မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ စတင်ဖြေဆိုသည့် နေ့၌ စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်သူပေါင်း ၅ ထောင်ကျော် (၅၄၂၂ ဦး) ရှိကြောင်း သတင်း ရရှိသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ရက်နေ့မှ စတင်၍ နိုင်ငံတဝန်းလုံး တပြိုင်တည်း ဖြေဆိုခဲ့ရာ မန္တလေးတိုင်း ဒေသကြီး စာစစ်ဌာန စုစုပေါင်း ၁၉၂ ခု၌ ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒသမ ၃၆ ရာခိုင်နှုန်းရှိရာ ပျက်ကွက်သူမှာ ၄ ဒသမ ၆၄ ရာခိုင်နှုန်း ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
“စာမေးပွဲကာလမှာ နှစ်စဉ်နှစ်တိုင်း စာရင်းရှိ ကျောင်းသားတွေ အကုန်ဖြေဆိုနိုင်ခြင်း မရှိပါဘူး၊ ပျက်ကွက်မှုက နှစ်စဉ်နှစ် တိုင်း ရှိပါတယ်၊ ပျက်ကွက်တဲ့ ကျောင်းသားတွေက ပြင်ပဖြေ ကျောင်းသားတွေ အများဆုံးပါပဲ။ နှစ်သစ် အတန်းတက် ကလေးတွေ ပျက်ကွက်မှုက အရမ်းနည်းပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး တဦးက ပြောပြသည်။
ယခု ပညာသင်နှစ်တွင် မန္တလေးတိုင်း ဒေသကြီး၌ စာစစ်ဌာန ၁၉၂ ခုရှိရာ ပြင်ဦးလွင် ခရိုင်တွင် ၃၃ ခု၊ မန္တလေးခရိုင်တွင် ၄၈ ခု၊ ကျောက်ဆည်ခရိုင်တွင် ၁၈ ခု၊ မိတ္ထီလာခရိုင်တွင် ၃၄ ခု၊ မြင်းခြံခရိုင်တွင် ၂၇ ခု၊ ညောင်ဦးခရိုင်တွင် ၁၈ ခု၊ ရမည်းသင်း ခရိုင်တွင် ၁၄ ခုတို့ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ ဦးရေ စုစုပေါင်း ၁၁၆၈၁၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းရှိသော်လည်း မြန်မာစာ စတင် ဖြေဆိုသည့် နေ့မှာပင် ၁၁၁၉၃၇ ဦးသာ ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
ယခင်နှစ်က မန္တလေးတိုင်း ဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းရှိမှာ ၁၀၅၀၂၄ ဦး ဖြစ်ပြီး မြန်မာစာ ဖြေဆိုသည့်နေ့တွင် ၉၉၈၄၃ ဦး ဖြေဆိုခဲ့ကာ ပျက်ကွက်ဦးရေမှာ ၅၁၈၁ ဦးရှိခဲ့ပြီး ၉၅ ဒသမ ၀၇ ရာခိုင်နှုန်း ဖြေဆိုကာ ပျက်ကွက်သူ ၄ ဒသမ ၇၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး မှတ်တမ်းများ တွင် ဖော်ပြထားသည်။
ယခုနှစ် စာမေးပွဲတွင် ယမန်နှစ်ထက် ဖြေဆိုသူ ဦးရေ ပိုမိုများပြားသဖြင့် စာစစ်ဌာနများလည်း တိုးချဲ့ ဖွင့်လှစ်ပေးခဲ့သည့် အပြင် မန္တလေး အထွေထွေရောဂါကု ဆေးရုံနှင့် အိုးဘို အကျဉ်းထောင်တို့တွင်လည်း စာစစ်ဌာနများ သီးသန့်ဖွင့်လှစ် ဖြေဆိုခွင့် ပြုထားကြောင်း သိရသည်။
“စာစစ်ဌာန ဖွင့်လှစ်တဲ့ စာရင်းမှာ ကျောင်းတွေမှာသာ မက အကျဉ်းဦးစီးဌာနနဲ့ မန္တလေးဆေးရုံကြီးမှာလည်း ဖွင့်ပေးထားပါ တယ်။ စာမေးပွဲနေ့မှာ ကျန်းမာရေး မကောင်းတာအပြင် တစုံတရာ အကြောင်းပေါ်လာလို့ ဆေးရုံမှာဖြေရင် စောင့်ပေး တယ်၊ ပညာရေးဌာနက စာမေးပွဲမကျင်းပမီမှာ လုံခြုံရေးပိုင်းကအစ ကြိုတင်စီစဉ်မှုတွေ လုပ်ထားပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒု ညွှန်ကြားရေးမှူး တဦးက ပြောသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပြင်ဦးလွင်ခရိုင်တွင် ဖြေဆိုမည့် စာရင်းဝင်သူ ၁၈၇၇၉ ဦးရှိပြီး ပျက်ကွက်သူ ၈၇၄ ဦး၊ မန္တလေးခရိုင်တွင် ၃၃၀၉၉ ဦးရှိပြီး ပျက်ကွက်သူ ၁၇၈၈ ဦး၊ ကျောက်ဆည်ခရိုင်တွင် ၁၀၉၆၁ ဦး ရှိပြီး ပျက်ကွက်သူ ၄၈၈ ဦး၊ မိတ္ထီလာခရိုင်တွင် ၁၈၃၆၀ ဦးရှိပြီး ပျက်ကွက်သူ ၇၆၄ ဦး၊ မြင်းခြံခရိုင်တွင် ၁၅၃၈၁ ဦးရှိပြီး ပျက်ကွက်သူ ၇၃၂ ဦး၊ ညောင်ဦးခရိုင်တွင် ၁၁၈၀၇ ဦးရှိပြီး ပျက်ကွက်သူ ၄၁၀ ဦး၊ ရမည်းသင်ခရိုင်မှ ၈၄၃၂ ရှိပြီး ပျက် ကွက် သူ ၃၆၆ ဦးရှိကာ ပျက်ကွက်မှု အများဆုံးမှာ မန္တလေးခရိုင်အတွင်းမှ အောင်မြေသာစံမြို့နယ် ဖြစ်ကြောင်းနှင့် ပျက် ကွက် သူ ၄၁၇ ဦး အထိ ရှိကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မန္တလေးတိုင်းဒေသကြီး အတွင်း စာစစ်ဌာန ၁၉၂ ခုဖွင့်လှစ် ဖြေဆိုခွင့်ပြုခဲ့ရာ ၎င်းတို့ အနက် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး စာစစ်ဌာနတွင် ၁ ဦးနှင့် အိုးဘို အကျဉ်းထောင် စာစစ်ဌာနတွင် ၅၇ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည့် အပြင် အမြင်အာရုံ မသန်စွမ်း ၂ဦး၊ အကြားအာရုံ မသန်စွမ်းသူ ၃ဦး တို့လည်း ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
“ဒီနှစ်ဖြေဆိုတဲ့ စာရင်းတွေအရ စာစစ်ဌာနတွေထဲမှာ အကျဉ်းဦးစီးက ကျား ၅၀ နဲ့ မ ၇ ဦးရှိတဲ့ အတွက် ဒီနှစ်မှာ မနှစ်က ထက် များတယ်။ နောက်ပြီး နားမကြားကျောင်းက ဝင်ရောက်ဖြေဆိုဖို့ စာရင်းရှိ ၄ ဦးမှာ ၃ ဦး ဖြေဆိုတယ်။ အဲဒီလိုပဲ မျက် မမြင် ကျောင်းက စာရင်းရှိ ၄ ဦးမှာ ဖြေဆိုတာ၂ ဦးရှိပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုညွှန်ကြား ရေး မှူး တဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယခင်နှစ်များက မေးခွန်းဆယ်စုံဖြင့် စစ်ဆေးခဲ့ရာမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို ပြည်တွင်းဖြေဆိုမှု အတွက် တစုံ၊ ပြည်ပဖြေဆိုမှု အတွက် တစုံ ထုတ်၍ ပညာရေး ဝန်ကြီးဌာနက စစ်ဆေးခဲ့ပြီး ယခုနှစ်တွင်လည်း ပြည်တွင်းဖြေဆိုမှု အတွက် တစုံ၊ ပြည်ပဖြေဆိုမှု အတွက် တစုံဖြင့် ဖြေဆိုရကြောင်း၊ ယခင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေးတိုင်း ဒေသကြီး အတွင်း စာစစ်ဌာန ၁၈၀ ဖွင့်လှစ်ပေးခဲ့ရာ အောင်မြင်မှု အနေဖြင့် ၄၀၁၅၄ ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၂၂ ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး မှတ်တမ်များအရ သိရသည်။
“စာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့ ကျနော်တို့ ပညာရေး ဝန်ထမ်းတွေက စာမေးပွဲမဖြေခင်ကနေ ဖြေပြီးတဲ့အချိန် အထိ လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့ စာဖြေဌာနတခုခြင်းစီမှာ ကြီးကြပ်ရေးမှူးတွေ၊ လက်ထောက် ကြီးကြပ်ရေးမှူးတွေနဲ့ တာဝန် ချထား ပေးထားပါတယ်” ဟု အထက်ပါ ဒု ညွှန်ကြားရေးမှူးက ပြောသည်။
မန္တလေးတိုင်း ဒေသကြီးမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း တွင် ၈၇၂၀၁ ဦး ဖြေဆိုခဲ့ပြီး ၃၃၆၂၅ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၅၆ ရှိခဲ့ကြောင်း၊ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၉၂ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၄၃၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၈၉၆ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၈၂၉ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၂၀၉ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၃၈၅ ဦး နှင့် ရိုးရိုးအောင်မြင်သူ ၂၆၆၈၂ ဦးရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် ရာခိုင်နှုန်းသည် ၅ နှစ် အတွင်း ၃၇ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၆၁၀၀၀ ကျော် ဖြေဆို ခဲ့ရာ ၃၂၀၀၀ ကျော် အောင်မြင်ခဲ့သောကြောင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် မြန်မာတနိုင်ငံလုံး အောင်ချက် အများ ဆုံး ဖြစ်ခဲ့ပြီး ဖြေဆိုသူ ၉၆၀၀ ကျော်ရှိသည့် ချင်းပြည်နယ်သည် အောင်မြင်သူ ၁၇၂၀ ရှိသောကြောင့် ၁၇ ဒသမ ၈၅ ရာခိုင် နှုန်းဖြင့် အောင်ချက်ရာခိုင်နှုန်း အနည်းဆုံး ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန မှတ်တမ်းများက ဖော်ပြ ထားသည်။