နေပြည်တော်ရှိ ဒက္ခိဏသီရိခရိုင် တရားရုံးတွင် လူသတ်မှုဖြင့် ရုံးတင် စစ်ဆေးခံနေရသည့် အမျိုးသား ၁ ဦးနှင့် အခြားသူ တဦး တို့သည် ယမန်နေ့က ရုံးထုတ်အပြန် အချုပ်ထောင်သို့ ပြန်လည် ရောက်ရှိစဉ် ရဲတပ်ဖွဲ့ဝင်များကို တွန်းထိုး၍ ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၇ ရဲစခန်းမှူး ရဲအုပ် တင်သိန်းက “နေပြည်တော် အချုပ်ထောင်မှာ ခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးပြီးတော့ ပြန်ခေါ်လာတဲ့ တရားခံပေါ့။ အဲဒီတရားခံတွေကို ပြန်သွင်းတဲ့ အချိန်မှာ နောက်ဆုံး တရားခံ ၂ ယောက်က ရဲကို တွန်းထိုးပြီးတော့မှ ထွက်ပြေးသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ငြိမ်းချမ်း ဆိုသူနှင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၆ နှစ်အရွယ် ကိုဝင်း (ခ) သူရ တို့ ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်း ဆိုသူသည် လူသတ်မှုဖြင့် ရုံးတင် အစစ်ခံရပြီး ကိုဝင်းမှာ မူးယစ်ဆေးမှုဖြင့် စစ်ဆေးခံနေရသူ တဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အချုပ်ကားကို နောက်ဆုံးမှ ဆင်းပြီး ရဲတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်၍ ထွက်ပြေးခြင်းသည် ကြိုတင် ကြံစည် ထား သည် ဟု ယူဆကာ တရားခံများ ဖမ်းမိနိုင်ရေး ဆောင်ရွက်နေကြောင်း ရဲအုပ် တင်သိန်းက ပြောသည်။
“တရားခံ ဖမ်းဆီးရမိရေး အတွက် နေပြည်တော် တတိုင်းလုံး ဝိုင်းဝန်းပြီးတော့ ရှာနေကြတယ်။ တောတိုးပြီး ရှာနေတဲ့ အဖွဲ့တွေလည်း ရှိတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
ယခု ဖြစ်စဉ်ကြောင့် တာဝန်ပေါ့ဆသည့် ရဲအရာရှိ တဦးနှင့် အခြား တပ်ဖွဲ့ဝင်များသည်လည်း ရဲစည်းကမ်းအရ အရေးယူ ခံရမည် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်ကလည်း နေပြည်တော် ပျဉ်းမနားမြို့နယ် ရဲစခန်း အချုပ်ကို ဖောက်ပြေးသူ ၂ ဦး ရှိခဲ့ဖူး ပြီး ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ သိရသည်။