သတင်း

ဦးဝီရသူ မီဒီယာများကို အယုံအကြည် မရှိ၍ သပိတ်မှောက်ကြောင်း မိန့်ဆို

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ကျောင်းမှ အမျိုးသားရေး ဆရာတော် ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ) က မီဒီယာများကို အယုံအကြည် မရှိ၍ သပိတ်မှောက်ကြောင်း မိန့်ဆိုလိုက်သည်။

ဦးဝီရသူ က “ကျုပ်အနေနဲ့ မီဒီယာတွေကို သပိတ်မှောက် ထားပါတယ်။ ပြည်တွင်းကရော ပြည်ပက မီဒီယာတွေ အားလုံးကို အယုံအကြည်မရှိလို့ သပိတ်မှောက် ထားပါတယ်။ ဒါကြောင့် ဘာမှ မဖြေနိုင်ပါဘူး”ဟု မိန့်ကြားသည်။

ဦးဝီရသူ ကို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန) က တရား ဟောပြောခွင့် တနှစ် ပိတ်ပင်ထားမှုသည် လာမည့် မတ်လ ၉ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်၍ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဧရာဝတီက ဖုန်းဖြင့် လျှောက်ထား မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

မန္တလေးမြို့ခံ စာရေးဆရာ၊ သတင်းစာဆရာ သိုက်ထွန်းသက်က “အခုလို ဦးဝီရသူရဲ့အဖြေမှာပါတဲ့ သတင်းမီဒီယာ တွေ အပေါ် ယုံကြည်မှုမရှိဘူး ဆိုတာက သူ့ရဲ့ သဘောထား ဖြစ်တယ်၊ မီဒီယာ အနေနဲ့ကတော့ ဒါကိုပဲ ပြည်သူ သိအောင် ချပြပေးဖို့ပဲ လိုပါတယ်”ဟု ပြောသည်။

သတင်း မီဒီယာ သမားဆိုသည် ပြည်သူ လက်ခံသူ ဖြစ်ဖြစ်၊ လက်မခံသူ ဖြစ်ပါစေ၊ အစိုးရ ဖြစ်ဖြစ်၊ အတိုက်အခံ ဖြစ်ပါစေ သက်ဆိုင်သူများကို မေးမြန်း ရေးသား ဖော်ပြရမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဦးဝီရသူသည် ဘာသာ တခုနှင့်တခုကြား အမုန်းတရားပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟော ပြောမှု များ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော် ဟောပြောမှုများ၊ တရား ဥပဒေ စိုးမိုးရေးကို အဟန့်အတားဖြစ်စေ သည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများ ကြားတွင် ဘက်လိုက် ဝေဖန်ဟော ပြောမှုများကို ဒေသ အနှံ့အပြား၌ ကြိမ်ဖန် များစွာ ပြုလုပ်နေခြင်း များကြောင့်ဟု ဆိုပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန)က တရား ဟော ပြော ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း ဦးဝီရသူ ၏ လူမှုကွန်ရက် စာမျက်နှာ facebook ကို အမုန်းတရား လှုံ့ဆော် သည်ဟု ဆိုကာ ဖြုတ်ချ ခံခဲ့ရသေးသည်။

ဦးဝီရသူကို ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထ အထူး အစည်းအဝေးတွင် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ထုတ်ပြန် ထားသည့် ညွှန်ကြား လွှာ အမှတ် (၈၃)၊ (၉၀)၊ (၉၃)နှင့် (၉၄)တို့ကို ဖောက်ဖျက် ကျူးလွန်နေခြင်း များကြောင့် ၂၀၁၇ မတ်လ ၁၀ ရက်မှ ၂၀၁၈ မတ်လ ၉ ရက်အထိ တရားဟောပြောခွင့် တနှစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဝီရသူအား မြန်မာနိုင်ငံအတွင်း တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

တရားဟောပြောခွင့် ပိတ်ပင်ထားမှု သက်တမ်း ကုန်ဆုံးချိန် သက်တမ်းတိုးရန်နှင့် ခွင့်ပြုခြင်း ရှိ မရှိ ဆိုသည်ကို မဟန အနေဖြင့် ထုတ်ပြန်ပေးခြင်း မရှိသေးပေ။

ထိုသို့ တရား ဟောပြောခွင့် ပိတ်ပင်ခံရသည့် ကာလအတွင်း၌ ဦးဝီရသူသည် ပါးစပ်ကို တိတ်ဖြင့်ပိတ်၍ စင်ပေါ်တွင် ထိုင်ကာ တရားခွေဖွင့်ပြီး ဝစီပိတ် တရားပွဲများ ပြုလုပ်ခဲ့သလို ဘာသာရေးနှင့် မသက်ဆိုင်သည့် တရားဟောပြောမှု အဖြစ် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပြုလုပ်သည့် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အကြမ်း ဖက် လုပ်ရပ် ရှုတ်ချပွဲတွင် ပါဝင်ဟောပြော ခြင်းများ ပြုလုပ်သည်ကိုလည်း တွေ့ရှိရသည်။

ဦးဝီရသူ နှင့် ပတ်သက်ပြီး Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်းက Ba Kaung အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာ facebook တွင် ပုတ်ခတ် ရေးသားသည်ဟူသော အကြောင်း ပြချက်ဖြင့် ဦးကျော်မျိုးရွှေ ဆိုသူက အမှုဖွင့် တိုင်ကြား၍ ဖမ်းဆီးခံရပြီး တရား ရင်ဆိုင်ရမှု ယမန်နှစ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည်။

Ba Kaung လူမှု ကွန်ရက် စာမျက်နှာတွင် “ဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ ဖြစ်ကြောင်း သိရပါ တယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ပါဘူး” ဟူသော စသည့် ရေးသားချက်များ အပေါ် မကျေနပ် သဖြင့် တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော တိုင်းမ် မဂ္ဂဇင်း (Time magazine) မျက်နှာဖုံးတွင်လည်း ဦးဝီရသူ ၏ ဓာတ်ပုံနှင့်တကွ The Face of Buddhist Terror ဟု ရေးသားထားသော Hannah Beech ၏ “When Buddhists Go Bad” ဆောင်းပါးကို ဖော်ပြခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading