သတင်း

ဆုံးဖြတ်ချက်များ မလိုက်နာ၍ ငြိမ်းချမ်းရေးခရီး ရှေ့မရောက်ဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကြား သဘောတူညီမှု ရရှိထားသည့် ငြိမ်း ချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ လိုက်နာဆောင်ရွက်ခြင်း အားနည်း၍ ငြိမ်းချမ်းရေးခရီးမှာ ရှေ့ မရောက်ဘဲ တဝဲဝဲလည်လည် ဖြစ်နေရ ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယနေ့ နေပြည်တော်ရှိ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် ၇ ကြိမ် မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၆ ကြိမ်မြောက် (JICM) အစည်းအဝေးတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပတ်သက်၍ ရှမ်းပြည်နယ် လင်းခေးမြို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ ပြုလုပ်ရန် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင်ညှိနှိုင်းမှုဖြင် ဆုံးဖြတ်ပြီး ဖြစ် သော်လည်း ဆုံးဖြတ်ချက်တွင် မပါသည့် ကိစ္စများ ရှိခဲ့၍ ရှေ့မရောက် ဖြစ်ခဲ့ရကြောင်း ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

“တဖက်နဲ့တဖက်နားလည်မှု လွဲမှားပြီး အကြိုဆွေးနွေးပွဲကိစ္စတွေ၊ အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ မပါတဲ့ ကိစ္စတွေပါ ထပ်ပေါ်ပေါက်တဲ့အခါမှာ သွားရတဲ့ လုပ်ငန်းစဉ်က ရှေ့ကို မရောက်ဘဲနဲ့ ဒီမှာတင် တဝဲဝဲလည် ဖြစ်နေတာ ဖြစ်ပါတယ်။ JICM အစည်းအဝေးမှာ ဆုံးဖြတ်ပြီးသားဆိုရင် ဆုံးဖြတ်ချက် အတိုင်းပဲ ဆောင်ရွက်သွားမယ်ဆိုရင် ကိစ္စတခုပြီးနေမှာ ဖြစ်ပါတယ်”ဟု ဒုတပ်ချုပ်က ပြောသည်။

သို့မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လုပ်နိုင်မည့် အနေအထား ဖြစ်သဖြင့် ဆုံးဖြတ်ချက် ချပြီး ကိစ္စများ အတိုင်း တိတိကျကျ လိုက်နာရန်မှာလည်း အဖွဲ့အစည်းအသီးသီးတွင် တာဝန်ရှိ သည်ဟု တပ်မတော် က ပြောသည်။

RCSS/SSA၏ ဇန်နဝါရီလ ၈ရက်နေ့က ထုတ်ပြန်ကြေညာချက်တွင် ရှမ်းပြည် တောင်ပိုင်း လင်းခေး မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင် ရန် ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နေသည့် အကြိုလူထုတွေ့ဆုံပွဲများကို တပ်မတော်က တားဆီးခဲ့ သဖြင့် ယင်းနိုင်ငံရေး ဆွေးနွေးပွဲကို ယာယီ ရွေ့ဆိုင်းလိုက်ကြောင်းပါရှိသည်။

ထို့အပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်တွင် ပင်လုံမြို့လူထုတွေ့ဆုံပွဲ ကျင်းပရန် စီစဉ်နေရာ တပ်မတော်က ရန်သူ့တပ်စခန်းအား ဝင်ရောက်တိုက်ခိုက် ချေမှုန်းသိမ်းယူသည့် တိုက်ပွဲဝင် လက်နက် အပြည့်အစုံဖြင့် ဝင်ရောက်တားဆီးသဖြင့် ပြည်ထောင်စု သမိုင်းတွင် အမည်းစက်ကြီး ထာဝရ စွန်းထင်းစေခဲ့ပြီဟု ရေးသားထားသည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမတိုင်မီ သက်ဆိုင်ရာ ဒေသမှ ပြည်သူလူထုတို့၏ သဘော ထားများ၊ ကြုံတွေ့နေ ရသည်များနှင့် လိုအပ်ချက်များကို မေးမြန်းကောက်ယူရန် လွှတ်တော်ကိုယ်စား လှယ်များ၊ ရှမ်းနိုင်ငံရေးပါတီ ကိုယ်စား လှယ်များ၊ RCSS မှ ကိုယ်စား လှယ်များက မြို့နယ် ၁၄ မြို့နယ်တွင် လူထုတွေ့ဆုံပွဲများ လိုက်လံပြုလုပ်ရာ အများစုတွင် တားဆီးခံခဲ့ရပြီး ပင်လုံ၊ တာချီလိတ်၊ ကာလိ နှင့် ကျောက်မဲမြို့တို့တွင် တပ်မတော်က အင်အားဖြင့် ဝိုင်းပြီး တားမြစ်ခြင်း များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာတွေမှာ ကျင်းပခွင့် မရရင် ကျင်းပခွင့်ရတဲ့ နည်းတူ ဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ။ နောက် တချက်က UPDJC ၊ JICM က အတည်ပြုထားတဲ့ TOR ၊ SOP တွေအတိုင်း ဒီဘောင်ထဲမှာလည်း ဝင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်း တွေလည်း ကျနော်တို့ စဉ်းစားတယ်။ စဉ်းစားထားတဲ့ နည်းလမ်းတွေကိုလည်း အဆိုပြုထားတယ်”ဟု နိုင်ငံတော် အတိုင် ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် ပြောသည်။

RCSS/SSA ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ပါဝင်သည့် အစိုးရအစုအဖွဲ့က နိုင်ငံရေး တွေ့ဆုံ ပွဲ ဖြစ်မြောက်အောင် နည်းလမ်းတချို့ကို ချပြပြီး RCSS/SSA ကလည်း အစိုးရ အကြံပြုသည့် နည်း လမ်းတချို့ကို ဗဟိုကို ပြန်တင်ပြကာ အဆင် ပြေမည်ဆိုပါက ယခုပြုလုပ်နေသည့် JICM အစည်း အဝေးတွင် အတည်ပြုနိုင်ခဲ့ပါလျှင် တတိယ အကြိမ် ၂၁ ပင်လုံ ညီလာ ခံ ကျင်းပရေး လမ်းပွင့်သွား နိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက သုံးသပ်သည်။

နိုင်ငံရေးဆွေနွေးပွဲများတွင် အမြင့်ဆုံး အစည်းအဝေးဖြစ်သည့် JICM ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာ တွင် တဖက်နှင့် တဖက် နားလည်မှု မလွဲစေရန် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည့် အစိုးရအဖွဲ့များ ထံသို့လည်း အသိပေးသင့် သည်ဟု ဒုတပ်ချုပ်က အကြံပြုခဲ့သည်။

“တချို့နေရာတွေမှာ ကိုယ့်ရဲ့ဆန္ဒစွဲ တခြားသော ဒေသစွဲ လူမျိုးစွဲအရ သမိုင်းကြောင်းအရဆိုပြီး နောက်ပြန်လည်နေမယ့် ကိစ္စတွေနဲ့ တဝဲဝဲလည်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းသည် သွားရမယ့် နိုင်ငံရေး ရည်မှန်း ချက်ဟာ ပေါက်မြောက်မှာ မဟုတ်ဘူး”ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတို့နှင့် ချုပ်ဆိုထားပြီး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေး ပွဲကျင်းပရန် နေရာအတည်ပြု ချက်မရသဖြင့် ဆွေးနွေးပွဲလုပ်ရန် ကြန့်ကြာမှုများဖြင့် ရင်ဆိုင်နေရ သည့် အဖွဲ့တခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading