မြန်မာတပ်မတော်က လက်နက်ကြီးများ တပ်ဆင်ထားသည့် တပ်များ ချထားလာကြောင်း ဘင်္ဂလား ဒေ့ရှ့်က စွပ်စွဲလိုက်ပြီး၊ ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု မနေ့က ကြေညာကြောင်း Benarnews ကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အစ္စဒတ်ဇမန် ခန်ကမဲ က “ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနယ်စပ်မှာ ပြဿနာဖြစ်လာရင် သံမဏိ လက်သီး နဲ့ဖြေရှင်းဖို့ အသင့်ရှိတယ်”လို့လည်း နှစ်နိုင်ငံ နယ်စပ်မှာ တင်းမာမှုမြင့်မားနေစဉ် ဆိုလိုက်ပါတယ်။
ဘင်္ဂါလီ ဒုက္ခသည် ၅ထောင်ခန့်ဟာ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လာရောက်နေထိုင် နေတာ ဖြစ်ပြီး၊ သူတို့အနီးမှာ မြန်မာစစ်တပ်က အင်အားတိုးမြှင့်ချထားလိုက်တာနဲ့ ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးကိုလည်း ဆင့်ခေါ် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ကကြေညာပါတယ်။
ပြည်ထဲရေးဝန်ကြီး အစ္စဒတ်ဇမန် ခန်ကမဲက “ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာ ပြဿနာလာရှာဖို့ အခွင့် အရေးမရှိစေရဘူး” လို့လည်း စစ်တကောင်း နယ်ခြားစောင့် တပ်များနှင့်တွေ့ဆုံစဉ်ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ် ဘန်ဒါဒန် ခရိုင်ရှိ တွမ်ဘရူ နယ်စပ်စခန်းအနီးမှာ ထရပ်ကားတွေနဲ့ ရုတ်တရက် လုံခြုံရေး တိုးမြှင့်ကာ ကတုတ်ကျင်းများမှာ စက်သေနတ်များ၊ မော်တာများ တပ်ဆင်ခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်တာလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်များရဲ့ စစ်ဆင် ရေးဆိုင်ရာ တွဲဖက်ညွုန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မူဂျီဘာ ရာမန်ကပြောပါတယ်။
“တပ်တွေတိုးချဲ့လှုပ်ရှားလာလို့ ကျနော်တို့ကန့်ကွက်ခဲ့ပြီး အလံတင်အစည်းအဝေး ကျင်းပဖို့တောင်ဆို ထား ပါတယ်။ နယ်စပ်အခြေအနေကို စောင့်ကြည့်ပြီး ကျနော်တို့တပ်ဖွဲ့အင်အားကိုလည်း တိုးချဲ့ ထား တယ်” မူဂျီဘာရာမန်က သတင်းထောက်များကို ပြောပါတယ်။
မြန်မာတပ်အင်အားကိုတော့ ခန့်မှန်းပြောဆိုခြင်းမရှိပေမယ့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ တိုးမြှင့်ချထားခြင်းကိုတော့ သူက ဝန်ခံပါတယ်။
နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ ခိုကပ်နေထိုင်နေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကတော့ မြန်မာလုံခြုံရေး တပ်တွေဟာ နယ်စပ် ပေ ၄၅၀ခန့် အကွာကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ချိန်ရွယ်ထားတယ်လို့ ကြာသာပတေးနေ့က ပြောပါတယ်။
မြန်မာတပ်များက လေထဲကို သေနတ်ပစ်ဖောက်တယ်လို့ ဘင်္ဂါလီတွေရဲ့ ပြောဆိုချက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နယ်စပ်မှာ ခိုကပ်နေထိုင်တဲ့ ဘင်္ဂလီ ဒုက္ခသည် ဦးရေဟာ ၅၃၀၀ခန့်ရှိတယ်လို့ ခန့်မှန်းပါတယ်။
လွန်ခဲ့သောလကပင် မြန်မာလုံခြုံရေးတပ်တွေဟာ ဘင်္ဂါလီဒုက္ခသည်တွေကို အဲဒီနေရာက ထွက်သွား ဖု့ိ အသံချဲ့စက်နဲ့ သုံးပြီး ပြောဆိုနေသလို၊ ခိုကပ်နေထိုင်သူတွေထဲမှာ အကြမ်းဖက်အဖွဲ့ ARSA အဖွဲ့ဝင် တွေပါဝင်နေပြီး၊ သူတို့ဟာ မြန်မာနိုင်ငံကို အကျပ်အတည်းတွေအောင် လုပ်ဆောင်နေ တယ်လို့ မြန်မာ အာဏာပိုင်တွေက ယူဆပါတယ်။
မြန်မာတပ်မတော်က စစ်ထရပ်ကားများနဲ့ လက်နက်ကြီးများ ချထားတယ်လို့ ထောက်လှမ်းရေး သတင်းရကြောင်း၊ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ် တပ်တွေကိုလည်း တပ်လှန့်ထားကြောင်း၊ နယ်စပ်မှာ လက်နက်ကြီးတွေကို ချထားတာဟာ နယ်စပ်စည်းမျဉ်း ချိုးဖောက်ရာရောက်တယ်လို့ ဗိုလ်မှူးချုပ် မူဂျီဘာ ရာမန်ကပြောပါတယ်။