သတင်း

ပုဂံဘုရားပြိုကျမှု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးကို ထိခိုက်မည် မဟုတ်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းမှုမျာ ပြုလုပ်နေစဉ်မှာပင် ငလျင်ဒဏ်ခံထားရသည့် ပုဂံရှေးဟောင်း သုတေသန ဇုန်ရှိ စေတီတဆူ သည် မတ်လ ၄ ရက်နေ့က ပြိုကျပျက်စီးခဲ့သည်။

စိမ်းညက်ညီအမ ဘုရားအနီးတွင် တည်ရှိသော ပြိုကျသွားသည့် စေတီ အမှတ် ၁၀၆၆ မှာ ၂၀၁၆ နှစ် သြဂုတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နံရံ ၃ဖက် အက်ကွဲခဲ့သည့်အတွက် ပြိုမကျစေရန် ရှေးဟောင်းသုတေသနနှင် အမျိုးသား ပြတိုက်ဦးစီးဌာနက ပြန်လည်ပြုပြင်ထိန်းသိမ်းထားသည့် စေတီဖြစ်သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ခံရပြီး နောက်ပိုင်း ပုဂံစေတီ ပုထိုးများကို ပြုပြင်ရာတွင် အရာရာကို ကျွမ်းကျင်သူများနှင့် တိုင်ပင်လုပ်ဆောင် နေရာ ယခုဖြစ်ရပ်ကြောင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ ကမ္ဘာ အမွေအနှစ် စာရင်းဝင်ရန် ပဏာမ လျှောက်ထားခြင်းကို ထိခိုက်မည်မဟုတ်ကြောင်း ပြောသည်။

ယခုပြိုကျသွားသည့် နံရံများမှာ စစ်အစိုးရလက်ထက် ပုဂံရှိ ဘုရာကျောင်းကန်များများကို အဓိက ပြုပြင်ထိန်းသိမ်း မှုပြုလုပ် ခဲ့သည့် ၁၉၉၆ ခုနှစ်နှောင်းပိုင်းအတွင်း အစားထိုးတည်ဆောက်ခဲ့သည့် နံရံများဖြစ်သည်ဟုသိရသည်။

ပုဂံရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က “ငလျင်ပြီးတော့ ၁၉၉၆ တုန်းက အသစ်ဆောက်ခဲ့တဲ့ နံရံတွေက အက်ကုန်တယ်။ အဲဒါကို သံပါတ် ကြိုးနဲ့ယာယီ ဆိုင်းထားတာ။ ဒါပေမယ့် သူက အပေါ်က အလေးချိန်ကို မခံနိုင်တဲ့အခါကျတော့ ပြိုကျသွားတာ” ဟု ရှင်းပြသည်။

၁၉၉၆ ကာလအတွင်းက ရှေးဟောင်းစေတီပုထိုးများကို နည်းလမ်းမှားယွင်းစွာဖြင့် အသစ်တည် ဆောက် မွမ်းမံခဲ့သည့် အမှားမျိုးကို ရှောင်ရှားနိုင်ရန်အတွက် စေတီအမှတ် ၁၀၆၆ ၏ အပျက်အစီး များနှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ် ရမည်ကို ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးနေ သည်ဟု သိရသည်။

“မူလ နံရံရယ် လိုဏ်ပေါက်ဝရယ်က မပြိုဘူး၊ ပြိုတာက အသစ်ပြန်ဖြည့်ဆောက်ထားတဲ့အပိုင်းက ပြိုကျတာပေါ့နော်။ ကျနော်တို့က အပြိုအပျက်တွေ ရှင်းလင်းတာ လောက်ပဲလုပ်ပြီး ကျန်တာကို ဘယ်လိုပြန်ပြင်မယ် ဘယ်လိုထိန်းသိမ်းမယ် ဆိုတာကိုတော့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေး နေပါတယ်” ဟုလည်း ဦးအောင်အောင်ကျော်က ဆက်ပြောသည်။

စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်မှ စတင်ပြီး ပုဂံရှိ ရှေးဟောင်းဘုရားပုထိုးစေတီ ၈၀၀ ကျော်ကို ပြုပြင်ရာတွင်၊ ရှေးမူ မပျက်ဖြစ်သော်လည်း အသစ်အစားထိုးပြုပြင်မှု အများအပြားလုပ်ခဲ့သဖြင့် ထိုစဉ်က ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြ သည်။ အသစ်အစားထိုးပြုပြင်မှုများ မပြုလုပ်ရန် ကျွမ်းကျင်သူများကပေးသော အကြံများကိုလည်း လျှစ်လျှူရှုခဲ့ကြောင်း ကျွမ်းကျင်သူများကထိုစဉ်က ပြောဆိုမှုများ ရှိခဲ့သည်။

၂၀၁၆ သြဂုတ်လ ငလျင်အပြီး ငလျင်ဒဏ်ခံ ဘုရားများကိုပြုပြင်ရေးအတွက် နည်းပညာ ကျွမ်းကျင်သူ အဖွဲ့များနှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်နေမှုကြောင့် ယခုတွင်မူ ယခင် က အမှားမျိုး ပြုလုပ်တော့ မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြည်တွင်းကျွမ်းကျင်သူများက ပြော သည်။

“ကျနော်တို့က အတိတ်က အမှားတွေအကြောင်းတော့ ထပ်မပြောတော့ဘူး။ အခုက ဘယ်လိုလုပ်မလဲ ဆိုတာတွေကို အကြံပေးဖို့ နည်းပညာအကြံပေးအဖွဲ့တွေက အဲဒီမှာ ရှိနေပြီ။ အစိုးရ အရာရှိတွေက လည်း သူတို့ပေးတဲ့ အကြံကို လိုက်နာပြီး လုပ်နေတာတွေ မြင်ရတယ် ဆိုတော့ အကောင်းဆုံးရလဒ် တွေရပြီး အရင်ကအမှားတွေ ထပ်မဖြစ် တော့ဘူး ယုံကြည်တယ်” ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင် များအသင်း ဥက္ကဌ ဦး ဆန်းဦးကပြောသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျှင်ကြောင့် ဘုရားပုထိုးစေတီ ၃၂၅၂ ဆူ အနက် ၃၉၇ဆူ ထိခိုက်ခဲ့ရာမှာ ဘုရားစေတီပေါင်း ၃၆ဆူကို ပထမဦးစားပေး၊ ၅၃ဆူကို ဒုတိယ ဦးစားပေး၊ ကျန် ဘုရားနှင့် သာသနိက အဆောက်အဦပေါင်း ၃၀၀ ကျော်ကို တတိယဦးစားပေး ပြင်ဆင်ရန် သတ်မှတ်ခဲ့သည်။

ယခုအခါ တတိယဦးစားပေးဖြစ်သည့် ဘုရားနှင့် သာသနိက အဆောက်အဦပေါင်း ၃၀၀ကျော်မှာ လာမည့်ဧပြီလတွင် ပြင်ဆင်ပြီးစီးတော့မည်ဟု သိရသည်။

လွန်ခဲ့သည့် ၉ ရာစုနှင့် ၁၃ ရာစု အတွင်းတည်ဆောက်ခဲ့သော ရှေးဟောင်း ဘုရားပုထိုးစေတီများ တည် ရှိရာ ပုဂံသည် နိုင်ငံတကာအပါအဝင် ပြည်တွင်းခရီးသွားများအတွက် အဓိက အထင်ကရ ကျသော ရှေးဟောင်းသုတေသန နယ်မြေ တခုဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် – ငလျင်ဒဏ်ခံ တနှစ်ပြည့် ပုဂံ

Did you find apk for android? You can find new Free Android Games and apps.
Loading