မိုးကြိုကာလတွင် စိုက်ဆင်းလေပြင်း အန္တရာယ်နှင့် ကြုံတွေ့နိုင်ခြေရှိသည့် ကျေးရွာပေါင်း ၁၀၀ ကျော် အတွက် လေပြင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဧရာဝတီသို့ ပြောသည်။
တိုင်းနှင့်ပြည်နယ် ၆ ခုဖြစ်သည့် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ကျေးရွာပေါင်း ၁၃၈ ရွာရှိ အိမ်ခြေ ၇၀၀၀ ကျော်အတွက် အဆိုပါ စီမံချက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ထိုစီမံချက်တွင် လေပြင်းအန္တရာယ် ကာကွယ်ရန် နည်းပညာပေးခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်း ဆောင်ရွက် ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဒေါက်တာကိုကိုနိုင်က “ဒီကာလ (မိုးကြိုကာလ) မှာ၊ အဓိက ဧပြီ၊ မေမှာ စိုက်ဆင်းလေပြင်း ကျပြီး ရွာလေး တွေမှာ အိမ်တွေ ပျက်တယ်၊ အမိုးလန်တယ်။ အဲဒီအခါကျတော့ ကြိုတင်ကာကွယ်ရေး အတွက် ဘေးအန္တရာယ် ကြံ့ကြံ့ ခံနိုင်ရေး အတွက် ဒေသတွင်း အသိပညာပေးမှု တွေကို ကျနော်တို့ နဲ့အတူ Volunteer တွေ၊ CSO တွေနဲ့ လုပ်တာ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း စုစုပေါင်း ၇၆၁ ကြိမ် ဖြစ်ပေါ် ခဲ့ပြီး အိမ်ခြေ ၄၁၆၂၃ လုံး ထိခိုက်ပျက်စီးမှု ရှိကာ အိမ်ထောင်စု ၁၆၉၄၀ နှင့် လူဦးရေ ၅၂၆၉၃ ကျော် ဘေးသင့်ခဲ့ကြောင်း၊ သေဆုံးသူ ၅၄ ဦး၊ ဒဏ်ရာရသူ ၄၀ ဦး ခန့်ရှိခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မိုးကြိုကာလဖြစ်သည့် ဧပြီလ နောက်ပိုင်းကာလများတွင် အပူရှိန်ပြင်းသဖြင့် လေဖိအား လျော့နည်း ရာမှ လေထု မငြိမ် မသက်မှု ဖြစ်ပြီး မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်း၊ အချိန်အခါ မဟုတ် မိုးရွာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဧရာဝတီ သို့ပြောသည်။
ဆက်လက်ပြီး ဦးလှထွန်းက “အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ၊ နောက်တခါ ရှမ်းပြည်နယ်တို့လို နေရာမျိုးမှာ မိုးသီးကြွေတာတွေ ဖြစ်လာတတ်တယ်။ တောင်ပိုင်း မြစ်ဝကျွန်းပေါ် ကျတော့ မိုးသီးကြွေတာ နည်းပြီး လေပြင်းတိုက်တာ များတယ်။ စိုက်ဆင်းလေပြင်းက များသောအား ဖြင့် မြစ်ကြောင်းတွေမှာ မိုးတိမ်တောင်တွေကြောင့် ဖြစ်တယ်။ မိုးကြိုကာလတွေမှာ ဖြစ်တတ်တဲ့ ရာသီဥတုအခြေအနေတွေပါ” ဟု ပြောသည်။
လေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်ကို နှစ်စဉ် ပြုလုပ်သွားရန် ရည်ရွယ်ထားပြီး ဆင်းရဲနွမ်းပါးသည့် ဒေသများကို ဦးစားပေး ရွေးချယ်ကာ ကုန်ကျစရိတ် သက်သာစွာဖြင့် နေအိမ် များကို ပိုမိုကြံ့ခိုင် သွားအောင် ပြင်ဆင်ရမည့် နည်းလမ်းများပံ့ပိုးခြင်း၊ ကူညီပံ့ပိုးပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မုတ်သုန်မဝင်ခင် အချိန်အထိ စိုက်ဆင်းလေပြင်း အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် အိမ်များကို ခိုင်ခံ့အောင် ပြင်ဆင်ထားခြင်း၊ အိမ်နှင့် နီးကပ်သော လဲပြိုနိုင်သည့် သစ်ပင်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားခြင်းများ ပြုလုပ်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က တိုက်တွန်းလိုက်သည်။