သတင်း

ရခိုင့်အားမာန် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၄ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ခရီသည်တင်ကား တစ်စီး တိမ်းမှောက်သွားရာ လူ ၄ ဦးသေဆုံး ခဲ့ပြီး ၃၄ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ တိမ်းမှောက်သွားသော ကားမှာ သံတွဲ -တောင်ကုတ် – အမ်း – စစ်တွေ စသည့် မြို့နယ်များသို့ ပြေးဆွဲနေသော ရခိုင့်အားမာန် ခရီသည်တင်ယာဉ် ဖြစ်ပြီး မတ်လ ၄ ရက်နေ့က သံတွဲမြို့မှနေ စစ်တွေ သို့ လာရောက်စဉ် အမ်းမြို့နယ် မိုင်တိုင် အမှတ် ၆ မိုင် ၁ ဖာလုံအနီး တောင်ပေါ်သို့ တက်ရောက်စဉ် ည ၁၀ နာရီ ၃၀ မိနှစ်ခန့်တွင် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ ရဲအုပ် အောင်ညွန့်ဝင်းက ပြောသည်။

ရဲအုပ်အောင်ညွန့်ဝင်းက “ ကျွန်တော်တို့ ကနဦး သိရသလောက်က ည ၁၀ နာရီ ၃၀မိနစ်လောက်မှာ မှောက်တယ်လို့ သိရတယ်။ သေဆုံးသွားတာက လူကြီး ၂ ဦး ကလေး ၁ ဦး အမျိုးသမီး ၁ ဦး အားလုံး ၄ ဦးသေဆုံးပြီးတော့ ဒဏ်ရာ ရတာက ၃၄ ဦး ရှိပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါဒဏ်ရာ ရရှိသူများကို အမ်းပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူနေပြီး ၎င်းကားမှာ တောင်ပေါ်အတက် နောက်ပြန် တိမ်းမှောက်ကာ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည့်အတွက် သက်ဆိုင် ရာဌာနဆိုင်များအနေဖြင့် ကားတိမ်းမှောင်သည့် နေရာသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

Loading