သတင်း

တပ်မတော်နှင့် KNU ကြား စစ်ရေး သတိရှိရန် တပ်လှန့်ထား

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သော ကရင်ပြည်နယ် ဖာပွန် ခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ကြား စစ်ရေး သတိရှိရန် တပ်လှန့်ထားကြောင်း တပ်မဟာ (၅) ဌာနချုပ်ရုံး ထံမှ သိရသည်။

ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းသို့ နယ်ကျွံ ဝင်ရောက်လာသည်ဟု ဆိုကာ တပ်မတော် စစ်ကြောင်းများနှင့် ဒေသခံ ကရင် ကျေးရွာသားများဖြင့် ဖွဲ့စည်းထားသည့် ရပ်ရွာလုံခြုံရေးအဖွဲ့ (Home guard) များကြား မတ်လ ၅ ရက် နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ ဖြစ်လာရခြင်း ဖြစ်ကြောင်း KNU တပ်မဟာ (၅) ရုံးထိုင်မှူး စောအဲကလယ် က ပြောသည်။

စောအဲကလယ် က “တင်းမာနေတယ်လို့တော့ မဟုတ်ဘူး။ လောလောဆယ် အနေအထားကတော့ အသင့်ပေါ့လေ။ သူတို့ (တပ်မတော်) ဘက်က တပ်လှန့်ထားတဲ့ သဘောမျိုးသက်ရောက်တာပေါ့။ အဲသလိုသက်ရောက်တော့ ဒီ (KNU) ဘက်ကလည်း ပြင်ဖို့ ဆင်ဖို့ လိုအပ်တယ်လို့ ယူဆကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် စစ်ကြောင်းများက မတ်လ ၅ ရက်နေ့တွင် လူသောမြို့နယ် လယ်မူပလောအုပ်စု၊ ခလိုးခလောခီး နေရာရှိ ကားလမ်းဟောင်း တခုအား ပြန်ဖောက်ရန် လုံခြုံရေးကင်းများ ချလာရာမှ ရပ်ရွာလုံခြုံရေး အဖွဲ့ ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KNU က ပြောဆိုသည်။

တပ်မတော်နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော ရပ်ရွာလုံခြုံရေးအဖွဲ့ (Home guard) သည် KNU က ဖွဲ့ပေးထားသော အဖွဲ့များ ဖြစ်ပြီး KNU သည် အစိုးရနှင့် ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီးနောက် လိုအပ်ချက်အရ ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်ဟု KNU နှင့် နီးစပ်သည့် သတင်း ရင်းမြစ်များက ဆိုသည်။

“ရွာသားတွေက ကျနော်တို့ရဲ့ ဦးဆောင်မှု မဟုတ်ဘဲနဲ့ သူတို့လုံခြုံရေး အတွက်ဆိုပြီးတော့ ယမ်းထောင်းတဲ့ သေနတ် လို ဟာမျိုးတွေနဲ့ သူတို့ဟာသူတို့ တရွာစီ၊ တရွာစီ စုပြီး Home guard လို့ ခေါ်တဲ့ နာမည်မျိုးနဲ့ လှုပ်ရှားတာရှိတယ်။ Home guard က လမ်းဘေးမှာ အမြဲတမ်း သွားသွား လာလာပဲ၊ အဲဒါကို တပ်မတော်က သူ့လုံခြုံရေး ထိခိုက်မယ် ဆိုပြီးတော့ ပစ်တာနဲ့တူတယ်” ဟု စောအဲကလယ် က ပြောသည်။

တပ်မတော်အနေဖြင့် အဆိုပါလမ်းဖောက်မည့် ကိစ္စကို KNU ကလည်း ခွင့်မပြုကြောင်း၊ သို့သော်လည်း တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ယင်းသို့ လုပ်ဆောင် ခြင်းသည် စစ်ရေး အရ နယ်မြေ စိုးမိုးရေးအတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်နေခြင်းဖြစ်သည်ဟု KNU ဘက်က ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် Home guard အဖွဲ့ဝင်များ အပါအဝင် ဒေသခံ ကျေးရွာသားများမှာ ထွက်ပြေး ပုန်းရှောင်နေရကြောင်း KNU ဘက်က ပြောသည်။

ဖာပွန်ခရိုင်ထဲတွင် Home guard အဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားခြင်း၊ တပ်မတော်နှင့် KNU တို့ကြား စစ်ရေးသတိဖြင့် တပ်လှန့်ထားခြင်း အပါအဝင် လမ်းဖောက်နေသည်ဟုဆိုသည့် သတင်းများကို အသေအချာ မသိရသေးကြောင်း ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းနောင် က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး မင်းနောင် က “ကျနော်လည်း အသေအချာ မသိသေးလို့ အခုမှ မေးနေတုန်းပါဗျာ။ ပစ်တယ်၊ ခတ်တယ် လို့တော့ မကြားသေးဘူးဗျ။ (စစ်ရေးတင်းမာမှု) အဲဒီလိုလည်း မရှိပါဘူးဗျာ။ လမ်းဖောက်တာလည်း လတ်တလော မရှိ ဘူးဗျ။ အဲဒါတွေကို သေချာမသိသေးလို့ အခြေချဗျူဟာကို မေးထားတုန်းပဲ ရှိပါသေးတယ်” ဟုလည်း ပြောဆိုသည်။

တပ်မဟာ ၅ နယ်မြေသို့ တပ်မတော် စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားနေမှု အခြေအနေနှင့် ပတ်သက်၍ KNU ဗဟို စစ်ဌာနချုပ်ထံ တင်ပြထားကြောင်း၊ တပ်မတော်အနေဖြင့် နောက်မဆုတ်ဘဲ ဆက်လုပ်နေမည်ဆိုပါက KNU နှင့် တပ်မတော်တို့ ကြား ပဋိပက္ခ အခြေအနေ ပိုဆိုးလာနိုင်ကြောင်း တပ်မဟာ ၅ မှ KNU ထိပ်တန်း အရာရှိတဦးက ဆို သည်။

ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ လောလောဆယ် သေသေချာချာ မသိရသေးကြောင်း တပ်မတော်နှင့် KNU တို့ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါက ရပ်ဆိုင်းထားပြီး ပြေလည်မှုရရန် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒု ဥက္ကဌ (၁) လည်းဖြစ် KNU ထိပ်ပိုင်းတာဝန်ရှိသူ တဦးလည်းဖြစ်သည့် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ပြောဆိုသည်။

ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က “အခုလောလောဆယ် ကျနော်က ရန်ကုန်မှာ ရောက်နေတယ်လေ။ အခြေအနေတွေကို နောက်ပြန် မေးထားတုန်းပဲ ရှိသေးတယ်။ အတိအကျ မသိသေးဘူး။ ပစ်ခတ်မှုတွေဖြစ်တယ် ဆိုရင်တော့ ကျနော်တို့ ဘက်က နည်းနည်း ရပ်ဆိုင်းထားပေးဖို့တော့ ပြောပေးရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

NCA သဘောတူညီချက်အရ တပ်မတော်နှင့် KNU တို့ကြား လှုပ်ရှား နယ်မြေများ အတွင်း ဝင်ရောက် သွားလာမည် ဆိုပါက ကြိုတင် အကြောင်းကြားမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုသဘောတူညီချက်ကို လိုက်နာမှု မရှိဘဲ ရှေ့ဆက် တိုးမည်ဆိုလျှင် အခြေအနေ ပိုမို ဆိုးရွားလာနိုင်ကြောင်း စောအဲကလယ် ကလည်း ပြောသည်။

“အခုလို နှစ်ဖက်စလုံး ယုံကြည်မှု တည်ဆောက်ဆဲ ကာလမှာ တဘက်က သတ်မှတ်ထားတဲ့ဟာကို တဘက်က လိုက်နာ ပေးရမယ်။ ဒါကို အသိအမှတ် မပြုဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆက်တိုးမယ်ဆိုရင်တော့ ဆိုးရွားတဲ့ အခြေ အနေတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့က ယူဆတယ်လေ” ဟု စောအဲကလယ် က ပြောဆိုသည်။

KNU သည် အစိုးရနှင့် ၂၀၁၅ ခုနှစ်တွင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့ သည်။

ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ အတွင်း၌ တပ်မတော်နှင့် KNU တို့ကြား ထိတွေ့မှု ၃ ကြိမ်ထက် မနည်းရှိခဲ့ပြီး အဆိုပါဖြစ်ရပ်များသည် တပ်မတော်ဘက်က နယ်ကျွံလာ၍ သတိပေးသည့် အခြေအနေ အဆင့် သာ ရှိကြောင်း KNU ဘက်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading