သတင်း

တိရစ္ဆာန်များအား ရိုက်နှက်ခိုင်းစေခြင်းကို မကြိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြော

Want create site? Find Free WordPress Themes and plugins.

တောင်သူလယ်သမားများ အနေဖြင့် တောင်ယာများ ထွန်ယက်စိုက်ပျိုးရာ၌ တိရစ္ဆာန်များကို ခိုင်းစေရာတွင် ရိုက်နှက် ပြုမူခြင်းအပေါ် မိမိ အနေဖြင့် မကြိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထုတ်ဖော် ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် မတ်လ ၆ ရက်နေ့က ကျင်းပသော မြန်မာ့ ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ အခမ်းအနား အမှာစကား ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် က “တခုတော့ ကျမ မကြိုက်တာ ပြောရမယ်။ စစချင်း တောင်သူ လုပ်တာနဲ့ အရင်တုန်းက တိရစ္ဆာန်တွေ ဘာတွေကို အားကိုးတဲ့ သူတွေက ဒုတ်ဆိုပြီး တုတ်ကြီးနဲ့ ရိုက်တာကို ကျမဘယ်လိုမှ မကြိုက်ပါဘူး။ ဒါက စည်းရုံးယူရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အကြမ်းဖက်၊ အနိုင်ကျင့်သော နည်းလမ်းများကို အသုံးမပြုဘဲ စည်းရုံးသည့် နည်းလမ်းကို သုံးစေလိုကြောင်းနှင့် ၎င်းတို့ အစိုးရ အနေဖြင့်လည်း ပြည်သူများအား အနိုင်ကျင့်လိုသည့် စိတ်မရှိသကဲ့သို့ ပြည်သူအနေဖြင့်လည်း အစိုးရကို အနိုင် ကျင့် ချင်သည့်စိတ်ထား မရှိရန်လိုအပ်သည်ဟုလည်း ဆိုသည်။

ထို့အတူ ဆန်ကုန်သည်ကြီးများ အနေဖြင့်လည်း တောင်သူလယ်သမားများအပေါ် အနိုင်ကျင့်ချင်စိတ် မရှိရန် လိုအပ်ပြီး တောင်သူလယ်သမားများ ကလည်း ဆန်ကုန်သည်များအပေါ် အနိုင်ကျင့်လိုစိတ် မရှိရန် လိုအပ်ကြောင်း၊ တဦးနှင့် တဦး ရန်သူလို မမြင်ဘဲ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် ကဲ့သို့ မြင်ပြီး တဖက်က တိုးတက်မှ တဖက်က အောင်မြင်မည်ဆိုသည့် စိတ်ဓာတ်ဖြင့် လက်တွဲ လုပ်ကိုင်သွားမည်ဆိုလျှင် အောင်မြင်မှု ရရှိလိမ့်မည်ဟု ရှင်းပြသွားသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က မြန်မာနိုင်ငံ၏ ထုတ်ကုန် တခုဖြစ်သည့် ဆန် ကို နိုင်ငံအတွင်းရှိ ပြည်သူများ အတွက် မှန်ကန်သည့် ဈေးနှုန်းဖြင့် ဝယ်ယူ သုံးစွဲနိုင်ရန် လိုအပ်သလို ပြည်ပပို့ရာတွင်လည်း စီးပွားရေး လက်နက် တခု အဖြစ် အသုံးချနိုင်ရန် လိုအပ်ကြောင်း ထောက်ပြ ပြောဆိုသွားသည်။

“ဆန်ကို ကျမတို့ ပြည်သူပြည်သား အဓိကစားသုံးနေတဲ့ အစားအစာ ပစ္စည်းဖြစ်တာကြောင့်မို့ ဒီနိုင်ငံထဲမှာ မှန်ကန်တဲ့ဈေး နဲ့ ဆန်ရနိုင်ဖို့ အရေးကြီး ပါတယ်။ ဒါကိုလည်း ကျမတို့ ကြည့်ရတယ်။ တစ်ဖက်မှာလည်း ကျမတို့ ပြည်ပကိုပို့ဖို့ ပို့ကုန် တခု အနေနဲ့၊ ဆန်ဟာ ကျမတို့နိုင်ငံအတွက် အကျိုးအမြတ်ရစေဖို့ ပစ္စည်းတခုအနေနဲ့၊ စီးပွားရေးလက်နက် တခုအနေနဲ့လည်း ကျမတို့ ကြည့်ဖို့လိုပါတယ်။ ဒီလိုနှစ်ခုစလုံးဘက်က ကြည့်မှ ကျမတို့ အောင်မြင်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာ့နိုင်ငံများထံ ဆန် တင်ပို့ရာတွင် ကမ္ဘာ့ဆန်အိုးကြီးဟုပင် တင်စားခံရပြီး ယှဉ်ပြိုင်ဘက် မရှိခဲ့ကြောင်း ယခုအခါ ထိပ်တန်း အဆင့် မဟုတ်တော့ပေမယ့်လည်း ထိုအခြေအနေကို ပြန်ရနိုင်တဲ့ အခြေအနေတွေ ပေးနေပြီဖြစ်တာကြောင့် အားလုံးဝိုင်းဝန်း ကြိုးစားကြရန် အတိုင်ပင်ခံက အကြံပြုသည်။

တောင်သူလယ်သမားကြီးများ အနေဖြင့် ဘိုးဘွားဘီဘင်များ လက်ထက်က လုပ်ကိုင်ခဲ့သည့် အတိုင်း အမြဲတမ်း လုပ်ကိုင် သွားမည်ဆိုသည့် စိတ်မထားဘဲ ယခင်ထက် ပိုကောင်းလာစေရန်နှင့် ကမ္ဘာကြီးနှင့် ဆီလျော်မည့် နည်းပညာသစ်များ ရယူ နိုင်ရန် လိုအပ်ကြောင်းနှင့် ရဲရဲဝံ့ဝံ့ စွန့်စားပြီး နည်းစနစ်သစ်များကို သုံးရဲ၊ ရှာရဲရန် လိုအပ်ကြောင်းလည်း ဆိုသည်။

“အခု ဒီနှစ်မှာဆိုရင် ပြည်ပကို ဆန်တန်ချိန် သုံးသန်းကျော် တင်ပို့နိုင်တယ်ဆိုတာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး ဒီလို ဖြစ်လာတာ၊ ဒီလို ပြန်ပြီးတက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ ဒါထက်ပိုပြီး တိုးတက်အောင်လို့တော့ အမြဲပဲ လုပ်နေရမယ်။ လောကနိယာမအရ ဘယ်အရာကမှ ငြိမ်ပြီးတော့မနေဘူး။ တိုးတက်ရင် တိုးတက်မယ်၊ မတိုးတက် ရင် ဆုတ်ယုတ်မယ်။ ဒီလိုပဲ ငြိမ်ပြီးတော့နေတာ မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

အစိုးရအနေဖြင့် တောင်သူလယ်သမားများကို မည်သည့် သီးနှံကို စိုက်စေလိုကြောင်း ထုတ်မပြောသည်မှာ တောင်သူ လယ်သမားများ၏ လိုအပ်ချက်ကို နားလည်၍ မပြောခြင်းဖြစ်ကြောင်း သို့သော်လည်း ကိုယ့်မြေနှင့် ကိုက်ညီသော အကောင်းဆုံး အခြေအနေကို အသုံးချ၍ ကိုယ့်အကျိုး၊ အများအကျိုးကို ကြည့်ပြီး စိုက်ပျိုးကြရန် တိုက်တွန်းသည်။

စီးပွားရေး ဖံ့ွဖြိုးတိုးတက်ရေး အတွက် စားသုံးကုန်ပစ္စည်းများ၏ ဈေးကွက်ရှာရာတွင် သဘာဝကို အခြေခံထားသည့် စားကုန် ပစ္စည်းများ (Organic farming) သည် အရေးပါကြောင်း ထို့ကြောင့် သဘာဝကို အခြေခံသော စားကုန်ပစ္စည်းများ ထုတ်လုပ်ရန် ကိုလည်း တိုက်တွန်းသွားသည်ကို တွေ့ရသည်။

“ကျမတို့ခေါင်းထဲမှာ ထားရမှာက ကမ္ဘာကြီးက ဘယ်ဘက်ကိုရွေ့နေလဲ၊ ဘယ်ဘက်ကို ရွေ့နေတယ်ဆိုတာ တော်တော် များများလည်း သိကြမှာပါ။ Organic Farming ပေါ့။ သဘာဝကိုပဲ အခြေခံတဲ့ စားကုန်ပစ္စည်းတွေ ထုတ်တဲ့ဘက်ကို ရွေ့နေတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးကဏ္ဍ တိုးတက်ရန်မှာ မိမိတို့ ထုတ်ကုန်များ၏ အရည်အသွေးအပြင် ဈေးကွက် အတွက် ကမ္ဘာ့အခြေအနေ၊ ကမ္ဘာမှာရှိတဲ့ လူသားတွေ၏ လိုအပ်ချက်များနှင့် အကြိုက်များကို လေ့လာနေရန်၊ စီးပွားရေး အမြင်ကျယ်ရန်နှင့် ရှေ့ကို လှမ်းမြင်ရန် လိုကြောင်း ထည့်သွင်းပြောကြားသည်။

ထို့အပြင် အမှာစကားအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာပိုင်းဆိုင်ရာ အရေးကြီးကြောင်းကို လည်း ထည့်သွင်းပြောကြားခဲ့ပြီး လူငယ်များ၏ လယ်ယာကဏ္ဍတွင် စိတ်ပါဝင်စားမှုသည်လည်း ထပ်တူအရေးကြီးကြောင်း ထောက်ပြသွားသည်။

“ကျမတို့ အခုအချိန်မှာ ပြေးမှ တခြားသူတွေ လမ်းလျှောက်နေတဲ့သူတွေကို မီမှာဖြစ်ပါတယ်။ တိုးတက်မှုဟာ ကျမတို့ နိုင်ငံ မှာ နောက်ကျ ခဲ့တာဟာ ဆယ်စုနှစ်တွေနဲ့ ချီခဲ့ပါတယ်။ ဒီဟာတွေအတွက် ကျမတို့ ပိုပြီးတော့ ကြိုးစားရမယ်။ အထူးသဖြင့် လူငယ်များဟာ ပိုပြီးတော့ ကြိုးစားဖို့ လိုပါတယ်။ အခု နည်းပညာ ထိထိရောက်ရောက် အသုံးပြုရေးကိုလည်း ကျမတို့ အစိုးရ အနေနဲ့ရော၊ လုပ်ငန်းရှင်တွေ အနေနဲ့ရော အလေးထားတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ” ဟု ဆိုသည်။

တောင်သူလယ်သမားများ အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးတို့ အတွက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ သည် လယ်ယာဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုမည်ဟု သူယုံကြည်ထားကြောင်းနှင့် ထို ဥပဒေအပေါ် အခြေခံကာ နှစ်စဉ် ပိုမိုတိုးတက်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ယခု အခမ်းအနားတွင် ၂၀၁၈ ခုနှစ်၏ မိုးစပါးရာသီ စပါးသီးနှံအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုးန်းကို စပါးစိုက်သော တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် အကျိုးစီးပွားကို အာမခံဖြစ်စေရန် အတွက် တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading