သတင်း

အပစ်ရပ်ထားသည့် မွန်ပြည်သစ်နှင့် KNU တပ်များ အကြား တိုက်ပွဲဖြစ်

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အနီးတွင် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP/MNLA) နှင့် ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA) တို့အကြား မတ်လ ၄ ရက်နေ့ မနက် ၈ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

KNLA တပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် MNLA တပ်ဖွဲ့ဝင်များက “အကျိုးအကြောင်း လိုက်လံမေးမြန်း”ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ဲခြင်းဖြစ်ပြီး မွန်တပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိသွားကြောင်း NMSP ဗဟိုကော်မတီဝင် နိုင်အောင်မင်းက ပြောသည်။

နိုင်အောင်မင်း က “သူတို့က ခြံသမားတွေကို ဖမ်းလာပြီးတော့ လျှောက်လာတာပေါ့။ ကျနေ်ာတို့ကလည်း အဲဒီခြံသမားရဲ့ အခြေအနေကိုသွားမေးကြည့်ရာကနေ ထိပ်တိုက်တွေ့သွားတာပေါ့လေ။ ကျနော်တို့ဘက်ကတော့ တယောက် ဒဏ်ရာ ရသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ နှစ်ဖက်လက်နက်ကိုင်တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွာသားများသည် မတ် ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ယခု တိုက်ပွဲဖြစ်ပွားခဲ့သော NMSP နှင့် KNU တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော အဖွဲ့များဖြစ်ပြီး NMSP ကတော့ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစိုးရနှင့် NCA ရေးထိုးခဲ့ခြင်းဖြစ်ပြီး KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ရေးထိုးထားသည်။

MNLA အနေဖြင့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးပြီးနောက် ၎င်းတို့ လှုပ်ရှားနယ်မြေအတွင်း KNU လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှု ၂ ကြိမ် ရှိသွားပြီဖြစ်ကြောင်း သိရပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း နှစ်ဘက်တပ်များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမှူး ကတော့ ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ ၎င်းထံ မြေပြင် သတင်းများ မရောက်ရှိလာသေးသဖြင့် အသေးစိတ်မသိရှိသေးကြောင်း၊ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သော ၂ ဘက်အကြားက ပဋိပက္ခသည်လည်း အောက်ခြေထိတွေ့မှု အဆင့်သာဖြစ်သည်ဟု ဆိုသည်။

ပဒို စောတာဒိုမှူး က “သူတို့ အောက်ခြေမှာ ဘယ်လိုမကျေမလည်ဖြစ်လဲတော့ မသိသေးဘူး။ ဒီကိစ္စ လောလောဆယ်တော့ ဘာမှတော့ မပြောချင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီက ဘေးမဲ့သစ်တောအဖြစ် သတ်မှတ်ထားသည့် နေရာ၌ သစ်ခိုးခုတ်သူများကို ဖမ်းဆီးခဲ့ရာမှ မွန်ပြည်သစ်နှင့် KNU တို့သည် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

မွန်ပြည်သစ် အနေဖြင့် သစ်တောပြုန်းတီးမှု မဖြစ်စေရန် အတွက် သစ်ထုတ်လုပ်မှု ပိတ်ပင်ထားကြောင်း သို့သော်လည်း ယခုနှစ် ဖေဖော်ဝါရီလထဲတွင် KNLA အဖွဲ့များအနေဖြင့် ကား၊ ဆင်နှင့် လုပ်သား ၄၀ ကျော်တို့ဖြင့် သစ်ထုတ်လုပ်ရန် ဝင်ရောက်ခဲ့သဖြင့် မွန်ပြည်သစ် တပ်များက ဖမ်းဆီးခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဘက်ဆက်ဆံရေး အဖုအထစ် မဖြစ်စေလို၍ ဖမ်းဆီးထားသူများကို တပတ်အတွင်း ပြန်လွှတ်ပေးခဲ့ သော်လည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က KNLA အဖွဲ့ဝင်များ သစ်ထုတ်လုပ်ရန် ထပ်မံ ရောက်ရှိလာပြီး ပဋိပက္ခ ထပ်မံဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်တွင် မွန်ပြည်သစ်တပ်ဖွဲ့ဝင်များက သေနတ် ၂ လက် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရေးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) ၁၉ တွင်၂ ဘက် အဖွဲ့အစည်း တာဝန် ရှိသူများအကြား ညှိနှိုင်းခဲ့ကြောင်း အဆိုပါညှိနှိုင်းပွဲသို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၂ ဘက်တပ်များ အကြား အခြေအနေ ပိုဆိုးမလာစေရန်နှင့် သိမ်းဆည်းထားသော သေနတ် ၂ လက်အား ပြန်ပေးရန်၊ နှစ်ဘက် တပ်တာဝန်ရှိသူများ အကြား တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်နှင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်း ထားရန် ညှိနှိုင်းထားကြောင်း သိရသည်။

သို့သော်လည်း ထိုဖြစ်စဉ် ညှိနှိုင်းထားချက်များ သဘောတူညီမှု မရရှိသေးမီမှာပင် နှစ်ဘက်တပ်များ အကြား ယခုကဲ့သို့ ထိတွေ့မှု ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

KNU နှင့် မွန်ပြည်သစ် တို့သည် နယ်မြေချင်း ထိစပ်နေပြီး နယ်မြေသတ်မှတ်ထားမှု တိတိကျကျ မရှိခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားနေခြင်းဖြစ်ပြီး နယ်မြေပိုင်းခြား သတ်မှတ်မှု မရှိသေးမ ီကာလအတွင်း ထိုအခြေအနေမျိုး ထပ်မံဖြစ်ပွား လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များအရေး စောင့်ကြည့် လေ့လာသူအချို့က သုံးသပ်သည်။

နှစ်ဘက်တပ်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများကို ပိုမို ကြီးထွားမလာစေရန်အတွက် နှစ်ဘက် အဖွဲ့ အစည်း တာဝန်ရှိသူများ အကြား ယနေ့ တွေ့ဆုံဆွေးနွေးနေလျှက်ရှိကြောင်းသိရပြီး တဘက်တွင်လည်း အခင်းဖြစ်ပွားရာ နေရာ၌ ၂ ဘက်တပ်များ အကြား တင်းမာမှုများ ရှိနေကြောင်း သိရသည်။

“ကျနော်တို့နဲ့ KNU နဲ့ အကြားမှာ အခုလိုပဲ နယ်မြေထပ်နေတာတွေက အများကြီးရှိတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်သွားမှာ ကျနော်တို့က စိုးရိမ်တယ်။ ဖြစ်ခဲ့တဲ့ အစဉ်အလာလည်းရှိခဲ့တယ်ဆိုတော့လေ။ ကျနော် နောက်ဆုံး သတင်း ရတာက ဖြစ်တဲ့ နေရာမှာ နှစ်ဘက်တပ်တွေ ခွာတော့ ခွာထားတယ်။ ဒါပေမယ့် ဆိုင်တော့ ဆိုင်ထားတယ်။ သူ့ကုန်း ကိုယ့်ကုန်းဆိုပြီး ဆိုင်နေတုန်းပဲပြောရမှာပေါ့” ဟု နိုင်အောင်မင်းက ပြောသည်။

KNLA နှင့် MNLA တို့သည် ၁၉၈၉ ခုနှစ်က ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ တောင်ကြားကို ထိန်းချုပ်ရေး အတွက် အကြိမ်ကြိမ် ပဋိပက္ခ ဖြစ်ခဲ့ကြသည်။ ထိုမှစ၍ KNLA နှင့် MNLA တို့ကြား ပဋိပက္ခ လျော့နည်းလာသည်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိ ဖြစ်သည်။

(မော်လမြိုင်မြို့မှ ဧရာဝတီ သတင်းထောက် ဉာဏ်စိုးလင်း ပူးပေါင်းပါဝင်ရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading