မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ တွေ့ဆုံရန် ဖိတ်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က သဘော တူလိုက်ပြီး လာမည့်မေလတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ အမျိုးသားလုံခြုံရေး အကြံပေး ချန်အွီ ယောင်က အိမ်ဖြူတော် အစည်းအဝေးတွင် ပြောကြားသည်။
ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ၎င်းတို့အနေဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရး လုပ်ဆောင်ရန် ကတိ ပေးပြီးဖြစ်ကြောင်း၊ နောက်ထပ် နျူကလီးယား သို့မဟုတ် ဒုံးကျည်စမ်းသပ် မှုများကို မဆို ရှောင်ကြဉ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ချန်အွီယွန်၏ ကြေညာချက်တွင် ပါရှိသည်။
သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်မေလတွင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၅ရက်နေ့က တောင်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်ကာ ခေါင်ဆောင်ကြီး ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် အနာဂါတ်ဘက်စုံ ဆွေးနွေးပွဲ များအတွက် အခြေခံကောင်းများ ချမှတ်နိုင်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
တောင်ကိုရီးယား ကိုယ်စားလှယ်များနှင့် နျူကလီးယား ကင်းစင်ရေး ညှိနှိုင်းဆွေးနွေးရာ မြောက်ကိုရီးယား ဘက်မှ ချက်ခြင်းရပ်တန်ခြင်း မပြုနိုင်သေးသော်လည်း လတ်တလောတွင် ဒုံးကျည်စမ်းသပ်မှုမရှိပေ။
မြောက်ကိုရီးယား ခေါင်းဆောင်နှင့်တွေ့ဆုံသည့် တောင်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ကာ ရှင်းလင်းပြောဆိုပြီးနောက် ထိုသို့ အမေရိကန်နှင့် မြောက်ကိုရီး ယားခေါင်းဆောင်များ အကြား တွေ့ဆုံမည်ဆိုသည့် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ချန်အွီ ယောင်က သမ္မတ ဒေါ်နယ်ထရမ်၊ အမေရိကန် လုံခြုံရေး အကြံပေး အိတ်ချ် အာရ်မက် မာစတာနှင့် ကြာသာပတေးနေ့က အစည်းအဝေး ပြုလုပ်ပြီး ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေး အတွင်းဝန် ဆာရာဆန်ဒါးကလည်း သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့ လူချင်းတွေ့မည့်ရက်နှင့် နေရာကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့်လည်း လာမည့်ဧပြီလတွင် စစ်မဲ့ဇုန်၌ တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
အမေရိကန်ကမူ သမ္မတ ဒေါ်နယ်ထရမ်အနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံမည်ဟု ကတိကဝတ် ရှိထားသော်လည်း ပိတ်ဆို့ အရေးယူမှုများကို ဆက်လက်ထားရှိ ဦးမည်ဖြစ်ကြောင်း လည်းသိရသည်။
ဆက်စပ်ဖတ်ရှုရန် – ကင်ဂျုံအန်နှင့် တောင်ကိုရီးယား ဆွေးနွေးမှု၊ စိတ်ကျေနပ်ဖွယ် သဘောတူညီမှုရဟု ဆို
မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ရှိသော်လည်း ပိတ်ဆို့မှု ဖြေလျော့မည် မဟုတ်ဟုဆို