သတင်း

ကမန် အိမ်ထောင်စု ၅၀ ကျော် ရန်ကုန်သို့ ပို့ဆောင်မှု ကြံ့ခိုင်ရေးအမတ် ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ အစ္စလမ် ဘာသာဝင် ကမန် အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ခွင့် ပြုခဲ့သည့် အစိုးရ ၏ အစီအစဉ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး) အမတ် ဦးမောင်မြင့်က လွှတ်တော်တွင် ကန့်ကွက်ကြောင်း သိရှိရသည်။

ကိုဖီအာနန် ကော်မရှင်ကို ခုတုံးလုပ်ပြီး ပြည်သူကို မျက်လှည့်ပြသည့် လုပ်ရပ်တခု ဖြစ်သောကြောင့် လက်မခံနိုင် ကြောင်း အဆို ယနေ့ ပြည်သူ့လွှတ်တော်သို့ တင်သွင်း၍ ကန့်ကွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအဆိုသည် ၂၀၁၇ ခုနှစ်က ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲ မြို့နယ် များရှိ ဒုက္ခသည်စခန်း ၃ ခုမှ ကမန် အိမ်ထောင်စု ၅၅ စုအား ပြန်လည် သုံးသပ်ပေးရန် အဆိုကို ၂၀၁၇ ခုနှစ် ဇူလိုင်လကပင် ချက်ချင်း ဆွေးနွေးခွင့် ရရှိရန် အရေးကြီးအဆိုအဖြစ် တင်ပြခဲ့သော်လည်း “ရိုးရိုး အဆို”အဖြစ်သို့ ပြောင်းလဲ ခံရပြီးနောက် ယခုအချိန်ရောက်မှ တင်သွင်းရသည့် အဆိုတခု ဖြစ်ကြောင်း သိရသည်။

ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်တွင် ဒုက္ခသည်စခန်းရှိ နေထိုင်သူများကို မိမိတို့၏ မူလဒေသများသို့ ပြန်ပို့ရ မည် ဟု ရှင်းလင်းစွာ ဖော်ပြထားပြီး ရန်ကုန်သို့ ပို့ရမည်ဟု မပါကြောင်း၊ ထိုသို့ မူလနေရာသို့ ပြန်ပို့ရမည့်အစား ရန်ကုန် သို့ ပို့လိုက်ခြင်းသည် ရည်ရွယ်ချက် ရှိရှိဖြင့် လွဲမှားဆောင်ရွက်နေသည်မှာ ထင်ရှားကြောင်း ယင်းကြံ့ခိုင်ရေး အမတ် ဦးမောင်မြင့် က လွှတ်တော်တွင် ပြောသည်။

“ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်ပါတယ်ဆိုတာဟာ ကော်မရှင်ကို ခုတုံးလုပ်၊ ပြည်သူကို မျက်လှည့်ပြ တဲ့ လုပ်ရပ်တခုအဖြစ် ကျနော့်ကတော့ ရှုမြင်ပါတယ်”ဟုလည်း ဦးမောင်မြင့်က ဆိုသည်။

၎င်း၏ အဆိုကို ဆွေးနွေးရန် သင့် မသင့် ကိုယ်စားလှယ်များ၏ သဘောထားကို ပြည်သူ့လွှတ်တော် ဥက္ကဌက မေးမြန်း ရာ သဘောတူကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံကြကြောင်း သိရသည်။

ထို့ကြောင့် အဆိုကို ကန့်ကွက်သူမရှိသဖြင့် ပြည်သူ့လွှတ်တော်တွင် လက်ခံရန် ဆုံးဖြတ်လိုက်ပြီး ဆွေးနွေးလိုသူ ကိုယ်စားလှယ်များကို အမည်စာရင်းပေးရန် လွှတ်တော် ဥက္ကဌက ကြေညာခဲ့သည်။

“ကျနော်တို့ ပြောတာကို NLD ကိုယ်စားလှယ်တွေတောင်မှ ကန့်ကွက်တယ်လို့ ပြောလို့ မရဘူး။ ကန့်ကွက်တယ်လို့ ပြောရင် သူသည် အမျိုးသား အကျိုးစီးပွားကို လျစ်လျူရှုတယ်လို့ လူထုက မြင်သွားမှာ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ပဲ ဖြစ်ဖြစ် ပြောရရင် ထိလွယ်ရှလွယ် ဖြစ်နေတဲ့ ဒီလိုအချိန်မှာ သူတို့သည် အမျိုးသား အကျိုးစီးပွားကို Backup လုပ်ဖို့ က လွဲရင် ဘာမှမရှိဘူး”ဟု ဦးမောင်မြင့်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ထိုကမန် အိမ်ထောင်စုများ သည် ရခိုင်မျိုးနွယ်စု ကမန်များသာ ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လွှတ်တော်သို့ လာရောက် ဖြေရှင်းပေးလိမ့်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုကို ထောက်ခံသူ ကြံ့ခိုင်ရေးပါတီ အမတ် ဦးမောင်သင်းကလည်း ကမန်တိုင်းရင်းသား ဖြစ်သော်လည်း အစ္စလမ် ဘာသာကို ကိုးကွယ်နေသူများဖြစ်၍ Islamization ဖြစ်နိုင်သည်ဟု လူမှုကွန်ရက်များတွင် ပြည်သူများ၏ ယူဆချက် များ ရှိကြောင်း၊ ကမန်များကို အကာအကွယ်ယူ၍ တိုင်းရင်းသားလည်း မဟုတ်၊ နိုင်ငံသားလည်း မဟုတ်သည့် ဘာသာ ခြားများက တိုင်းရင်းသား အိမ်ထောင်စုဝင် အမည်ခံပြီး ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း လွှတ်တော်တွင် ပြောဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကမန်မိသားစု ၅၅ စုသာ ဖော်ပြထားပြီး လူဦးရေ အရေအတွက်ကို တိကျစွာ ဖော်ပြထားခြင်း မရှိတာကြောင့် လူဦးရေကို ချန်ထားတာဟာ ယခုလို လူပိုတွေကို စာရင်းသွင်းနိုင်တာကြောင့် ပြည်သူတွေရဲ့ စိုးရိမ်မှု ကို ဖြစ်ပေါ်စေတာပါ”ဟုလည်း ဦးမောင်သင်းက ဆိုသည်။

တိုင်းပြည်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ၏ လက်ထဲတွင် ရှိရမည် ဖြစ်သော်လည်း ကိုဖီအာနန် ခိုင်း၍ ကမန်တိုင်းရင်းသား ၅၅ စုကို ရွှေ့ရသည်ဆိုပါက သူများခိုင်းသမျှ လိုက်ပါဆောင်ရွက်ရသည့် ဒီမိုကရေစီ လူ့ အဖွဲ့ အစည်းသည် ရွှေရည်စိမ် ဒီမိုကရေစီပင် ဖြစ်လိမ့်မည်ဟု ၎င်းက ပြောဆိုသည်။

ရခိုင် အမျိုးသားပါတီမှ ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေကလည်း နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသူတဦး အနေဖြင့် ဥပဒေနှင့် မညီသည့် လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက် ကြောင်း၊ ဥပဒေနှင့်အညီ ဖြစ်စေရန် မင်းကင်း အမတ် ဦးမောင်မြင့် တင်သွင်းသည့် အဆိုကို ကောင်းပါသည်ဟု ပြောလို ကြောင်း ဧရာဝတီသို့ ပြောသည်။

“ရခိုင်မှာ ကမန်နဲ့ ပတ်သက်လို့ ကမန်လူမျိုး ဘယ်လောက်ရှိလဲ။ ဒီ ကမန် ဆိုတဲ့သူတွေဟာ နိုင်ငံသား ဖြစ်လား။ တကယ်လို့ နိုင်ငံသား ပေးထားရင် ဥပဒေအရ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲ နိုင်ငံသား မဟုတ်ဘဲ ဒီလိုသာ ခွင့်ပြုနေမယ် ဆိုရင် ဒါကတော့ ဥပဒေနဲ့ မညီဘူး။ ကန့်ကွက်ရမှာပဲ”ဟုလည်း ၎င်းက ဆိုသည်။

အဆိုရှင် ဦးမောင်မြင့်က ၎င်းတို့ စိုးရိမ်သည်မှာ တနိုင်ငံလုံးသို့ မွတ်စလင်များ ပျံ့နှံ့သွားမည်ကို ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်း၏ အဆိုသည် ဆွေးနွေး မှတ်တမ်းတင်ရမည့်အဆို မဟုတ်ဘဲ အစိုးရက ပြန်လည် သုံးသပ်ပေးရမည့် အဆိုဖြစ် ကြောင်း၊ အစိုးရ အမှားကို ထောက်ပြခြင်း ဖြစ်၍ ပြင်ရန်သာ ရှိကြောင်း၊ မပြင်ဘဲ ဆက်လုပ်နေပါက အစိုးရ အမှားများ ကို ဆက်လက် ထောက်ပြ ပြောဆိုရဦးမည် ဖြစ်ကြောင်း သတင်းထောက်များသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading