သတင်း

ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီ ၆၀၀ ကျော် တဘက်နိုင်ငံသို့ ထွက်ခွာ

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များ ပြန်လည် လက်ခံရေး ဆောင်ရွက်နေချိန်တွင် ဘူသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာသား ၆၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက် ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ထွက်ခွာသွားခဲ့သော ဘင်္ဂါလီကျေးရွာသားများသည် ဘူးသီးတောင်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများမှ ဖြစ်ပြီး မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက လူဦးရေ ၆၀၀ ကျော် ၎င်းတို့၏ သဘောဆန္ဒ အရ ထွက်ခွာသွား ခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

ဦးရဲထွဋ်က “သွားတာက လူ ၆၀၀ ကျော်လောက်ရှိတယ်။ နယ်မြေအခြေအနေလည်း အားလုံး အေးအေးဆေးဆေးပါပဲ ။ သူတို့ ဘာကြောင့် သွားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ လုံခြုံမှု မရှိဘူးဆိုရင် ကျန်တဲ့ လူတွေပါ အကုန်သွားမှာပေါ့။ သူတို့သဘောနဲ့ သူတို့သွားတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းမှ လမ်းလျောက်ပြီး မောင်တောမြို့နယ် ပညောင်ပင်ကြီး ဘင်္ဂါလီကျေးရွာ ဘက်မှနေ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မောင်တောမြို့နယ်အတွင်းမှ သတင်းအရင်းမြစ်များ၏ ပြောကြားချက်အရ ARSA အကြမ်းဖက် အဖွဲ့သည် မောင်တော ခရိုင်အတွင်းကျန်နေခဲ့သော ဘင်္ဂါလီရွာသားများကို ထွက်ခွာလာရန် ခြိမ်း ခြောက်ပြောဆိုမှုများ ရှိနေသလို ဘင်္ဂါလီ ရွာသား များအနေဖြင့်လည်း မောင်တောအရေးကြောင့် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့လျှင် ၎င်းတို့ ကြားညှပ်သွားမည်ကို စိုးရိမ် သည့်အတွက် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှစ်နိုင်ငံ နယ်စပ်မျဉ်းနံဘေးတွင် လာရောက်ကာ နေထိုင်နေကြသည့် ဘင်္ဂါလီ ၅ထောင်ခန့် အရေးနှင့် ပတ်သက်၍ မြန်မာတပ်မတော်က နယ်စပ်တွင် အင်အားတိုးမြှင့်ချထား သည့် အတွက် နှစ်နိုင်ငံအကြား စစ်ရေး တင်းမာမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့ ဆွေးနွေးပြီး နောက် ယခုအခါ နှစ်နိုင်ငံ နယ်စပ်တလျှောက် ပူးတွဲ ကင်းလှည့်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာအစိုးရ သတင်းများကဆိုသည်။

ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လုပ်ငန်းစဉ် သဘော တူညီချက်ကို ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံပြန် လည်လက်ခံရေး ပူးတွဲလုပ်ငန်း အဖွဲ့ဝင်များ၏ ပထမအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပကာ Physical Arrangement For Repatriation of Displaced Myanmar Residents Form Bangladesh ကို လက်မှတ်ရေး ထိုးခဲ့ကြောင်းလည်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂါလီများအား ပြန်လည် လက်ခံရေးအတွက် တောင်ပြိုလက်ဝဲ၊ ငါးခူရ စသည့် စိစစ်ပြန်လည် လက်ခံရေးစခန်းများနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့ ဖွင့်လှစ်ပြီး ပြန်လည်လက်ခံရေး ကိစ္စအတွက် ဆောင်ရွက်ထား ရှိသည်။

ပထမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုသူများ ဖြည့်သွင်းရမည့် ပုစံကိစ္စနှင့်ပတ်သက်၍ နှစ်ဘက်အကြေအလည်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၅ ရက်မှနေ ၁၇ ရက်နေ့အထိ နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြရာ ၎င်းအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှနေ မြန်မာဘက်သို့ နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၆၇၃ စု ၊ လူဦးရေ ၈၀၃၂ ဦး၏ အချက် အလက်များကို ပေးအပ်ခဲ့သည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသောပုံစံများမှာ နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ သဘောတူထားသည့် ပုံစံမဟုတ်သည့်အတွက် နေထိုင်ခဲ့ခြင်း ရှိ/မရှိ စိစစ်ရာတွင် မြန်မာအစိုး အနေဖြင့် အခက်အခဲများစွာ တွေ့ကြုံလာရ သည် ဟု မတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading