သတင်း

ဝန်ထမ်းများ၏ လုပ်ရပ်တချို့ အစိုးရကို ပြည်သူယုံကြည်မှု ကျဆင်းစေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရဝန်ထမ်းများ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင်ချက်များ၊ ဥပဒေကို ကျော်လွန်သည့် ဆုံးဖြတ် ချက်များက အများပြည်သူများအား နစ်နာမှုများ ရှိစေခဲ့ပြီး ထိုမှ တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက် စေကာ အစိုးရအပေါ်တွင် ပြည်သူ၏ ယုံကြည်မှု ကျဆင်းနေရ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပပြုလုပ်ခဲ့သည့် တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို သက်ဆိုင်တဲ့ ဥပဒေ၊ စည်းမျဉ်းတွေကို ကိုးကားခြင်း မပြုဘဲလုပ်တဲ့အခါ ဆင်ခြင်တုံ တရားအားနည်းပြီး တဖက်သတ်ဆန်တဲ့ ဆောင်ရွက် ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ဖြစ်ပေါ် စေ ပါတယ်။ အဲဒီက တဆင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေ ပြီး အစိုးရအပေါ်ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းစေပါ တယ်”ဟု ၎င်းကပြောသည်။

အစိုးရကိုယ်စား လုပ်ငန်းနယ်ပယ် အသီးသီးတွင် တာဝန်ယူ ထမ်းဆောင်နေကြသည့် အစိုးရဌာန အဖွဲ့ အစည်း အသီးသီးမှ ဝန်ထမ်းများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ် သည်ကို မမေ့ကြရန်နှင့် ကိုယ်ကျိုး မကြည့် ဘဲ စိတ်ကောင်း စေတနာများကို အခြေခံပြီး ဆောင်ရွက် ကြစေလိုကြောင်းလည်း မှာကြားခဲ့သည်။

ထို့ပြင် အများပြည်သူကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ တရားရုံးများ၊ ဥပဒေရုံးများ၊ ရဲတပ်ဖွဲ့များသည် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး လုပ်ငန်း များတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသောကြောင့် ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းခဲ့သည်။

“ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး ဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများ ကျေနပ်အားရအောင် ဆောင်ရွက် ပေးတာနဲ့အမျှ ပြည်သူတွေရဲ့ မေတ္တာ၊ လေးစားမှုကို ခံရကြောင်း တွေ့ရပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးကလည်း လက်ရှိတွင် တရား ဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ အရည်အချင်း အားနည်း နေဆဲဖြစ်ပြီး တိုင်းပြည်၏ တရားဥပဒေ စိုးမိုးရေးမှာလည်း ဆိုးဝါးနေကြောင်း၊ ထမင်းဝအောင် စားထားဟု အပြောခံထားရပြီး ၎င်းတို့ကို လည်း ယနေ့အချိန်အထိ ဖမ်းဆီးပေးနိုင်ခြင်း မရှိကြောင်း ထောက်ပြသည်။

“တရားခံတွေက အကုန်ပြေး၊ ထမင်းဝအောင်စားထားလို့ ပြောတဲ့ကောင်တွေ တယောက်မှ မမိဘူး။ အဲ့သည်လောက် ညံ့သလား၊ အောင်ဝင်းခိုင် မမိဘူး။ ရိုက်တာသတင်းထောက် ၂ ယောက်ကျတော့ ထောင်ချောက်ဆင် ဖမ်းတယ်။ ပြောစရာဖြစ်တာပေါ့။ ရာဇဝတ်ဘေးပြေး လွတ်တယ်ဆိုတဲ့ အပေါက် မျိုးတွေ ဖြစ်နေတယ်”ဟု ၎င်းက ဝေဖန်သည်။

အဓိကတာဝန်ရှိသည်မှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုလျှင် ပြည်ထဲရေးဝန်ကြီးဌာန ဖြစ် ကြောင်း၊ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှာ ပြည်ထဲရေး၏ လက်အောက်တွင်ရှိ၍ ၎င်းတို့တွင် တာဝန်ရှိကြောင်း၊ ဒုတိယ နိုင်ငံတော် အစိုးရတွင် တာဝန်ရှိကြောင်း ဦးသိန်းသန်းဦးက ပြောသည်။

တိုင်းပြည်တွင် တရားဥပဒေ စိုးမိုးရေးရှိရန် လိုအပ်နေခြင်းမှာ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့၍ ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍမှာ အလွန်ကျယ်ပြန့်လှ သဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဟု ရှေ့နေ ချုပ် ဦးထွန်းထွန်းဦးကလည်း ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

“ဒီဟာကတော့ သူ့ဌာနရဲ့ လုပ်ပိုင်ခွင့်၊ ဒါကို သူတို့ပဲ ဆုံးဖြတ်မယ်ဆိုတာမျိုး ဒီလို အစွဲလေးတွေ မထား ဘဲနဲ့ အားလုံးဝိုင်းပြီး ပြေလည်အောင် ဆောင်ရွက်ပေးမယ်။ ဒီကိစ္စ တင်ပြချက်တွေဟာ အားနည်း တယ်၊ လွဲနေတယ်ဆိုရင်လည်း လွဲနေတဲ့ အကြောင်း၊ ဘယ်လိုလမ်းကြောင်းနဲ့ ဖြေရှင်းနိုင်ကြောင်းကို ပြန်အသိပေးဖို့ လုပ်ဆောင်တာတွေ ရှိဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။

ကောင်းမွန်သည့် ဥပဒေများကို စာအုပ်ကြီးထဲတွင် ထား၍ ပြည်သူ၏ ဘဝများကို သက်ရောက်မှုရှိ အောင် မလုပ်နိုင်ပါက တရားဥပဒေ စိုးမိုးရေးသည်ဟု ပြော၍ မရနိုင်ဘဲ ၎င်းတို့၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် တရား ဥပဒေ စိုးမိုးရေးမှာ အလိုအပ်ဆုံးအရာ ဆိုသည်ကို တင်ပြ၍ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“တရားဥပဒေ စိုးမိုးရေးရှိမှ ကျန်တဲ့ကိစ္စတွေ ဖြစ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ငြိမ်းချမ်းရေးပေါ့။ အဲဒါနဲ့ ပတ်သက်ရင် တချို့နဲ့ အ ငြင်းပွားရတာလေးတွေ ရှိပါတယ်။ တချို့က ငြိမ်းချမ်းရေးကို နံပါတ် ၁ ထားရမယ်ပေါ့နော်။ ဘာလို့ တရား ဥပဒေ စိုးမိုးရေးကို နံပါတ် ၁ ထားတာလဲပေါ့။ ကျမတို့ ပြော တာက ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲဖို့ဆိုတာ တရားဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ မရဘူး”ဟု ၎င်းက ဆိုသည်။

အစိုးရ ဝန်ထမ်းများသည် ပုထုဇဉ်များဖြစ်၍ ၎င်းတို့၏ အကျိုးကို ကြည့်ပေးရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများကလည်း ပြည်သူလူထု၏ အကျိုး ကို ကြည့်ပေးရမည် ဖြစ်သလို ထိုသို့ဆောင်ရွက်နိုင်ပါ က အားလုံးအတွက် ချောချောမော မော မျှမျှ တတ ဖြစ်နိုင်မည် ထင်ကြောင်း၊ နိုင်ငံတော်က ဝန်ထမ်း များ၏ အကျိုးကို ကြည့်ပေးရန် တာဝန်ရှိသည်ကို အပြည့်အဝ လက်ခံကြောင်းလည်း ၎င်းက ပြော သည်။

“ဒါ့အပြင် မိမိတို့ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်များကို အများကတိုင်ကြားမှ၊ တင်ပြမှ လုပ်တာမျိုး မဟုတ်ဘဲ တာဝန် သိ သိ ဆောင်ရွက်ကြဖို့ လိုပါတယ်။ အုပ်ချုပ်မှုဆိုင်ရာကျင့်စဉ်များ တိုးတက်လာ စေဖို့အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာ မှာ ဖြစ်စေ၊ တင်ပြတိုင်တန်းမှုတွေကို လက်ခံဆောင်ရွက် ရာမှာဖြစ်စေ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နေပြည်တော်တွင် တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို MICC – 2 တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက် ရမည့် ကိစ္စရပ်များကို အဖွင့် မိန့်ခွန်းအဖြစ် ပြောဆိုခဲ့ သည်။

ယခုပွဲကို မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ရှေ့နေချုပ် ဦးထွန်းထွန်းဦး ကလည်း ပေါင်းစပ်ညှိနှိုင်း ရေး စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့သည်။

အခမ်းအနားကို ၂ ရက်တိတိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ပြီး တရား ဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုများ၊ အောင်မြင်မှုများ၊ ကြိုးပမ်းအားထုတ်ရမှုများ၊ လက်ရှိ နိုင်ငံ၏ အခြေအနေ၊ သုတသန ဆောင်ရွက်ချက်များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရား စီရင်ရေး ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဟု သတင်းရရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading