သတင်း

ဘင်္ဂလားဒေ့ရှ်တွင် ဂျီဟတ်ဝါဒီ ပြန်လည်ခေါင်းထောင်ထလာနိုင်ဟု ICG သတိပေး

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး အယူအဆ အကွဲအပြဲသည် ပြည်တွင်း ဂျီဟတ်ဝါဒီများ၏ စစ်သွေးကြွမှု ခေါင်းထောင်ထလာခြင်းကို အားပေးနေပြီး နိုင်ငံတော် လုံခြုံရေးနှင့် လူမျိုးစုငယ် များအပေါ် ဘာသာရေးအရ သည်းခံမှုကို ခြိမ်းခြောက်နေကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG) က ဘင်္ဂလားဒေ့ရှ် အစိုးရကို သတိပေးလိုက်သည်။

ထို ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့သည် စာမျက်နှာ ၃၄ မျက်နှာပါ “ဘင်္ဂလားဒေ့ရှ်မှ ဂျီဟတ်ဝါဒီ စစ်သွေးကြွမှုကို ခုခံခြင်း” အမည်ရှိ အစီရင်ခံစာ တစောင်ကို ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လုံခြုံရေး အရာရှိများ၊ ဥပဒေ အသိုင်းအဝန်း၊ နိုင်ငံရေးနှင့် လူမှု အခြေပြု အဖွဲ့အစည်းများ၊ အစ္စလာမ်မစ် ပါတီများနှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ အဖွဲ့ဝင်များကို တွေ့ဆုုံမေးမြန်းမှုများကို အခြေခံသော ထို အစီရင်ခံစာသည် ဘင်္ဂလားဒေ့ရှ်မှ ဂျီဟတ်ဝါဒီ အုပ်စုများ၏ ရင်းမြစ်၊ နောက်ဆုံး ရည်မှန်းချက်များ၊ အဖွဲအစည်းများ၏ လှုပ်ရှားမှု စနစ်များ၊ လူသစ်ရှာဖွေမှု ပုံစံများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အချိတ်အဆက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန် ကြိုးစားထားသည်။

ပြန်လည် ခေါင်းထောင်လာသော စစ်သွေးကြွဝါဒ

အစ္စလာမ်မစ်နိုင်ငံ IS (ဘင်္ဂလားဒေ့ရှ်) ကို ကိုယ်စားပြုသည် ဟု ကြေညာထားပြီး အီရတ်နှင့် ဆီးရီးယားသို့ တိုက်ခိုက်ရေးသမား အများအပြား စေလွှတ်ခဲ့သော ဂျမက် အူလ် မဂျာဟေဒင် ဘင်္ဂလားဒေ့ရှ် (JMB) နှင့် အန်စာရူ အစ္စလာမ် Ansarul Islam သို့မဟုတ် အန်စာ (Ansar) တို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဂျီဟတ်ဝါဒီ အသိုင်းအဝန်းကို သြဇာလွှမ်းမိုးသည့် အဖွဲ့များ ဖြစ်သည်ဟု ICG က ဖော်ပြသည်။

နှစ်ဖွဲ့ စလုံးသည် IS နှင့် အချိတ်အဆက် ရှိပြီး အယ်လ်ကိုင်ဒါ တောင်အာရှ အဖွဲ့ခွဲ၏ လက်အောက်ခံများ ဖြစ်သည်။

အန်စာ အဖွဲ့သည် ၎င်းတို့ကို ၎င်းတို့ အစ္စလာမ်ကို ကာကွယ်သူများ ဖြစ်သည် ဟု ဆိုပြီး JMB အဖွဲ့သည် ၎င်းတို့ ဖွင့်ဆိုသော အစ္စလာမ်အယူအဆကို လက်မခံသူများအား ရန်သူ အဖြစ် တရားဝင် ပစ်မှတ်ထားသော အဖွဲ့ ဖြစ်သည်။

ထို စစ်သွေးကြွ အုပ်စု ၂ ခုတို့၏ တိုက်ခိုက်မှုများသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်မှ လောကီဝါဒီများ၊ နိုင်ငံခြားသားများ၊ ပညာတတ်များနှင့် ဘာသာခြား လူနည်းစုများကို ပစ်မှတ်ထား လာသည်။

ICG သည် ဒါကာမြို့လယ် သံတမန် ရပ်ကွက်ရှိ ကဖေးဆိုင်တခုကို တိုက်ခိုက်မှုတွင် လူ ၂၀ ကျော် သေဆုံးသည့် အချိန်မှ စတင်ပြီး ၃ နှစ်တာမျှ ကာလအတွင်း ကျေးလက် အခြေစိုက် အစ္စလာမ် ဘာသာရေးကျောင်းသားများ နှင့် မြို့နေ အထက်လွှာ လူငယ်များ အထိ ပါဝင်သော ဘင်္ဂလားဒေ့ရှ် ဂျီဟတ်ဝါဒီ အုပ်စု အမျိုးအမျိုးတို့၏ တိုက်ခိုက်မှုများကို အစီရင်ခံခဲ့သည်။

အစိုးရ အဆက်ဆက်တို့သည် JMB ကို အကြီးအကျယ် အရေးယူဆောင်ရွက်မှုများ ရှိပြီး တခါတရံ ရက်စက်ကြမ်းကြုတ်စွာ ကိုင်တွယ်ကာ သံသယ ရှိသူ ထောင်နှင့်ချီ သေဆုံးစေသည် အထိ ဆောင်ရွက်မှုများ ရှိသော်လည်း ထိုအုပ်စုသည် ပျောက်ကွယ်သွား ခြင်းမရှိဘဲ ၎င်းကို၎င်း ပုံစံသစ်ဖြင့် ပြန်လည် ရှင်သန်အောင် လုပ်နိုင်ခဲ့သည်။

အန်စာမှာမူ နိုင်ငံ၏ အကြီးမားဆုံး အစ္စလာမ်မစ်ပါတီ ဖြစ်သည့် ဂျမက် အီ အစ္စလာမ်မစ် (Jel) ပါတီ ထိပ်တန်း ခေါင်းဆောင်များကို အာဏာရ အဝါမီလိဂ် (Awami League) အစိုးရက ၂၀၁၀ ခုနှစ်က ရုံးတင်စစ်ဆေးခြင်းကို မကျေနပ်သောကြောင့် ပေါက်ဖွားလာသော အဖွဲ့အစည်း ဖြစ်သည်။ ထို ခေါင်းဆောင်များသည် ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲ အတွင်းက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည်။

Jel သည် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ၏ အနီးကပ် မဟာမိတ် ဖြစ်သည်။ ထိုစဉ်က ရုံးတင် စစ်ဆေးမှုများသည် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ခုခံချေပသည့် ဘက်မှ ရှေ့နေများနှင့် သက်သေများကို ခြိမ်းခြောက်မှုများ ရှိခဲ့သောကြောင့် Jel ထိပ်တန်း ခေါင်းဆောင်များ အပေါ် ချမှတ်သော စီရင်ချက်များသည် အစ္စလာမ် အသိုင်းအဝန်းများ ကြားတွင် မကျေမနပ် ဖြစ်စရာ အချက်ဖြစ်နေသည်။

ထိုတရားခွင်များသည် အစ္စလာမ် ဘာသာကို စော်ကားခြင်း ဖြစ်သည်ဟု အန်စာ အဖွဲ့က သတ်မှတ်ပြီး မြို့ပြနှင့် ကျေးလက် လူငယ်ပညာတတ်များ အကြားတွင် လူအင်အား စုဆောင်းမှု စတင်ခဲ့သည်။

မကြာသေးမီ နှစ်များ အတွင်းက ကြီးမားသော တိုက်ခိုက်မှုများတွင် BNP နှင့် Jel တို့ ပါဝင်သည်ဟု စွပ်စွဲသော အာဏာရ အဝါမီလိဂ်ပါတီ၏ နိုင်ငံရေး အတိုက်အခံများကို ဆန့်ကျင်သော နည်းလမ်းသည် ဂျီဟတ်ဝါဒလှုပ်ရှားမှု ပုံစံသစ် များကို လမ်းဖွင့် ပေးခဲ့သည်ဟု ICG က ဆိုသည်။

အဝါမီလိဂ်ပါတီ သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရစေရန် ကြိုးစားရင်း ပြိုင်ဘက်များကို ဖိနှိပ်ရန် လုံခြုံရေး တပ်ဖွဲ့များကို အကြိမ်ကြိမ် သုံးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် ရာဇဝတ် ဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပိုမိုကောင်းမွန်သော ထောက်လှမ်းရေးသတင်း စုဆောင်းခြင်းကို အခြေခံသည့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး မဟာဗျူဟာ တရပ် ချမှတ်သင့်သည် ဟုလည်း ICG က အကြံပြုသည်။

အန်စာ၏ အကြီးအကဲ Qazi Mehboob ul-Haq (ဝဲအစွန်)ကို နောက်လိုက်များနှင့်အတူ မြင်ရစဉ်

အန်စာ အဖွဲ့က အာဆာ စစ်သွေးကြွများကို လေ့ကျင့်ပေးနိုင်

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခြိမ်းခြောက်မှု ကြီးထွားနေခြင်းနှင့် အတူ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင် သိန်းနှင့် ချီ ဝင်ရောက်လာခြင်းကြောင့် ၎င်းတို့၏ ကံကြမ္မာဆိုးကို အသုံးချပြီး ထောက်ခံမှု ရယူ အမြတ်ထုတ်လိုသော IS နှင့် ပါကစ္စတန် စစ်သွေးကြွများ အပါအဝင် ဂျီဟတ်အုပ်စုများ ပေါ်ထွက်လာပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအတွင်း စိုးရိမ်မကင်းမှုများ ဖြစ်စေသည်။

လူသစ် စုဆောင်းခြင်း ခံရနိုင်သော နိုင်ငံမဲ့ ရိုဟင်ဂျာ မွတ်စလင် ၁ သန်း နီးပါးကို ဂျီဟတ်ဝါဒီများက အမြတ်ထုတ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ICG က သတိပေးသည်။ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ အချို့သည် အာဆာနှင့် ပူးပေါင်းပြီး ဖြစ်ကြောင်းလည်း သတင်းများက ဆိုနေကြသည်။

ဘင်္ဂလားဒေ့ရှ်ရှိ IS တပ်မှူးက ရိုဟင်ဂျာ အခွင့်အရေးများကို ထောက်ခံကြောင်း၂၀၁၆ ခုနှစ် ဧပြီလက IS ၏ အင်တာနက် မဂ္ဂဇင်းဖြစ်သော Dabiq တွင် ဖော်ပြသလို အယ်လ်ကိုင်ဒါ အဖွဲ့ကလည်း ၂၀၁၄ ခုနှစ်အတွက် အဓိက ပစ်မှတ် စာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းခဲ့သည်။

“ဒီ အရေး အတွက် ကမ္ဘာတဝန်းက မွတ်စလင်တွေ ညီညွတ်ရမယ်။ မြန်မာ့မြေဟာ သိမ်းပိုက်အောင်မြင်သူတွေရဲ့ ကျယ်လောင်သော ချီတက်တဲ့ ခြေသံကို လေးနက်စွာ စောင့်မျှော်နေတယ်” ဟု ပါကစ္စတန် အခြေစိုက် ဂျိုက်ရှ် အီ မိုဟာမက် အဖွဲ့ (Jaish-e-Mohammed) အကြီးအကဲ မာဆွတ်အက်ဇ်ဟာ (Masood Azhar) က ပါကစ္စတန် နိုင်ငံမှ ထိပ်တန်း စာစောင်တခုတွင် ရေးသားခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်လာလတွင် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သော ဘင်္ဂလားဒေ့ရှ် လူမျိုး အကာယက်အူလာ (Akayed Ullah) သည် နယူးယောက် မြေအောက်ရထား စင်္ကြန်တွင် ဗုုံးခွဲတိုက်ခိုက်သောကြောင့် လူ ၅ ဦး ဒဏ်ရာရသည်။ အမေရိကန် အာဏာပိုင်များက ၎င်းကို ဖမ်းဆီးသော အခါ ၎င်းသည် IS သစ္စာခံ ဖြစ်ပြီး နယူးယောက်တွင် မတိုက်ခိုက်မီ ၃ လက ရိုဟင်ဂျာ စခန်းများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အာဆာသည် နိုင်ငံစုံ ဂျီဟတ်ဝါဒီများနှင့် ပတ်သက်ကြောင်း ခိုင်မာသည့် အထောက်အထား မရှိသော်လည်း ယခင်ရိုဟင်ဂျာ စစ်သွေးကြွ အုပ်စုဖြစ်သည့် RSO သည် ယခင်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စခန်းငယ်များ ဖွင့်လှစ်ကာ ဂျမက်အူလ် မူဂျာဟေဒင် နှင့် လက်နက်နှင့်ဖောက်ခွဲရေး သင်တန်းများ အတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အန်စာသည် အာဆာ စစ်သွေးကြွများကို လက်နက် တပ်ဆင်လေ့ကျင့် ပေးနေသည် ဟု အချို့သော အကြမ်းဖက်မှု တိုက်ဖျက်ရေး သုတေသီများက ယုံကြည်ကြသည်။

၂၀၁၇ ခုနှစ် သံတမန်များ၏ ခရီးစဉ်ကို လုံခြုံရေး ထူထပ်စွာ ချထားခဲ့သည်/မိုးမြင့်

အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံသားများ သည်လည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာများမှ တဆင့် မြန်မာနိုင်ငံမှ ဖိနှိပ်ခံ မွတ်စလင်များကို ကူညီရန် ကြိုးစားနေသည်ဟု ပဋိပက္ခ ဆိုင်ရာ မူဝါဒ ခွဲခြမ်းစိတ်ဖြာရေးဌာန (Institute for Policy Analysis of Conflict – IPAC) ကလည်း ၎င်းတို့၏ အစီရင်ခံစာတွင် မှတ်ချက်ချထားသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ကာကွယ်ရေး ဝန်ကြီးများသည် ဖေဖော်ဝါရီလက စင်ကာပူတွင် ကျင်းပသည့် ၎င်းတို့၏ အစည်းအဝေးအတွင်း “ပိုမို အဆင့်မြင့်ပြီး ထိခိုက်သေဆုံးစေသော နည်းလမ်းများ၊ လက်နက်များ ရှိသော လူတဦးချင်းနှင့် အဖွဲ့အစည်းများကြောင့် မိမိတို့၏ ဒေသတွင် အကြမ်းဖက်ဝါဒ ခေါင်းထောင်ထလာခြင်းကို မိမိတို့ အလေးအနက် စိုးရိမ်ပူပန်ကြောင်း” ကြေညာချက်တွင် ထုတ်ဖော်သည်။

IS ဘင်္ဂလားဒေ့ရှ် နှင့် ဖိလစ်ပိုင် အခြေစိုက် မော့တ်အုပ်စု ခေါ် လာနော် အစ္စလာမ်မစ်နိုင်ငံအဖွဲ့တို့ကို IS အီဂျစ်၊ ဆိုမာလီယာ၊ တူနီးရှားနှင့် အနောက်အာဖရိက တို့နှင့် အတူ အကြမ်းဖက်ဝါဒနှင့် ပတ်သက်သော ပိတ်ဆို့ အရေးယူမည့် စာရင်းတွင် ထည့်သွင်းကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၏ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကြေညာသည်။

အာဆာ နှင့် ဘင်္ဂလားဒေ့ရှ် IS အကြား ချိတ်ဆက်မှုကို သက်သေပြရန် အမေရိကန်က လုပ်ဆောင်ခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

မည်သည့် အတွက် အာဆာ ငြိမ်သက်နေသနည်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဒုက္ခသည်စခန်း ခေါင်းဆောင် ၂ ဦး သတ်ဖြတ်ခံရပြီး ရိုဟင်ဂျာများ ပြန်မလာရဲအောင် ခြောက်လှန့် ခဲ့သော်လည်း အာဆာသည် မြန်မာတပ်များကို ၂၀၁၇ ခုနှစ်တွင် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် ပြင်းထန်သော လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်ဟူ၍ ထပ်မရှိပေ။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် သက်ဆိုင်ရာ ဌာနများမှ အရာရှိ ၁၁ ဦးတို့သည် နယ်စပ်လုံခြုံရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခဲ့သော်လည်း ဆွေးနွေးမှု အသေးစိတ်များကို ထုတ်ပြန်ခြင်း မရှိပေ။

ထို ခရီးစဉ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြန်လာမည့် ရိုဟင်ဂျာ ၈၀၀၀ ကျော်၏ စာရင်းကို ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေအား ပေးအပ်ခဲ့သော်လည်း ထိုစာရင်းတွင် မိသားစုအကြီးအကဲ၏ ဓာတ်ပုံသာ ပါဝင်ပြီး မိသားစုဝင်များ အတွက် မည်သည့် အချက်အလက်မျှ မပါသလို လက်ဗွေများလည်း ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် ထိုစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု မြန်မာအာဏာပိုင်များက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ အပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများ အတွက် မြန်မာစစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ တရားရုံးသို့ လွှဲပြောင်းပေးရန် အချို့သော နိုင်ငံတကာနှင့် လူ့ခွင့်အရေး အဖွဲ့များက လုပ်ဆောင်နေသည့် ရလဒ်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်ဟု မြန်မာ လူမျိုးစုရေးရာ လေ့လာသူ ဦးမောင်မောင်စိုးက အာဆာ တိတ်ဆိတ် ငြိမ်သက်နေခြင်းနှင့် ပတ်သက်ပြီး ပြောသည်။

မြန်မာ စစ်ဘက် အကြီးအကဲကို နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ လွှဲပြောင်းပေးရန် ဗြိတိန်ပါလီမန် ကိုယ်စားလှယ် ၁၀၀ ကျော်က ၎င်းတို့၏ အစိုးရကို မကြာသေးမီ သီတင်းပတ်များက တောင်းဆိုခဲ့ကြပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ၃ ဦး ဖြစ်သော ယီမင်မှ တာဝက်ကို ကာမန် (Tawakkol Karman)၊ အီရန်မှ ရှာရင်း အဘာဒီ (Shirin Ebadi)နှင့် အိုင်ယာလန်မှ မိုင်ရိ မာဂူရီ (Mairead Maguire) တို့ကလည်း ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီး နောက် အလားတူ ပြောဆိုခဲ့ ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းဌာနများ၏ အဆိုအရ ထိုနိုဗယ်ဆုရှင်များသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အိပ်နေရာမှ နိုးထရန် တောင်းဆိုခဲ့ပြီး ထိုသို့ မဟုတ်ပါက သူမကို ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ထို့အပြင် “သူ ဒီရာဇဝတ်မှုတွေကို မတားဆီးနိုင်ရင် အခု နှုတ်ထွက်သင့်တယ်” ဟုလည်း ပြောဆိုခဲ့သည်။

ဦးမောင်မောင်စိုးက “အခု လောလောဆယ် အာဆာက တိုက်ခိုက်ရင် သူတို့ (ရိုဟင်ဂျာ) တွေ အတွက် နိုင်ငံတကာ ထောက်ခံမှုကို ထိခိုက်မယ်။ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကြီးအကျယ် ဆုံးရှုံးရမယ်” ဟုလည်း ပြောသည်။

အာဆာဘက်က တိတ်ဆိတ်နေခြင်းသည် နိုင်ငံတကာ ရိုဟင်ဂျာ လိုလားသော လှုပ်ရှားမှုနှင့် ပတ်သက်နေဖွယ် ရှိသည်ဟုလည်း သူက ပြောသည်။

“အဲဒီလို ထောက်ခံ လှုပ်ရှားသူတွေမှာ အာဆာနဲ့ အဆက်အသွယ် မရှိဘူးဆိုတာ ယုံကြည်ဖို့တောင် ခက်တယ်” ဟုလည်း ဦးမောင်မောင်စိုးက မှတ်ချက်ချသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ တရားရုံးသို့ တင်ရန် အားထုတ်မှု အရာ မထင်ပါက အာဆာသည် မြန်မာနိုင်ငံကို တိုက်ခိုက်မှု သစ်များ စတင်လုပ်ဆောင်လာနိုင်သည်။

သို့သော် အာဆာသည် ၂၀၁၇ ခုနှစ်က ကဲ့သို့ မြန်မာတပ်များကို တိုက်ရန် စစ်သွေးကြွများများ စုဆောင်းနိုင်တော့မည် မဟုတ်ကြောင်း ကျန်ရစ်သော မွတ်စလင် အသိုင်းအဝန်များက ဆိုကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် အကြီးတန်းသတင်းထောက် မိုးမြင့်၏ Specter of Jihadi Resurgence Arises in Bangladesh, says ICG ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading