မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အဖြစ် တောင်သူလယ်သမားစကားဝိုင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ ဇီးဖြူကုန်းရွာတွင် ကျင်းပရာ ယင်းဆွေးနွေးပွဲ စကားဝိုင်းမှ နေ၍ တောင်သူလယ်သမားများ ၏ လိုအပ်ချက် ၆ ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစိုးရသို့ တောင်းဆိုခဲ့သည်။
မတ်လ ၂ရက်နေ့က ပြုလုပ်သည့် ယင်းစကားဝိုင်းမှနေ၍ အတိုးနည်း နှစ်ရှည်ချေးငွေရရှိရေး၊ စိုက်ပျိုး ရေးသွင်းအားစ ုမြေသြဇာ၊ စက်ယန္တယား အရည်အသွေး မပြည့်မီမှုများကို လယ်သမား ကိုယ်စား လှယ်များမှ စစ်ဆေးခွင့်ရရှိရေး၊ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများနှင့် မြေလွတ် မြေရိုင်း မြေနု ခွဲဝေ ခြင်းဆိုင်ရာများကို ဥပဒေနှင့်အညီ လုပ်ဆောင်ပေးရေး၊ လယ်သမားများ၏ ကိုယ်စားလှယ်များ မှ တင်ပြလာမှုများကိုသက်ဆိုင်ရာအစိုးရမှအသိအမှတ်ပြုပေးရေး၊ လယ်ယာထွက်ကုန်များကို ပြည်တွင်းပြည်ပလွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် လယ်ယာလုပ်ငန်းခွင် အခက်အခဲများ ဖြေရှင်းပေးနိုင်မည့် ကာကွယ်ရေးဥပဒေ ပေါ်ပေါက်ရေးစသည့်အချက်များကိုတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“လိုအပ်ချက်တွေအများကြီးရှိနေပေမယ့် လည်း ၆ ချက်ကိုပဲတင်ပြခဲ့တာပါ။ ဒီအချက်တွေ အပေါ်မှာ လည်း အစိုးရဘက်က အလေးအနက်ထားပြီးတော့မှ လိုအပ်ချက်များကို ဖြည့်ဆည်းပေး မယ်လ ယုံကြည်ပါတယ်။ အခုဒီစကားဝိုင်းမှာ ဒါကိုတင်ပြချင်လို့ တိုင်းဒေကြီးအသီးသီးက အသက်ကြီးတဲ့ သူတွေရောက်အောင် လာကြတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လယ်သမားတွေဟာသူတို့ အခက် အခဲတွေကို အစိုးရကို ဘယ်လောက်ထိတင်ပြချင်လဲ၊ ဘယ်လောက်ပူးပေါင်းပါဝင် ဖြေရှင်းချင်လဲဆို တာ ပေါ်လွင်ပါတယ်”ဟု တောင်သူလယ်သမားစကားဝိုင်းကို ဦးဆောင်ကျင်းပခဲ့သည့် Myitrum ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်း တာဝန်ခံ ဒေါ်ဆွမ်လွတ်ဆိုင်းခေါန်က ဧရာဝတီကို ပြောသည်။
တောင်သူလယ်သမားစကားဝိုင်းသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာအောင်သူ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးတင်အောင်ဝင်းနှင့် ဋ္ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ပြီး တောင်သူ လယ်သမားများတောင်းဆိုသည့် လိုအပ်ချက်များကို လုပ်ဆောင်ပြီးသည်အထိအခြေအနေအား ပြန်လည်ရှင်းလင်းပြောဆိုခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က“လယ်သမားတွေအတွက်အဓိကက အထွက်နှုန်း ကောင်းဖို့နဲ့ စပါးအရည်အသွေး ကောင်းဖို့ပါပဲ။ အဲ့ဒါတွေဖြစ်လာနိုင်ဖို့ နည်းပညာ လိုပါတယ်။ ဒီလိုမှ မဟုတ်ပဲ အနာနဲ့ဆေးတည့်အောင်မပေးပဲ ငွေထုတ်ချေးလို့ကတော့ လယ်သမားတွေတိုးတက်လာမှာ မဟုတ်ပါဘူး။ ကိစ္စတစ်ခုကို ကျနော်တို့က ပိတ်ပြီးမစဉ်းစားပဲ ဖွင့်စဉ်းစားပြီး အားလုံးအတူတူပူး ပေါင်းလုပ်ဆောင် သွားရင် ကျနော်တို့လိုချင်တဲ့ နိုင်ငံတော်ကြီးဆီရောက်မှာပါ´ဟု ပြောသည်။
ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့သော တောင်သူလယ်သမား စကားဝိုင်းသို့ ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်၊ မကွေး၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအတွင်းမှ တောင်သူလယ်သမား ၁၅၀၀၀ နီးပါးတက် ရောက်ခဲ့ကြောင်း သိရှိရသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာ သိမ်းပြီး ထိုနေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ကာ နှီးနှောဖလှယ်ပွဲများ၊ အခမ်းအနားများ ကျင်းပခဲ့ရာ ဒူးယား၊ ခပေါင်း၊ ပုပ္ပါးစသည့် တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲကြီးများကို တော်လှန်ရေးကောင်စီလက်ထက်ကလည်း ကျင်းပဖူးသည်။