သတင်း

တရားဝင်တွေ့ဆုံပွဲက NCA လက်မှတ်ထိုးရေး ဆုံးဖြတ်နိုင်ခြေရှိဟု KNPP ဒုဥက္ကဋ္ဌပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များ တရား ဝင် တွေ့ဆုံ ဆွေးနွေးပွဲကို ပြုလုပ်သွားရန် သဘောတူညီထား၍ ယင်းမှ တဆင့် NCA လက်မှတ်ထိုးရေး ဆုံးဖြတ် လာနိုင်သော အခြေအနေကို ရရှိနိုင်သည်ဟု KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

KNPP မှ ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် PC မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုး ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး အတွက် ယနေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့သည်။

KNPP မှ ဒုဥက္ကဋ္ဌ ခူဦးရယ်က “ကျနော်တို့ တရားဝင် တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ အဆိုပြုထားတယ်။ အဲဒါကတော့ ရန်ကုန်မှာ မဟုတ်ဘူး။ လွိုင်ကော်မှာပေါ့။ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီးတွေ၊ တပ်မတော်က ခေါင်းဆောင်တွေ ပါဝင်စေလိုတယ်။ အဲဒီ တရားဝင် တွေ့ဆုံဆွေးနွေးပွဲက NCA လက်မှတ်ထိုးနိုင်ရေးကို အဆုံးအဖြတ် ပေးနိုင်ခြေရှိ တယ်။ အဲဒီလိုပဲ မျှော်လင့်ပါတယ်။ ကျနော်တို့ ဘက် ကလည်း အဲဒီအတိုင်း မျှော်လင့်ထားပါတယ်”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် တရားဝင် တွေ့ဆုံပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပသွားရန် နှစ်ဖက်ကိုယ်စား လှယ်များ အကြား ဆွေးနွေး၍ သဘောထားများ ချမှတ်ခဲ့ကြောင်း၊ သို့သော် မည်သည့် အချိန်တွင် တွေ့ဆုံမည်ကို မဆုံးဖြတ်နိုင်ခဲ့ကြောင်း KNPP ဘက်က ပြောသည်။

KNPP မှ ဒုဥက္ကဋ္ဌ ခူဦးရယ်က “ကျနော်တို့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီမှာ NCA ကို လက်မှတ် ထိုးနိုင်မယ်လို့ အဲဒီလိုပဲ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

၂၁ ရာစု ပင်လုံ ညီလာခံ (တတိယအကြိမ်) အစည်းအဝေးကို မူလက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံး ပတ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (လူမျိုးအလိုက်) ကျင်းပနိုင်ခြင်း မရှိသည့်အတွက် နောက် ဆုတ်ခဲ့ရသလို၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လည်း ဖေဖော်ဝါရီ ၁၃ ရက်က NCA လက်မှတ်ထိုးလာခြင်း ကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပရန် ရှိလာသည့်အတွက် ဖေဖော်ဝါရီလ အတွင်းမှာလည်း မကျင်းပနိုင် ဘဲ ဖြစ်ခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးက “အခုက ဧပြီကျရင်လည်း သင်္ကြန်ရုံးပိတ်ရက်တွေ ဘာတွေဆိုတော့ ဧပြီလည်း မဖြစ်နိုင်ဘူး။ မေလထဲလောက်ကျမှ ကျင်းပနိုင်မယ်ထင်တယ်” ဟု ပြောသည်။

KNPP သည် ယနေ့ အလွတ်သဘော ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့်တို့ တွင် နှစ်ဦးနှစ်ဖက် အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များ (Bilateral Agreements) တွင် ပါဝင်သည့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီကိစ္စ၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် အစိုးရ ဘက်မှ ဆက်ဆံရေးတာဝန်ခံများ ပြန်လည် ထားရှိရေးကိစ္စ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စနှင့် ပြည်နယ်အဆင့် ဖွံ့ဖြိုးရေးကိစ္စတို့ကို ဆက်လက် ညှိနှိုင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် ဆွေးနွေး ခဲ့ကြောင်း ၂၀၁၈ ခုနှစ်၊ မတ် ၇ ရက်မှာ KNPP က ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် PC မှ ဦးလှမောင်ရွှေက “ကျနော်တို့ အခု ဆွေးနွေးပွဲက ယုံကြည်မှု ရရှိစေခဲ့ပါတယ်။ ပြည်နယ်အဆင့် တကြိမ် ဆွေးနွေးဖူးတယ်။ ပြည်ထောင်စုအဆင့်ကို သုံးကြိမ် လောက် ဆွေးနွေးဖူးတယ်။ ဒါပေမယ့် အခု အစိုးရလက်ထက်မှာ ပြည်နယ်အဆင့် သဘောတူညီချက် ကို ပြန်ဆွေးနွေးတာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ပါ တယ်” ဟု ပြောသည်။

ထို့နောက် KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင်နိုင်ရေးနှင့် စပ်လျဉ်း၍ UNFC ၏ အဆိုပြုချက် (၈) ချက်ထဲမှ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ကိစ္စ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် သက်ဆိုင်သော ဆက်လက် ဆွေးနွေးရန် လိုအပ်သည့် အချက်များကိုလည်း ထပ်မံ ဆွေးနွေးခဲ့ကြောင်း KNPP ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

KNPP မှ ဒုဥက္ကဋ္ဌ ခူဦးရယ်က “ကျနော်တို့ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေထဲက အကောင်အထည် မဖော်နိုင်ဖြစ်နေတာတွေက နှစ်ဖက် တပ်လှုပ်ရှားမှုကို ကြိုတင် အကြောင်းကြားရန် ဆိုတာရယ်၊ ဒေသဖွံ့ဖြိုးရေး လုပ်တဲ့အခါမှာ ပြည်နယ်အစိုးရနဲ့ ကျနော်တို့ တိုင်ပင် ညှိနှိုင်းပြီးမှ လုပ်ဖို့ဆိုတာမှာ ပြည်နယ် အစိုးရက သူ့ဘာသာ လုပ်သွားတာတွေ၊ ဒါလေးတွေ ဖြစ်နေတာ။ ဒါကို နှစ်ဖက် ထိန်းသိမ်းပြီးတော့ အကောင်အထည်ဖော်သွားဖို့ ဆွေးနွေး ခဲ့ပါတယ်” ဟု ပြောသည်။

KNPP သည် တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့သော်လည်း လက်ရှိ NLDအစိုးရလက်ထက် ပထမဆုံး တွေ့ဆုံ ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading