သတင်း

ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော် ၌ “တောသင်္ကြန်ညဈေး” အစီအစဉ်သစ် ထည့်သွင်းမည်

Want create site? Find Free WordPress Themes and plugins.

ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော်၌ ဒေသထွက် အစားအစာများ ရောင်းချမည့် “တောသင်္ကြန်ညဈေး” အမည်ရှိ အစီအ စဉ်သစ်ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်း မြင့်က ဧရာဝတီကို ပြောသည်။

“သင်္ကြန်အချိန် လာလည်တဲ့ နိုင်ငံခြားသားတွေ အတွက် ညပိုင်းမှာ သွားစရာသိပ်မရှိဘူး။ အဲဒီတော့ Tourist Attraction (ခရီးသွားတွေ ဆွဲဆောင်တဲ့နေရာ) တခုလည်း ဖြစ်သလို ကိုယ့် မြို့သူမြို့သားတွေ အတွက်လည်း ဖျော်ဖြေ ရေးလေးတခု ဖြစ်စေချင်တဲ့အတွက် အခုလို စီစဉ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။

တောသင်္ကြန်ညဈေးကို မန္တလေးမြို့ အရှေ့ဘက်ကျုံး ၆၆လမ်း၊ ၁၉လမ်းနှင့် ၂၄ လမ်းကြားတွင် ပြုလုပ်မည်ဖြစ်ပြီး ည ၇ နာရီမှ ၁၂ နာရီအထိ ခွင့်ပြုရန် လျာထားကြောင်း ယင်းညဈေးတွင် ရိုးရာ အစားအသောက်များ လာရောက် ရောင်းချ လိုသူများ အတွက် အခမဲ့ ဖွင့်လှစ် ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။

တောသင်္ကြန် ညဈေးတွင် မန္တလေးမြို့၏ နာမည်ကြီး ဒေသထွက် အစားအစာများဖြစ်သော ထိုးမုန့်၊ လက်ဖက်၊ ထမနဲ စသည်တို့ အပါအဝင် ဘုရားပွဲဈေး တို့တွင် ရောင်းချသည့် ရိုးရာ သရေစာများကိုလည်း ရောင်းချနိုင်မည် ဖြစ်ပြီး ကျန်းမာရေး နှင့် ညီသော အစားအသောက်များ ဖြစ်ရန်အတွက် မန္တလေးတိုင်း စားသောက်ကုန် လုပ်ငန်းရှင်များ အသင်း က ကြပ်မတ် ဆောင်ရွက်သွားမည်ဟု မန္တလေး စည်ပင်မှ သိရသည်။

ဖျော်ဖြေရေး အနေဖြင့် မြို့တော်ဝန်မဏ္ဍပ်မှ သီဆိုဖျော်ဖြေမှု၊ ရုပ်သေးပြပွဲ အပြင် ပိတ်ကားထောင်၍ ရုပ်ရှင်ပြသခြင်း ကို ထည့်သွင်းထားပြီး ပြသမည့် ရုပ်ရှင်ပြစက်များကို ရှေးခေတ်က ပြသခဲ့သော စက်အဟောင်းများဖြင့် ပြသမည် ဖြစ် ရာ မန္တလေးမြို့ရှိ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး အကူအညီဖြင့် စီစဉ်ထားသည်ဟု သိရသည်။

ထို့ပြင် အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်များ စာအုပ်ဆိုင်များကိုလည်း ဖွင့်လှစ်ခွင့်ပြုမည်ဟု ဦးကျော်ဆန်းမြင့် က ဆက်လက် ပြောသည်။

ညအချိန်များ၌ မန္တလေးကျုံးဘေးတွင် ရိုက်မှု၊ လုယက်မှု မကြာခဏ မှုခင်း ဖြစ်ပွားလေ့ရှိရာ ညဈေးပြုလုပ်မည် ဆိုပါက အများပြည်သူ လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မန္တလေးမြို့ခံများ က ပြောဆိုကြ သည်။

မန္တလေးမြို့ခံ ဧည့်လမ်းညွှန် ကိုအောင်ကျော်မြင့်က “ဒီကိုလာတဲ့ နိုင်ငံခြားသား တော်တော်များများက ထိုင်းလို သင်္ကြန် မို့ သီးသန့်လာတာ ရှားတယ်လေ။ ကြုံကြိုက်လို့ ပျော်ကြတာများတယ်။ အဲဒါကြောင့် တကယ် ဆွဲဆောင်ချင် တယ် ဆိုရင်တော့ စလုပ်တဲ့နှစ်မှာ နာမည်ကောင်းရရင်တော့ ဆွဲဆောင်နိုင်စရာဖြစ်လာမှာပါ။ အဲဒီအတွက် လုံခြုံရေး ကို ကောင်းကောင်း လုပ်ပေးနိုင်ဖို့လိုသလို အရေးအကြောင်းဆို ချက်ချင်း အကူအညီပေးနိုင်တဲ့ အစီအမံ တွေရှိထားဖို့ လည်း လိုမယ်”ဟု ဧရာဝတီသို့ ပြောသည်။

တောသင်္ကြန်ညဈေး လုံခြုံရေးနှင့် ပတ်သက်၍ “တိုင်းရဲတပ်ဖွဲ့က သင်္ကြန်လုံခြုံရေး စီမံချက် ဆွဲပြီးသွားသလို အဲဒီ နေရာတွေမှာ အခုထက် ပိုကောင်းတဲ့ စီစီတီဗီတွေ တပ်ဖို့လည်း စီစဉ်နေတယ်။ သင်္ကြန်မှာ တိုင်းရဲတပ်ဖွဲ့နဲ့ စည်ပင်ရဲ ပေါင်းပြီး နေရာသုံးနေရာမှာ လုံခြုံရေး ယူပေးပါမယ်”ဟု စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကလည်း ပြောပြ သည်။

ယခုနှစ် မန္တလေးသင်္ကြန်၌ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကဲ့သို့ တောင်ဘက်ကျုံးတွင် လမ်းလျှောက် သင်္ကြန်၊ မြောက်ကျုံးနှင့် အရှေ့ဘက်ကျုံး (မြောက်ခြမ်း)တွင် ရေပက်မဏ္ဍပ်များ၊ အနောက်ဘက်ကျုံးတွင် တပိုင်တနိုင် ရေစုပ်စက်ဖြင့် မိသားစု များ လာရောက် ရေကစားနိုင်ရန် စီစဉ်မည်ဖြစ်ပြီး ညပိုင်းတွင် တောသင်္ကြန်ညဈေးနှင့် မြို့တော်ဝန် ဗဟိုမဏ္ဍပ်တို့ ရှိမည် ဖြစ်ကြောင်း စည်ပင်မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading