ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေ အား ယမန်နေ့ အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၃၈)ဖြင့် ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နေ့က ကျင်းပသည့် အမျိုး သားလွှတ်တော်၌ ဥပဒေကြမ်းကော်မတီ အတွင်း ရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်း ပြင်ဆင်ခြင်း ဥပဒေနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေး ခဲ့ရာတွင် ၁၂ ဦးမှာ ကန့်ကွက်ဆွေးနွေးခဲ့သဖြင့် စက်ခလုတ် နှိပ် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၁၃ မဲ နှင့် ကန့်ကွက်မဲ ၇၈ မဲ ဖြင့် လွှတ်တော်တွင် အတည်ပြု လိုက်သည်။
ကန့်ကွက်ဆွေးနွေးသူ ကိုယ်စားလှယ်များထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကလည်း ပါဝင်သည်။
ကန့်ကွက်ဆွေးနွေးခဲ့သူ တပ်မတော်သား ကိုယ်စားလှယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးရွှေက“၂၀၁၅ ခုနှစ် ပုဒ်မ ၁၃၁ ပုဒ်မခွဲ (ခ) အရ ဥပဒေနဲ့ မညီလို့ ကန့်ကွက်ခဲ့တာ။ ဥပဒေမှာ ဘာဖော်ပြထားလဲ ဆိုရင် ဥပဒေ ကြမ်းဟာ ပြင်ဆင်ချက်ရှိနေရင် ဆွေးနွေးတဲ့နေ့မှာပဲ ဒီဥပဒေကို ကြမ်းကို အတည်ပြုဖို့ အတွက် အဆိုတင်သွင်းခြင်း မပြု ရလို့ ဖော်ပြထားပါတယ်။ ဒီနေ့မှာက ဆွေးနွေးတဲ့နေ့မှာပဲ ဥပဒေကြမ်းကို ပြင်ဆင်ချက်တွေရှိနေပေမယ့် အဆိုတင်သွင်း တေ့ာ ဥပဒေနဲ့ မညီလို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
အဆိုပါ ပြင်ဆင်ထားသည့် ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဃ)၌ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) ငြိမ်း ချမ်းစွာ စီတန်းလှည့် လည်ခြင်း ပြုလုပ်မည့် အစီအစဉ် ခန့် မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျ စရိတ်နှင့် ကုန်ကျခံရမည့်ပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို တင်ပြရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေ ကြမ်း ကော်မတီက အစားထိုးရေးဆွဲထားခြင်း ဖြစ်သည်။
ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက “ ဒီဥပဒေက ဆန္ဒပြတဲ့သူ တွေကို မလုပ်နဲ့ မင်းတို့ ဆန္ဒမပြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။ ရန်ကုန်မှာ တနေ့က ဆန္ဒပြတဲ့ အဖွဲ့ပေါင်း ၁၈၀ ကျော်ဟာ တချိန်တုန်းက အတူတကွ ဒီမိုကရေစီရွေ့လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်” ဟု ပြောသည်။
ဆက်လက်၍ ဆန္ဒပြခွင့်မရှိဟု သတ်မှတ်ထားပေမယ့် ပြည်သူလူထုမှ သောင်းနှင့် သိန်းချီလာရင်တေ့ာ ဘယ်ဥပဒေမှ တားဆီး၍ မရနိုင်သဖြင့် မလိုလားအပ်သည့် ဥပဒေများကို မပြဋ္ဌာန်းသင့်ကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ် က “ဖဆပလ ဦးနုတို့ လက်ထက်က ဆန္ဒပြရင် ဘာမှ ခွင့်တောင်းစရာ မလိုဘူး။ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတွေမှာ အဲဒီလိုပဲ ဖြစ်ရမှာ။ ခွင့် တောင်းရမယ်လို့ ဒါတွေ တင်ရမယ်လို့ မရှိရဘူး။ ဒီမိုကရေစီ ဘောင်ချဲ့ရမယ့် အစားဘောင်ကို ကျဉ်းအောင် လုပ်သလို ဖြစ်နေတယ်” ဟု လွှတ်တော် အစည်း အဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်( ၁၀)မှ ကိုယ်စားလှယ် ဦးစိုးသိန်း (ခ) ဦးမောင်စိုး “ဖြည့်စွက်လိုက်သည့် ပုဒ်မ ၁၈ သည်နိုင်ငံသား ဥပဒေကို လူ့အခွင့်အရေး ကို ကာကွယ်တာ မဟုတ်ပဲနဲ့ နိုင်ငံတော် တည်ငြိမ်မှုကို ပျက်ပြားစေအောင်၊ ငွေကြေးတွေ သုံးပြီး၊ မရိုးဖြောင့်တဲ့ သဘောနဲ့ လုပ်မယ့် သူတွေကို ဟန့်တားတဲ့ ပုဒ်မ ဖြစ်ပါ တယ်။ ဒါတွေကို တားဆီးတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ကျနော်က ထောက်ခံ ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ပြည်သူများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ကန့်သတ်သည့် ဥပဒေကြမ်း ဖြစ်သည့်အတွက် အရပ်ဖက် လူ့ အဖွဲ့ အစည်းများ ကန့်ကွက်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်ရာ ပြီးခဲ့သည့် အင်္ဂါနေ့က ရန်ကုန်မြို့တွင် အဖွဲ့ပေါင်း ၁၈၀ ကျော်က ကန့်ကွက်ဆန္ဒပြကြသည်။
ယင်းဥပဒေအား ယနေ့ အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်သည့်အတွက် ပြည်သူ့လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။