ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်း အသက် ၁၂ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတဦးကို အဓမ္မပြုကျင့် သတ်ဖြတ် မှုဖြင့် ဖမ်းဆီးခံထားရသည့် ခင်မောင်ဌေး (ခ) မောင်ဌေး ဆိုသူသည် ယနေ့နံနက် ၃ နာရီခွဲခန့်က အကျဉ်း ထောင် အချုပ်ခန်း အတွင်း ကြိုးဆွဲချ သတ်သေသွားကြောင်း မိုးညှင်း အကျဉ်းထောင်မှ သိရသည်။
အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူး ဦးအောင်သန်းဦး က “ထောင်ကို သူက မနေ့က ညနေပိုင်းမှ ရောက်တာ၊ သူက တရားရုံးမှာ ပြစ်မှုကို ဖြောင့်ချက်ပေးတဲ့သူ ဖြစ်လို့ သီးသန့်ထားရတာပါ၊ သူသေတာကို မနက် ၃ နာရီ ၄၅ မိနစ်မှာ စသိတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အကျဉ်းထောင်အခန်း အမှတ် ၃ တွင် သီးသန့် ချုပ်နှောင်ထားသည့် ခင်မောင်ဌေးသည် စွပ်ကျယ် အကျႌနှင့် ပုဆိုးတို့ကို အသုံးပြုကာ သေကြောင်း ကြံစည် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထောင်တွင်း သတ်သေခဲ့သူသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မိုးကောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ အနောက်ဘက် တောအုပ် အတွင်း ၁၂ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး မိုးကောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃၀၂/ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခံထားရသူ ဖြစ်သည်။
ထိုဖြစ်စဉ်တွင် ထောင်တွင်း သတ်သေခဲ့သူ ခင်မောင်ဌေးနှင့်အတူ ဦးမောင်ရီ (ခ) ငင်းဆိုင် ဆိုသူကိုလည်း ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ဖမ်းဆီးထားပြီး မိုးညှင်း အကျဉ်းထောင်အချုပ်သို့ ယနေ့ နံနက်တွင် ရောက်ရှိလာကြောင်း အကျဉ်းထောင် တာဝန်ရှိသူ က ပြောပြသည်။
အသတ်ခံရသူ မိန်းကလေးသည် မောင်တော်စပ်သူနှင့်အတူ ထင်းကောက်သွားရာမှ ပျောက်ဆုံးခဲ့ကာ အဓမ္မပြုကျင့် သတ်ဖြတ် ခံရခြင်းဖြစ်ပြီး ဝမ်းဗိုက်၊ ရင်ညွန့် စသည့်နေရာများတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာ ၁၀ ချက်ခန့် အပါအဝင် လည်ပင်း ဓားခုတ်ဒဏ်ရာဖြင့် တောအုပ်အတွင်း သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်တွင် အချုပ်သားဖြစ်သူ ခင်မောင်ဌေး သတ်သေမှုနှင့် ပတ်သက်ပြီး မိုးညှင်းမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၈) ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။