ဧရာဝတီတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၁၈၀၀ ခန့်အသုံးပြု ဆောင်ရွက်လျှက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှပြောသည်။
“ကျောင်းသား/ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ဖို့ ရဲအင်အား ၁၈၀၀ လောက် အသုံးပြုပြီးလုံခြုံရေး ဆောင်ရွက်ပေးထားပါတယ်။ စာမေးပွဲဖြေဖို့ လာရောက်တဲ့အခါမှာ ဖြစ်စေ ဖြေဆိုပြီးပြန်တဲ့အခါမှာ ဖြစ်စေ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစွာနဲ့ သွားလာနိုင်အောင် လည်း စီမံဆောင်ရွက် ပေးထားပါတယ်” ဟုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမူးကြီး ခင်မောင်လတ်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်၂၆ မြို့နယ်၌ စာစစ်ဌာန ၂၄၈ ခုရှိပြီး လုံခြုံရေးအတွက်ရဲတပ်ဖွဲ့အင်အား ၁၄၆၇ ဦး ထားရှိတာဝန်ပေးထားကာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ၃၃၆ ဦးထားရှိတာဝန်ပေးထားကြောင်း ယင်းရဲတပ်ဖွဲ့မှ သိရသည်။
“တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလကို အခုလို လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက် ပေးတာ ကောင်း ပါတယ်။ ဘာလို့ဆိုတော့ မြို့ထဲမှာ အရမ်းမောင်းတဲ့ ဆိုင်ကယ်တွေနဲ့ စွတ်မောင်းတဲ့ အုတ်သဲကျောက်ကားတွေ ရှိနေတော့ သူတို့ကြောင့် စာမေးပွဲဖြေနေတဲ့ ကလေးတွေ တခုခု ထိခိုက် သွားရင် မကောင်းဘူးလေ။ ပြီးတော့ ညဘက် ဆိုင်ကယ်တွေ အရမ်းမောင်းပြီး မူးရူးအော်ဟစ်နေတဲ့ လူငယ်အဖွဲ့တွေ ရှိနေတယ်။ စာမေးဖြေဖို့ စာကျက်တဲ့ကလေးတွေ အနှောင့်အယှက် မဖြစ်စေဖို့ ဒါတွေကိုလည်း တားဆီးပေးစေချင်တယ်” ဟု ပုသိမ်မြို့မှ ကျောင်းသားမိဘတဦးဖြစ်သည့် ဦးကျော်မျိုးဝင်းက ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ်ကာလများအတွင်း အရက်ဆိုင်များကို သတ်မှတ်ချိန်အတွင်း ပိတ်သိမ်းရန် ရဲ တပ်ဖွဲ့က သတိပေးဆောင်ရွက်ထားပြီးအသံချဲ့စက်များ အသုံးပြုခြင်း မရှိစေရေး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်နေကြောင်း ညဘက်တွင်ဆူပူအော်ဟစ်သူများ ကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဒုရဲမှူး ကြီး ခင်မောင်လတ်က ပြောသည်။
“ရဲတပ်ဖွဲ့က ညဘက်မှာလည်း လှည့်ကင်းတွေ ဝပ်ကင်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒါကြောင့် ညဘက်မှာ မူးရူး အော်ဟစ် ဆူပူတဲ့သူတွေ တွေ့တာနဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမတ်လ ၇ ရက်မှ မတ်လ ၁၆ ရက်အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်၌ ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား/ကျောင်းသူ ၈ သောင်းနီးပါးရှိကြောင်း သိရသည်။