သတင်း

ယခုနှစ် တောင်းခံထားသည့် ဘတ်ဂျက်များထဲမှ ကျပ် ဘီလီယံ ၁၃၀ ကျော် ဖြတ်တောက်

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ခွင့်ပြုချက်မှ အစိုးရ ဝန်ကြီးဌာနများ၏ တင်ပြ တောင်းခံထားသည့် ဘတ်ဂျက် ပမာဏတွင် ကျပ် ဘီလီယံ ၁၃၀ ကျော် ဖြတ်တောက် လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၂ ရက် မြောက်နေ့ မတ်လ ၆ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနက ထိုဘတ်ဂျက် နှင့် ပတ်သက်ပြီး ဆွေးနွေးသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ အထိ ၆ လအတွက် အစိုးရ နှင့် ဝန်ကြီးဌာနများမှ ငွေလုံးငွေရင်း အသုံးစရိတ်များ နှင့် သာမန် အသုံးစရိတ် ဘီလီယံ ၁ သောင်းကျော် (ကျပ် သန်းပေါင်း ၁၀၆,၇၇၆,၈၉ ဒသမ ၁၇၄) တင်ပြ တောင်းခံမှု ကို ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်းပေါင်း ၁၀၀, ၇၀၇ ဒသမ ၃၁၀ (ဘီလီယံ ၁၀၀ ကျော်) နှင့် သာမန် အသုံး စရိတ် မှ ဘီလီယံ ၃၀ ကျော် ဖြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက “ခေါင်းစဉ် တခုချင်းစီသာ ရွတ်သွားတာဆိုတော့ ဝန်ကြီးဌာန တခုချင်း ပြောဖို့ခက်တယ်။ ပျမ်းမျှတော့ ဘီလီယံ ၁၃၀ ကျော် လောက်ကို စိစစ်ပြီး ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ အဓိကတော့ ကြားဖြတ် ဘတ်ဂျက် ဖြစ်တဲ့ အတွက် ၆ လ အတွင်းမှာ အမှန်တကယ် အကောင်အထည် ဖော် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေကိုပဲ အဓိက ထားပြီးတေ့ာ ခွင့်ပြုခဲ့တာပါ”ဟု လွှတ်တော် အစည်းအဝေးအပြီး ခေတ္တ ရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ တင်ပြ တောင်းခံလာသည့် ဘတ်ဂျက် အသုံးစရိတ်များကို လွှတ်တော်ရှိ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီမှ စိစစ်ပြီး လျှော့ချသင့်သည့် အသုံးစရိတ်များနှင့် ၆ လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းများအတွက် တင်ပြတောင်းခံသည့် ဘတ်ဂျက်ငွေများအား ဖြတ်တောက်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။

ဘတ်ဂျက်ငွေ တင်ပြတောင်းခံမှု အပေါ်လျှော့ချ ဖြတ်တောက်ခြင်း မရှိသည့် အစိုးရ အဖွဲ့နှင့် ဝန်ကြီး ဌာန တချို့လည်း ရှိသည်။

ထို ဌာန အဖွဲ့အစည်းများမှာ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စု လွှတ်တော် ရုံး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချူပ် ရုံးနှင့် ပြည်ထောင်စု စာရင်းစစ်ချူပ် ရုံုးတို့ ဖြစ်သည်ဟု ဆိုသည်။

ပညာရေး ဝန်ကြီးဌာနမှ တောင်းခံထားသည့် သာမန် ကျပ် သန်းပေါင်း ၆၆၃, ၈၁၁ ဒသမ ၉၈၉ အား ဖြတ်တောက် ခြင်း မရှိဘဲ၊ ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၁၃၉, ၂၈၀ ဒသမ ၆၀၅ မှ ကျပ်သန်းပေါင်း ၅၁၇၄ ဒသမ ၁၆၉ စိစစ် ဖြတ်တောက်ခဲ့ ပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တောင်းခံထားသည့် သာမန် ကျပ်သန်းပေါင်း ၂၉၁ ဒသမ ၅၅၀ မှ ကျပ်သန်းပေါင်း ၇ ဒသမ ၉၃၁ နှင့် ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၁၂၆, ၃၉၈. ၁၃၃ မှ ကျပ် သန်းပေါင်း ၁၀၇၅၄ ဒသမ ၇၉၄ စိစစ် ဖြတ်တောက် ခဲ့သည်ဟု သိရသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေ အကြောင်းအရာများ ရသုံးငွေများကို တခုချင်းစီအလိုက် အတည်ပြုရန် ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းက အဆိုတင်သွင်းခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင် စု အဆင့် အဖွဲ့အစည်းများက ခွင့်ပြုဘတ်ဂျက် ပမာဏအား သဘောတူကြောင်း ပြန်လည် ဆွေးနွေးခဲ့ကာ အတည်ပြု ကြောင်း ကြေညာခဲ့သည်။

အသုံးစရိတ်များ ယခုကဲ့သို့ လျှော့ချလိုက်ခြင်းကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေ မကုန်သင့်၊ မကုန်ထိုက်တဲ့ ကိစ္စများနှင့် မဖြစ်သင့် မဖြစ်ထိုက်သည့် ကိစ္စများ ဖြစ်ပေါ်လာခြင်းမရှိရန် လွှတ်တော်၏ လုပ်ပိုင်ခွင့် အနေဖြင့် စိစစ် ဖြတ်တောက် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးခဲ့သူ အဖွဲ့ ၆ ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ပုလဲ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“နောင်မှာ အကယ်၍ ဘတ်ဂျက်တွေ တောင်းလာခဲ့တဲ့ အခါမှာ လိုအပ်တဲ့ အတိုင်းပဲ တောင်းမယ်။ ဒီက ရလာတဲ့ အပေါ် မှာ လည်း မှန်မှန်ကန်ကန် သုံးစွဲမယ်ဆိုရင် ဘတ်ဂျက်လိုငွေပြတဲ့ ကိစ္စတွေ၊ မလိုအပ်ဘဲ ဘတ်ဂျက်တွေ ပိုလျှံနေတဲ့ ကိစ္စ တွေ၊ ဒါလေးတွေက နောက်ပိုင်းမှာ ထိန်းကျောင်းသွားမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောကြားသည်။

ထိုသို့ ဖြတ်တောက်ခဲ့ရာ၌ တချို့ ဝန်ကြီးဌာနတွင် နိုင်ငံခြားမှ ထောက်ပံ့သည့် ငွေများပါ လျှော့ချခဲ့ခြင်းကြောင့် အစိုးရ နှင့် ဝန်ကြီးဌာနတို့မှ တမျိုး မြင်ကောင်းမြင်မည် ဖြစ်သော်လည်း နိုင်ငံခြားမှ ထောက်ပံ့ငွေသည် ၆ လအတွင်း အမှန် တကယ် မရနိုင်သည့် ပမာဏများကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းက ရှင်းပြသည်။

“နိုင်ငံတော်ကရတဲ့ ငွေကို လွှတ်တော်က သူ့ကဏ္ဍအလိုက် စီမံကိန်းအနေနဲ့ အဆိုပြုထားတယ်။ အဆိုပြုထားတဲ့ အတိုင်း ပညာရေး အပါအဝင် ဝန်ကြီးဌာန အားလုံး အသုံးပြုလို့ ရမယ်။ ရတာကိုတော့ ရတဲ့အလျောက် အပြည့်အဝ သုံးလို့ရပါ တယ်” ဟု ဘတ်ဂျက် လျှော့ချမှုနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ပညာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဝင်းမော်ထွန်း က ဖြေကြားခဲ့သည်။

အစိုးရဝန်ကြီးဌာနများ၏ တင်ပြတောင်းခံမှုများကို ငွေစာရင်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်အဆိုပြုချက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာက တင်ပြတောင်းခံထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်ကို အများဆုံး လျှော့ချ ဖြတ်တောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading