အမုန်းစကားပြောဆိုခြင်းများကို တားဆီးရန် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် မွတ်ဆလင်များနှင့် ပတ်သက်သည့် သွေးထိုးလှုံ့ဆော်မှုများရေးသားခဲ့သည့် အတွက် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူ၏ ဖေ့ဘွတ် Facebook စာမျက်နှာကို အပြီးတိုင် ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
“ဗုဒ္ဓဘာသာ ဘင်လာဒင်”ဟု နာမည်ကြီးခဲ့သော ဦးဝီရသူ၏ ဖေ့ဘုတ်စာမျက်နှာတွင် မွတ်ဆလင်များနှင့်ပတ်သက်ပြီး ရန်လိုမုန်းထား ပို့စ်များ ဆက်လက်တင်နေသောကြောင့် အမုန်းပွားမှု ဖြစ်စေသည့်အတွက် အကောင့်ကို ပိတ်လိုက်ကြောင်း ဖေ့ဘွတ်က ပြောကြောင်း သိရသည်။
“အခြားသူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို မြှင့်တင်ဖို့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ လူတွေကို ကျနော်တို့ အသိုင်းအဝိုင်းရဲ့ စံနှုန်းတွေက တားမြစ်ထားပါတယ်” ဟု Facebook ၏ ပြောရေးဆိုခွင့် ရှိသူက AFP သတင်းဌာနသို့ ပြောသည်။
“တကယ်လို့ လူတယောက်က အမုန်းတရားကို လှုံ့ဆော်တဲ့ အရာတွေကို ဆက်တိုက် ဝေမျှနေမယ် ဆိုရင် ကျနော်တို့ က post တင်တာကို ယာယီပိတ်ပင်ခြင်း၊ နောက်ဆုံးမှာ သူတို့ account ကို ဖျက်သိမ်းခြင်း အစရှိတဲ့ အရေးယူမှု အမျိုးမျိူး ပြုလုပ်ပါတယ်။”
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ အမျိုးသားရေး လှုပ်ရှားမှု၏ ထင်ရှားသော မျက်နှာစာတခု ဖြစ်သည့် ဦးဝီရသူက မွတ်ဆလင်များ အထူးသဖြင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်ဆလင်များကို တိုက်ခိုက်ရန် ပလက်ဖောင်းတခု အနေဖြင့် အသုံးပြုသည့် လူမှုကွန်ရက်တွင် follower သိန်းနှင့် ချီ၍ များပြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်က တိုက်ခိုက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည့် နောက်ပိုင်း သြဂုတ်လ နှောင်းပိုင်းမှ စတင်၍ ရိုဟင်ဂျာ ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် နှင့် ကုလသမဂ္ဂတို့က လူ မျိုးဖြတ်သုတ်သင်ခြင်းနှင့် အလားတူသည်ဟု ပြောကြားခဲ့သော်လည်း မြန်မာ အမျိုးသားရေး ဝါဒီ အမည်ခံများက အွန်လိုင်းမှ ချီး ကျူး ဂုဏ်ပြုခဲ့ကြသည်။
ယခုကဲ့သို့ ဦးဝီရသူ၏ စာမျက်နှာကို ပယ်ဖျက်ခဲ့ခြင်းသည် ဇန်နဝါရီလ နှောင်းပိုင်းတွင် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်က ဗီဒီယိုတခုတွင် သူ၏ account ကို ရက် ၃၀ ယာယီ ပိတ်ပင်ခဲ့သေးရာ ဦးဝီရသူက Facebook ကို မွတ်ဆလင်များက သိမ်းပိုက်ထား၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် အရပ်သား အမည်ခံအစိုးရက တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍကို တံခါးဖွင့်ခဲ့သည့် အချိန်မှ စ၍ မြန်မာ နိုင်ငံတွင် Facebook အသုံးပြုမှု အလွန်တိုးပွားလာခဲ့သည်။ တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍကို တံခါးဖွင့်ခဲ့ ခြင်းကြောင့် ဗုဒ္ဓဘာသာ အများစု ဖြစ်သည့် မြန်မာနိုင်ငံတွင် ပြည်သူများ အင်တာနက်ကို ပိုမို လွယ်ကူစွာ အသုံးပြုလာနိုင်ခဲ့သည်။
ဦးဝီရသူ ကဲ့သို့ သဘောထားတင်းမာသည့် ဘုန်းတော်ကြီးများကလည်း အဆိုပါ ပလက်ဖောင်းကို ရောက်လာခဲ့ကြပြီး သွေးထိုးလှုံ့ဆော်သည့် ရေးသားမှုများမှ တဆင့် မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းတရားများကို ဖြန့်ချီခြင်းအတွက် နာမည်ဆိုးထွက်လာခဲ့ဲကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေသော ခွဲခြားရေး ပဋိပက္ခများကို လှုံ့ဆော်ပေးခြင်းအတွက် ဦးဝီရသူ၏ အမုန်းတရားများမှာ ဝေဖန်ပြစ်တင်မှုများ ခံခဲ့ရသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်တွင် အာဏာရရှိလာပြီးနောက် နိုင်ငံတော် သံဃမဟနာယကအဖွဲ့ကလည်း ဦးဝီရသူ နှင့် ဆက်နွယ်နေသည့် မဘသအဖွဲ့ကို တရားဝင် အဖွဲ့အစည်းမဟုတ်ဟု ကြေညာခဲ့ပြီး ဦးဝီရသူကိုလည်း တရား ဟောပြောခွင့် ၁ နှစ် ပိတ်ပင်ခဲ့သည်။
သို့သော်လည်း Time မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် “Face of Buddhist Terror” ဟု တချိန်က မြင်ခဲ့ရသော ဦးဝီရသူက သြဇာ လွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သည်။
လူမှုမီဒီယာ မဟာကုမ္ပဏီကြီးတခု ဖြစ်သည့် Facebook သည် မြန်မာနိုင်ငံမှ account များ၏ အမုန်းစကားများကို ထိန်းချုပ်ရန် တောင်းဆိုမှုများနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။
ဖေ့ဘုတ်စာမျက်နှာကနေ ဦးဝီရသူ၏ အကောင့်ကို ဖယ်ပစ်ခဲ့သော်လည်း သူ့ ဗီဒီယိုများ၊ ဘာသာရေးဆိုင်ရာ အမုန်းပွါးစေသော ဟောပြောချက်များက ဖေ့ဘုတ်ပေါ်တွင် ရှိနေဆဲ ဖြစ်သည့်အပြင် သူ့နောက်လိုက်များက သူခိုင်းလျှင် သူတို့ကိုယ်ပိုင်အကောင့်များတွင် ပို့စ်တင်ပြီး ဆက်လက် ဖြန့်ဝေနိုင်သော အနေထားရှိနေသေးသည်။
သို့သော် ထိုပို့စ်များ တက်လာပါက ဖေ့ဘွတ်သို့ ရီပို့နှင့် အကြောင်းကြားပါက ဖေ့ဘွတ်၏ စည်းကမ်းချက်များနှင့်အညီ အရေးယူနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။