သတင်း

ထိုင်း- မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုရင်းနှီးလာနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မွတ်စလင်များကို လူမျိုးစု သုတ်သင်ရှင်းလင်းမှု လုပ်သည် ဟူသော စွပ်စွဲချက်များ အတွက် မြန်မာ့တပ်မတော်ကို နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများ ရှိနေသော်လည်း အိမ်နီးချင်း ထိုင်းဘုရင့်တပ်မတော်ကမူ မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တော်ဝင်အဆောင်အယောင်များပင် ချီးမြှင့်လိုက်သေးသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒုတိယ ထိုင်း တော်ဝင်အဆောင်အယောင် ဖြစ်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင် သူရဲကောင်း ဘွဲ့တံဆိပ် (ပထမအဆင့်) ”The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” ချီးမြှင့်ခြင်း ခံရသည့် ပထမဆုံး နိုင်ငံခြား တပ်မတော် အကြီးအကဲ ဖြစ်လာသည်။ ထိုင်း တပ်မတော်ကို ထောက်ခံခြင်း အတွက် ဂုဏ်ပြုသောအားဖြင့် ထိုဆုတံဆိပ်ကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အခြားသော ထိုင်းနိုင်ငံ၏ မဟာမိတ်နိုင်ငံများမှ စစ်ဘက် အကြီးအကဲများသည် ပထမ တော်ဝင်အဆောင်အယောင် ဖြစ်သည့် မြင့်မြတ်သော တော်ဝင်သရဖူ သူရဲကောင်းဘွဲ့တံဆိပ် (ပထမအဆင့်) Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand ကိုသာ ချီးမြှင့်ခံကြရကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ဖော်ပြသည်။

ထိုသို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ချီးကျူးဂုဏ်ပြုမှု ခံရသည်မှာ သူ၏ ရှည်လျားလှသော ရာထူးသက်တမ်းအတွင်း များပြားလှ စွာသော ထိုင်းစစ်ဘက် အကြီးအကဲများနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ခဲ့သောကြောင့်ဟု ဖော်ပြသည်။

ထိုင်းတပ်မတော်က ဆုတံဆိပ်ပေး ချီးမြှင့်ခဲ့သော ပြည်ပမှ အခြားသော စစ်ဘက် အကြီးအကဲများသည် ၎င်းတို့ကို စစ်ဘက်အကြီးအကဲ ရာထူးတွင် ခန့်ထားချိန်တွင် ၎င်းတို့သည် အငြိမ်းစား ယူမည့် အသက်အရွယ် နီးပါး ရှိနေကြပြီ ဖြစ်ပြီး စစ်ဘက်ထိပ်တန်း ရာထူးတွင် အချိန်ကြာကြာ မနေသောကြောင့် ပထမ တော်ဝင်အဆောင်အယောင်ကိုသာ ရရှိကြသည်။

မြင့်မြတ်သော ဆင်ဖြူတော်ဝင် သူရဲကောင်း ဘွဲ့တံဆိပ် (ပထမအဆင့်) ချီးမြှင့်စဉ်/ Senior General Min Aung Hlaing Facebook

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့နှင့် မတူပေ။ သူသည် စစ်ဘက်အကြီးအကဲ အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်သည်။ သူ၏ ၇ နှစ်တာ ရာထူးသက်တမ်း အတွင်းတွင် ထိုင်းနိုင်ငံတွင် စစ်ဘက်အကြီးအကဲ ၅ ဦးထက် မနည်းပြောင်းလဲ သွားခဲ့သည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၏ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်များနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ထူထောင်ထားရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံနှင့် အဆက်အသွယ် ထူထောင်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပြီး တနှစ်လျှင် ၃၊ ၄ ကြိမ်မျှ ထိုင်းနိုင်ငံသို့ လာလည်တတ်ကြောင်း သတင်းက ဆိုသည်။

တချိန်တည်းတွင် ထိုင်းစစ်ဘက်ခေါင်းဆောင်များ ဖြစ်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ် အကြီးအကဲမှ စစ်သေနာပတိချုပ် အထိ သည်လည်း သူနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ မကြာမခဏ လာရောက်ကြသည်။

၂၀၁၂ ခုနှစ်က ထိုင်း ဗိုလ်ချုပ်ကြီး တာနာဆက် ပက်တီမာပရာဂွန် (Tanasak Patimapragorn) ထိုင်းစစ်သေနာပတိချုပ် တာဝန်ယူထားစဉ် မြန်မာစစ်ဘက် အကြီးအကဲသည် ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ပြီး တချိန်က စစ်ဘက် အကြီးအကဲ ဖြစ်ခဲ့သူ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-o-cha) အပါအဝင် စစ်ဘက်ခေါင်းဆောင် အများ အပြားနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခဲ့သည်။

ထိုမှစပြီး မြန်မာတပ်မတော် အကြီးအကဲသည် ထိုင်းနိုင်ငံသို့ သွားရောက်တိုင်း ဗိုလ်ချုပ်ကြီး ပရာရွတ်၊ ဗိုလ်ချုပ်ကြီး တာနာဆက် တို့နှင့်တွေ့ဆုံကြောင်း သိရသည်။

နယ်စပ်ပဋိပက္ခ သို့မဟုတ် တိုက်ခိုက်မှု မရှိသော တပ်မတော် ၂ ရပ်နှင့် ၂ နိုင်ငံအကြား ခိုင်မာသော ဆက်ဆံရေးကြောင့် စစ်သေနာပတိချုပ် အနေဖြင့် ဗိုလ်ချုပ်ကြီး တာနာဆက်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက် ပထမတောင်ဝင် အဆောင်အယောင် တံဆိပ် ချီးမြှင့်ရန် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က အဆိုပြုခဲ့သည်။

ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်ဒါကို လက်ဆောင်ပစ္စည်း ပေးအပ်စဉ်/ Senior General Min Aung Hlaing Facebook

၃ နှစ် ကြာပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင် ထိုစဉ်က စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဆူရာပွန် ဆူဝန်နာအက်က မြန်မာစစ်ဘက် အကြီးအကဲကို ဒုတိယ တော်ဝင်အဆောင်အယောင် ချီးမြှင့်ရန် အဆိုပြုသည်။

ထို အဆောင်အယောင် ဆုတံဆိပ်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ချီးမြှင့်ခဲ့ သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုဆုတံဆိပ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကိုယ်တိုင်လက်ခံခဲ့သည်။

ရိုဟင်ဂျာ အကျပ်အတည်းနှင့် ပတ်သက်ပြီး မကြာသေးမီက ဘန်ကောက်ပို့စ် သတင်းစာသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြေကြားရာတွင် “ဒီ ပြဿနာကို ဖြေရှင်းဖို့ ကျနော် အကောင်းဆုံး လုပ်ဆောင်သွားမယ် ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်” ဟု ပြောသည်။

“နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လို့ ခေါ်တဲ့ လူမျိူးစု မရှိဘူး။ သူတို့တွေဟာ တနေရာရာကနေ ရောက်လာတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်။ ကျနော်တို့ ကတော့ ဥပဒေအတိုင်း လုပ်မှာပဲ။ အခုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အနီးကပ် ဆက်သွယ် ဆောင်ရွက်နေပါတယ်” ဟုလည်း ပြောကြောင်း သိရသည်။

ပြည်ပ တပ်မတော် အကြီးအကဲများကို တော်ဝင် ဆုတံဆိပ်များ ချီးမြှင့်ခြင်းသည် ထိုင်းတပ်မတော်၏ သမိုင်းရှည်ကြာသော အစဉ်အလာ ဖြစ်သည်ဟု လွန်ခဲ့သော လက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တော်ဝင် ဆုတံဆိပ် ချီးမြှင့်ခဲ့သော လက်ရှိ ထိုင်း စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး သန်ချိုင်ယန် ဆရီဆူဝန် (Thanchaiyan Srisuwan) ကပြောသည်။

ထိုင်းနိုင်ငံ၏ မဟာမိတ် အခြားသော နိုင်ငံများမှ တပ်မတော် အကြီးအကဲများ ကိုလည်း ထိုင်းနိုင်ငံက ဆုတံဆိပ်များ ချီးမြှင့်သည်။

မြန်မာ ဗိုလ်ချုပ်ကြီးကို ပေးသော ဆုတံဆိပ် အပြင် ထိုင်းနိုင်ငံသည် စင်ကာပူ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ် မယ်လ်ဗင် အောန် (Melvyn Ong) ကို ပထမ တောင်ဝင်အဆောင်အယောင် ဆုတံဆိပ် ပေးအပ်ခဲ့သည်။

နှစ်နိုင်ငံ လက်နက်ကိုင်တပ်များ အကြား ခိုင်မာသော ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယ တောင်ဝင် အဆောင်အယောင် ဆုတံဆိပ်ပေးရန် ထိုင်း တပ်မတော်က အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး သန်ချိုင်ယန် ဆရီဆူဝန်ကို ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသည်။

ရိုဟင်ဂျာ အကျပ်အတည်းသည် ပြည်တွင်းရေးသာ ဖြစ်သည်ဟု ထိုင်းနိုင်ငံက မြင်သောကြောင့် ထိုဆုံးဖြတ်ချက်ကို ထိခိုက်ခြင်း မရှိကြောင်းလည်း သူက ရှင်းပြသည်။

“ဒီ အကျပ်အတည်း ပြေလည် သွားဖို့သာ ကျနော်တို့ မျှော်လင့်တယ်” ဟု ဗိုလ်ချုပ်ကြီး သန်ချိုင်ယန်က ပြောသည်။ ကောင်းမွန်သော ဆက်ဆံရေးသည် အရေးပါကြောင်း မြန်မာ စစ်ဘက်အကြီးအကဲ ကလည်း သဘောတူသည်။

“မြန်မာနိုင်ငံဟာ အိမ်နီးချင်းကောင်းဖြစ်လို့ ကျနော် ဒီတော်ဝင် အဆောင်အယောင်ကို ရရှိခဲ့တာပါ။ ကျနော်တို့တွေမှာ တူညီတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားတွေလည်း ရှိကြတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုကြား ဆက်ဆံရေးဟာ တော်တော်လေးကို ကောင်းပါတယ်။ ဒါဟာ ကျနော် တော်ဝင်ဆုတံဆိပ် ရတဲ့ နောက်ထပ် အကြောင်းရင်း တခု ဖြစ်ပါတယ်။ ဒီအတွက် ကျနော်ဂုဏ်ယူတယ်” ဟုလည်း ပြောသည်။

တပ်မတော် အကြီးအကဲ ၂ ဦးတို့သည် လက်ရှိ ထိုင်းအစိုးရ လက်အောက်တွင် ယခင်က မှတ်တမ်းတင်ထားသည်ထက် ပိုမို နီးကပ်သော ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ကြသည် ဟုလည်း ဆက်လက်ပြောကြားပြီး “ကျနော်တို့တွေက ညီအစ်ကိုတွေ” ဟုလည်း ဆိုသည်။

မြန်မာစစ်ဘက် အကြီးအကဲ၏ ထိုင်းနိုင်ငံတွင် ရေပမ်းစားနေခြင်းကို ပိုမိုခိုင်မာစေသော အခြားအရေးပါသည့် အကြောင်း တခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်ဒါ (Prem Tinsulanonda) ၏ မွေးစားသားဟု လူသိများနေခြင်း ဖြစ်သည်။

လွန်ခဲ့သော ၄ နှစ်အတွင်းတွင် ဗိုလ်ချုပ်ကြီး ပရမ်သည် ဖခင်သဖွယ် ဖြစ်နေသည် ဟုလည်း သူက ပြောပြီး ထိုင်းနိုင်ငံသို့ လာရောက်တိုင်း ဗိုလ်ချုပ်ကြီး ပရမ်၏ နေအိမ်သို့ သွားရောက်သည် ဟုလည်း ဆိုသည်။

တော်ဝင်ဆုတံဆိပ် လက်ခံရန် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သွားရောက်စဉ် ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗိုလ်ချုပ်ကြီး ပရမ်ကို ထပ်မံသွားရောက် တွေ့ဆုံကြောင်း သိရသည်။

“တော်ဝင်ဆုတံဆိပ် ချီးမြှင့်ခံရတယ် ဆိုတာဟာ လူကြီးလူကောင်း ဖြစ်ကြောင်း ပြသလိုက်တာ ဖြစ်တယ်။ ကောင်းမွန်တဲ့ အရည်အချင်းတွေနဲ့ ငါတို့ရဲ့ ခိုင်မာတဲ့ ခင်မင်မှုကို ဆက်လက် ထိန်းသိမ်းကြစို့” ဟု ဗိုလ်ချုပ်ကြီး ပရမ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပြောခဲ့သည်ဟု သတင်းက ဆိုသည်။

ဘုရင့် အတိုင်ပင်ခံ ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရမ်သည် မြန်မာ စစ်ဘက် အကြီးအကဲကို မကြာခဏ သားအဖြစ် ရည်ညွှန်း ပြောဆိုတတ်သလို သူ့ကိုယ်သူလည်း ဖခင်ဟု ပြောတတ်သည်။

“မင်း ထိုင်းကို ရောက်လို့မှ ငါ့ကို လာမတွေ့ရင်တော့ ငါ စိတ်ဆိုးမိမှာပဲ” ဟုလည်း ပြောခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီး ပရမ်သည် သူ့ကို ကားဆီသို့ အမြဲလိုက်ပါ ပို့ဆောင်တတ်ပြီး ထိုအချက်သည် ၎င်းတို့ ၂ ဦး အကြား သံယောဇဉ်ကို ဖော်ပြသော အချက်ဖြစ်သည် ဟုလည်း သူက ပြောသည်။

“သူက ကျနော့်ကို အကြံတွေ အများကြီးပေးတယ်။ ကျနော်တို့ကြား ဆက်ဆံရေးက ဆွေမျိုးရင်းခြာ အဖေနဲ့ သားလိုပဲ။ ဒါဟာ ကောင်းမွန်ပြီး အဆင်ပြေစေတယ်။ သူ့ရဲ့ မွေးစားသား ဖြစ်ရတာကို ကျနော် ပျော်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ကိုးကား။ ။ Bangkok Post သတင်းစာပါ Wassana Nanuam ၏ Brothers in arms military chiefs cozy up

Did you find apk for android? You can find new Free Android Games and apps.
Loading