သတင်း

တနိုင်းဒေသခံ ရွာသားများကို KIA ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် တနိုင်းမြို့နယ် တရုံကျေးရွာအတွင်းမှ ဆယ်အိမ်မှူးများ အပါအဝင် ဒေသခံ ၂၁ ဦးကို ကချင် လွတ်မြောက် ရေး တပ်မတော် (KIA) က ဖမ်းဆီးသွားသည်ဟု သတင်း ရရှိသည်။

ကချင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးသူရနောင်က “မတ်လ ၄ ရက်နေ့က ဖြစ်သွားတာ။ မနက် အစောကြီး ၂ နာရီလောက်က KIA အင်အား ၁၀၀ လောက်က တနိုင်းမြောက်ဘက် ၂၅ မိုင်လောက် အကွာက တရုံ ကျေးရွာကို လာပြီး အဲဒီက ဒေသခံစုစုပေါင်း ၂၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာပါ” ဟု ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ တရုံကျေးရွာ ရပ်ကွက် (၁) မှ ကျောင်းဆရာတဦး အပါအဝင် အမျိုးသား ၅ ဦး၊ ရပ်ကွက် (၂) မှ ဆယ်အိမ်မှူး ၂ ဦး အပါအဝင် အမျိုးသား ၇ ဦး၊ ရပ်ကွက် (၃) မှ အမျိုးသား ၁ဦး၊ ရပ်ကွက် (၄) မှ ဆယ်အိမ်မှူး ၂ ဦး အပါအဝင် အမျိုးသား ၆ ဦး၊ ရပ်ကွက် (၅) မှ အမျိုးသား ၂ ဦးတို့ ဖြစ်ပြီး ၎င်းတို့သည် အသက် ၂၀ ဝန်းကျင်မှ အသက် ၅၀ ကျော်များ ဖြစ်သည်ဟု သိရသည်။

အများစုမှာ ကချင်အမျိုးသားများ ဖြစ်ပြီး ရှမ်းအမျိုးသား ၂ ဦးနှင့် နာဂအမျိုးသား ၁ ဦးတို့လည်း ပါဝင်သည်ဟု ဆို သည်။

ဒုရဲမှူးကြီး မျိုးသူရနောင်က “နောက်ပိုင်း သတင်းကတော့ ဘာသတင်း အချက်အလက်မှ ကျနော်တို့ မရပါဘူး။ ဖြစ်စဉ် ဖြစ်တဲ့ နေရာတွေက ကျနော်တို့ လက်လှမ်းမမီတဲ့ နေရာတွေမှာ ဖြစ်နေတယ်” ဟု ပြောသည်။

ဖမ်းဆီး ခံရသူများတွင် ပါဝင်သွားသည့် ဆယ်အိမ်မှူး တဦး၏ မိသားစုဝင်က “မတ်လ ၄ ရက်နေ့က အိမ်မှာ ည ၁၂ နာရီ လာဖမ်းတာ။ အိပ်နေတဲ့ အချိန်မှာ၊ မိသားစု အကုန်လုံးရှိနေတယ်။ ခဏထွက်ခဲ့ပါ၊ အိမ်ရှင်ရှိလား ဆိုပြီးခေါ်တာ။ တံခါးဖွင့်လာတော့ ဝင်လာပြီး ဆွဲခေါ်ပြီး တခါတည်း ကြိုးနဲ့ တုပ်ပြီး ခေါ်သွားတာ” ဟု ပြောပြသည်။

အဆိုပါ မိသားစုဝင်က သတင်းရေးသားရာတွင် ၎င်း၏ နာမည်ကို မဖော်ပြရန်နှင့် ဖော်ပြပါက အသက် အန္တရာယ် ရှိနိုင် ကြောင်း ပြောသည်။

ထို့အပြင် ဖမ်းခံထားရသူ ၂၁ ဦးအနက် တရုံကျေးရွာ၊ ရပ်ကွက် (၂) မှ ဆယ်အိမ်မှူး ဦးကတုံးဆင်ဝါးသည် အိမ်တွင် မိသားစုဝင်ငွေကို အဓိက ရှာပေးနေသူဖြစ်သဖြင့် ပြန်လွှတ်ပေးရန် ပြောရာ လူအစားထိုး လဲပေးပါက ပြန်လွှတ်ပေး မည် ဟု KIA တပ်ဖွဲ့ဝင်များက ပြောကြောင်း မိသားစုဝင်များက ပြောဆိုသည်။

မိသားစုဝင် တဦးက “ဆင်ဝါးကို ပြန်လွှတ်ခိုင်းစေချင်တယ်။ အဖေအမေလည်း အသက်ကြီးနေပြီ။ သူပဲ လုပ်ကျွေး နေရတာ။ သူ့ကို ခေါ်သွားရင်တော့ လုပ်ကျွေးမယ့်သူ မရှိဘူး။ အဲဒီတော့ မတတ်နိုင်ဘူး။ သူ့ကို ပြန်ရဖို့ သူ့သမီးကို ပြန်အစားထိုးမယ်တဲ့၊ အဖေနဲ့အမေက ဆုံးဖြတ်လိုက်တယ်။ စိတ်မကောင်းဘူး။ မိသားစု ထဲကတော့ ဘယ်သူ့ကိုမှ မသွားခိုင်းစေချင်ဘူး”ဟု ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ဦးကတုံးဆင်ဝါး၏ သမီးကြီးဖြစ်သူက လူစားလဲရန် လာခေါ်သည့် KIA တပ်ဖွဲ့ဝင်များ နှင့် လိုက်သွားပြီဟုလည်း မိသားစုဝင်များနှင့် ကျေးရွာဒေသခံများက ပြောပြသည်။

ရပ်ကွက် (၂) တွင် နေထိုင်သည့် ဒေသခံတဦးက “ခုနကပဲ ဦးဆင်ဝါးသမီးက လိုက်သွားပြီ။ မနက်ဖြန်မှ အခြေအနေ သိရမယ်။ သူတို့ ၂ ယောက်စလုံးကို ခေါ်ထားမလား။ သူတို့ပြောတဲ့အတိုင်း ဆင်ဝါးကို လွှတ်ပေး မလားဆိုတာ မနက် ဖြန်မှ သိရမယ်။ တချို့ကိုတော့ ၂လ ၃လအမှုထမ်းပြီးရင် ပြန်လွှတ်မယ်လည်း ကြားတယ်” ဟု ပြောဆိုသည်။

ရပ်ကွက် (၁) တွင် နေထိုင်သည့် အမျိုးသမီးတဦးကလည်း KIA တပ်ဖွဲ့ဝင်များက အိမ်တွင် အမျိုးသားများ မရှိပါက အမျိုးသမီးများကို စစ်မှုထမ်းရန် ခေါ်မည်ဟု ပြောဆိုသွားကြောင်း၊ လက်ရှိတွင် ဖမ်းဆီး ခံထားရသည့် အမျိုးသားများ ၏ မိသားစုဝင်များက တောထဲသို့ လိုက်သွားပြီး အဝတ်အစားများ သွားပေးခွင့် ရကြောင်း ပြောသည်။

ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တရုံကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖြေရှင်းပေးရန် တိုင်ကြားထားကြောင်း၊ တရုံကျေးရွာနှင့် ၃ မိုင်ခန့် အကွာတွင် KIA တပ်ဖွဲ့ဝင်များ နေထိုင်သည့် တပ်စခန်းများ ရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

တနိုင်းမြို့နယ်သည် KIA ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ ဌာနချုပ် အခြေစိုက်ပြီး လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ခေါ်သွားတာတော့ ဟုတ်တယ်။ အရေအတွက် ကတော့ ကျနော် အတိအကျမသိဘူး။ ဒေသခံတွေဖုန်းကို ဆက်ပြီး မေးကြည့်ပါ။ အခုလည်း လူသစ်စုတာလား၊ ဘာလဲ ပေါ့။ ကျနော်က နေပြည်တော် ရောက်နေတော့ အတိအကျ မသိတော့ ပြောဖို့ ခက်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တနိုင်းမြို့နယ်အတွင်း ဒေသခံများ သွားလာရေး အဆင်ပြေသော်လည်း မြစ်ကြီးနား – မိုးကောင်း- တနိုင်း လမ်းအတိုင်း ခရီးသွားများ လာမည်ဆိုပါက မိုးကောင်းမြို့နယ်၊ မရန်ကထောင် – လဝါး လမ်းပိုင်း အထိသာ လာခွင့် ရှိပြီး တပ်မတော်က တနိုင်းမြို့ဘက်ကို ဝင်ထွက်ခွင့် ပိတ်ထားသည်ဟုလည်း ဦးလင်းလင်းဦးက ပြောပြသည်။

သို့သော် တနိုင်းမြို့မှ တနိုင်း- မိုးကောင်း- မြစ်ကြီးနား ဆင်းမည့် သူများကို သွားခွင့်ပေးကြောင်း၊ တနိုင်းမြို့ အနီး တဝိုက် မှ မြို့ထဲဝင်လာသူများကိုလည်း တပ်မတော် စစ်ကြောင်းများက လက်နက် ခဲယမ်းရှာဖွေမှုများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

တရုံကျေးရွာမှ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ KIA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာ ၎င်းက တရုံကျေးရွာ ဒေသခံများ ဖမ်းဆီးခံရသည့် သတင်းကို မသိရှိသေးကြောင်း၊ သို့သော် KIA သည် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်ပြီး လက်ရှိတွင်လည်း တပ်မတော်နှင့် စစ်ရေး တင်းမာမှုများ ရှိနေကြောင်း၊ တိုက်ပွဲများလည်း ဖြစ်ပွားနေသဖြင့် လူသစ်စုဆောင်းမှုများ ရှိလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

KIA ၏ လူသစ်စုဆောင်းမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက “ပြန်စိစစ်လို့ အသက် ၁၈ နှစ် မပြည့်တဲ့ ကလေးဆို ပြန်လွှတ်ပေးတယ်။ ကျန်းမာရေး မကောင်းရင်လည်း ပြန်လွှတ်ပေးတယ်။ တကယ်လို့ မိသားစုဝင်ထဲမှာ KIA မှာ အမှု ထမ်းနေတဲ့သူ ရှိတယ်ဆိုရင် ပြန်စဉ်းစားပေးတယ်။ တကယ်လို့ ဖမ်းတယ်ဆိုရင် ပြန်စိစစ်ဦးမှာပါ” ဟု ပြောပြသည်။

လူသစ်စုဆောင်းပါက ဖမ်းခေါ်လာသူများကို ပြန်စိစစ်ပြီး သတ်မှတ်ချက်နှင့် မကိုက်ညီပါက ပြန်လွှတ်ပေးကာ သတ်မှတ် ချက်နှင့် ကိုက်ညီသူက အမှုထမ်းဆောင်ရမည် ဖြစ်ပြီး KIA အဖွဲ့အစည်းထံမှ အကျိုးခံစားခွင့် ရမည် မဟုတ် ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် KIA ကြား စစ်ရေး တင်းမာမှုများ ရှိနေပြီး မတ်လ ၅ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တနိုင်းမြို့နယ်အတွင်း KIA တပ်ရင်း (၁၄) က အစိုးရ ခွင့်ပြုချက်မရဘဲ တရားမဝင် ပယင်း တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ဆိုကာ ၂၀၁၇ ခုနှစ် ဇွန်လ ပထမပတ်မှစ၍ တပ်မတော်က ပယင်း ထွက်သည့် နယ်မြေများကို သိမ်းဆည်းရန် KIA ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး တနိုင်းမြို့သို့ ပို့သည့် ဆန်နှင့် စက်ယန္တရားသုံး ဆီများ၊ စားသုံးဆီ များ ကိုလည်း တင်သွင်းခွင့် ကန့်သတ်ခဲ့သည်။

တပ်မတော်နှင့် KIA တို့သည် ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် စစ်ရေး တင်းမာမှုများကို လျှော့ချရန် ဖေဖော်ဝါရီ လ ၁ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် တပ်မတော်ဘက်မှ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ တွေ့ဆုံထားသည်။

သို့သော် ကချင်ပြည်နယ်အတွင်း စစ်ရှိန်လျှော့ချနိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ တနိုင်းမြို့နယ် အပြင် ဆွမ်ပရာဘွမ် မြို့နယ်နှင့် ပူတာအို မြို့နယ်တို့တွင်လည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading