိ မတွေ့ရဘူးလို့ ပြောလို့ရပါတယ်။ ကျနော်တို့ပေးတဲ့ ရေတွေဟာ လူကို ကျန်းမာရေး ထိခိုက်စေတဲ့ ရောဂါပိုး မရှိဘူးလို့ ရဲရဲကြီး အာမခံပါတယ်” ပြောသည်။
အသည်းအထူးကု ဆရာဝန်ကြီး ဦးခင်မောင်ဝင်း၏ အဆို မြန်မာနိုင်ငံတွင် ရေမှ တဆင့် ကူးစက်သည့် အသည်းရောင်အသည်းဝါ E ရောဂါပိုး ကပ်ရောဂါ အသွင် ကူးစက်ပြန့်ပွားမှုများ ရှိခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် မန္တလေး၌ လူပေါင်းလေးသောင်းကျော် ကူးစက်ခံခဲ့ရသည်။ ထို့ပြင် အဆိုပါ E ရောဂါပိုး ကပ်ရောဂါ အသွင် ကူးစက်ပြန့်ပွားမှုမှာ ၁၉၈၂ ခုနှစ်တွင် မော်လမြိုင်မြို့၌ တစ်ကြိမ်၊ ရန်ကုန်မြို့၌ ၁၉၈၃ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။