ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံမှု စွပ်စွဲချက် ဖြင့် ဖမ်းဆီးခံခဲ့ရသည့် Shine Construction Co., Ltd လုပ်ငန်းရှင် အောင်ဇော်ဝင်းမှာ ၂၀၁၅ ခုနှစ် မတိုင်မီကတည်း က ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှုတ်ထွက်ပြီးဖြစ်၍ ပါတီနှင့် မသက်ဆိုင်တော့ကြောင်း ပါတီပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
အောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက်(၅၅နှစ်) ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်မှ ဘန်ကောက်သို့ သွားရန် ပြင်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားသည့် ရခိုင်မြောက်ပိုင်း အကြမ်း ဖက် ဖြစ်စဉ်၌ ပါဝင်သူ ၂ဦး၏ ထွက်ဆိုချက်အရ မောင်တောမြို့နယ်၊ ငါးခူရနယ်မြေရဲစခန်းတွင် (ပ)၂၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၃၃/ ၃၀၇/၃၂၄/၃၄၊ (ပ)၂၉/၂၀၁၆၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)၊ (ပ) ၃၀/ ၂၀၁၆ လက်နက်များ အက် ဥပဒေပုဒ်မ ၁၉(က)၊ (ပ)၃၈/၂၀၁၆ မတရားအသင်းအက်ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့်ခံထားရသူ ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က “အောင်ဇော်ဝင်း၊ ဦးရွှေမောင်တို့ ရွေးချယ်ခံ ကိုယ်စားလှယ် ၃ ယောက်လုံး ပါတီကနေ နှုတ်ထွက်ပြီးဖြစ်ပါတယ်၊ ကျနော်တို့ လက်ထက်မတိုင်ခင်မှာကို သူတို့မရှိတော့ပါဘူး၊ တော်တော် တောင်ကြာနေပြီ”ဟု ပြောသည်။
၂၀၁၆ ခုနှစ် ရခိုင်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ၂ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးရုံ တခုသို့ တက်ရောက်စဉ် မြန်မာ အစိုးရ ၏ တောင်းဆိုချက်အရ လွှဲပြောင်းရရှိခဲ့ပြီးနောက် ၎င်းတို့ ၂ ဦးကို စစ်ဆေးရာ အောင်ဇော်ဝင်းမှာ ငွေကြေးထောက်ပံ သူအဖြစ် ဖော်ထုတ် သိရှိခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။
“သူတို့ ၂ ယောက်ရဲ့ ထွက်ဆိုချက်ထဲမှာ အောင်ဇော်ဝင်းက ငွေကြေး ထောက်ပံတယ်ဆိုတာ ပါတယ်။ ဒါကြောင့် တရားသူကြီးက အောင်ဇော်ဝင်းကို ဖမ်းဝရမ်းထုတ်တယ်။ တရားခံပြေး ကြေညာထား တယ်။ ဖမ်းတော့ ထွက်ပြေးနေတယ်။ ၂၈ ရက်နေ့ ဘန်ကောက်ကို ထွက်ဖို့ လုပ်တဲ့အချိန်မှာ ဖမ်းမိ တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ဦးအောင်ဇော်ဝင်းဆိုသူကို မောင်တောခရိုင် တရားသူကြီးက ၂၀၁၆ ခုနှစ်တွင် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တရားခံပြေး ကြေ ညာခဲ့ကြောင်း၊ ယခု ဖမ်းမိသည့်အခါ ၎င်းကို စစ်ဆေးနေပြီး ရဲလုပ်ငန်းများပြီးပါက တရားရုံးတင်၍ အရေးယူမည်ဟု သမ္မတရုံးမှ သိရ သည်။
အောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နေပြည်တော်သို့ ရောက်ရှိခဲ့သူ တဦးဖြစ်ပြီး ရန်ကုန်မြို့ရှိ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် Shine Construction Co., Ltd ကို တည်ထောင်ထားကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။
ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ မောင်တောဒေသရှိ မွတ်စလင် ၇ သိန်းကျော်အတွက် လိုအပ်သည့် ကုန်ပစ္စည်းအားလုံးကို ရန်ကုန်မြို့မှ တိုက်ရိုက်ပေးပို့ခြင်း ဖြစ်ပြီး ယင်းကိစ္စရပ်များတွင် ARSA နှင့် ပတ်သက်မှု ရှိ၊ မရှိကိုမူ ၎င်းအနေဖြင့် သေချာ မပြော နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ သိထားတဲ့ အချက်အလက်အရတော့ ၂၀၁၂ ကစပြီး ၆ နှစ်လုံးလုံး ရှိခဲ့တဲ့ ဘင်္ဂလီအားလုံးရဲ့ နေထိုင်စားသုံးမှု ဘဝပေါ့၊ ကုန် သွယ်မှု အားလုံးသည့် ရန်ကုန်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘယ်သူတွေ လုပ်သလဲ၊ ဘယ်လောက်အထိ ပတ်သက်သလဲဆိုတာ ကတော့ အစိုးရ တာဝန်ရှိသူတွေက နက်နက်ရှိုင်းရှိုင်း စုံးစမ်းသင့်ပါတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့မှ အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးထွန်းကြည်ကလည်း ၎င်းတို့အနေဖြင့် အကြမ်းဖက်မှု ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုကို အားပေးခြင်း၊ ထောက်ခံခြင်း၊ မွေးဖွားပေးသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် ဘာ သာ၊ မည်သည့် အဖွဲ့အစည်းကိုမဆို ရှုတ်ချကြောင်း ပြောသည်။
“ကျနော်တို့ အစ္စလာမ် ဘာသာအရရော၊ ခံယူချက်အရရော ဒီတိုင်းပြည်မှာနေတယ်။ ဒီရေကို သောက်တယ်။ ဒီဆန်စားပြီးတော့ ဒီတိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို အသက်ပေးပြီးကာကွယ်မယ်လို့ ဆုံးဖြတ်ပြီးသား။ အဲဒီအတွက်ကြောင့် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းကိုမှ လုံးဝ လက်မခံဘူး”ဟု ဦးထွန်းကြည်က ပြောသည်။
သို့သော် တိုင်းပြည်တွင် တရား ဥပဒေ စိုးမိုးမှု အားနည်းနေပြီး ၂၀၁၄ ခုနှစ်က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းပြီး ဖြစ် သော်လည်း ယင်းဥပဒေကို လက်တွေ့ကျင့်သုံးနိုင်မှု အားနည်းနေကြောင်း၊ ဥပမာ ရန်ကုန်လေဆိပ်မှာ ဦးကိုနီနှင့် ဦးနေဝင်းတို့ကို လက်နက်ကိုင် အကြမ်းဖက် အင်အားသုံး တိုက်ခိုက်ခံခဲ့ရသော်လည်း လူသတ်မှု ပုဒ်မများနှင့်သာ အရေးယူသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
“စစ်တွေမှာ ဗုံးခွဲတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း လုံခြုံရေး တိုးမြင့်ထားတယ်။ ဖမ်းတော့ ကိုနိုင်စိုး ခေါ် ကိုမဲလုံးက နိုင်ငံရေး အကျဉ်းသား။ ပြောတော့ ARSA ပြောတယ်။ ရခိုင် တိုင်းရင်းသား ကိုနိုင်စိုးကိုလည်း ဖမ်းထားတယ်။ နောက်ပြီးတော့ စစ်တွေမှာ ၄ ယောက်ထက် မနည်းကိုလည်း ဖမ်းထားသေးတယ်”ဟု ဦးထွန်းကြည်က ထောက်ပြသည်။