မျိုးတုန်းတော့မည့် ကျားသစ်နက်များ၏ ခိုလှုံရာဖြစ်ပြီး ကျားကာကွယ်ထိန်းသိမ်းရေး နယ်မြေ ၂ ခု နှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံမှ သဘာဝ သစ်တောတခုကို ဖြတ်သန်း၍ အဝေးပြေးလမ်း တခုဖောက်လုပ်ရန် စီစဉ်နေသူသည် ရှားပါးသော ကျားသစ်နက် တကောင်ကို တရားမဝင် အမဲလိုက် သတ်ဖြတ်သောကြောင့် မကြာသေးမီက ဖမ်းဆီးခံခဲ့ရသည့် ထိုင်း စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည်။
ထို့ကြောင့် သဘာဝတောရိုင်း တိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်သူများ၊ ဒေသခံများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုတို့က စီမံကိန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ကြ ကြောင်း ဩစတြေးလျ သတင်းဌာန ABC က ရေးသားလိုက်သည်။
“လတ်တလော အရှုပ်တော်ပုံမှာ ဥက္ကဌ ကိုယ်တိုင်က ထိုင်းနိုင်ငံတွင်းက ကမ္ဘာ့အမွေအနှစ် နေရာတခုမှာ တရားမဝင် အမဲ လိုက်တာကို တွေ့ရှိရတဲ့ အတွက် Italian-Thai ရဲ့ အုပ်ချုပ်မှုနဲ့ ပတ်သက်လို့ သံသယတွေ အများကြီး မြင့်တက်လာ ခဲ့တယ်လို့ ကျနော်ထင်ပါတယ်” ဟု သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာ သမဂ္ဂ International Union for the Conservation of Nature (IUCN) ၏ အရှေ့တောင် အာရှ ဆိုင်ရာ ဒုတိယ ဒါရိုက်တာ ပတ်မနိုပါဝစ် Petch Manopawitr က ပြောသည်။
ကျားသစ်နက် တကောင်ကို တရားမဝင် အမဲလိုက် သတ်ဖြတ်သော ပရမ်ချိုင်း ကာနစုတ Premchai Karnasuta သည် ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခု ဖြစ်သည့် Italian-Thai Development (ITD) ၏ ဥက္ကဌ ဖြစ်ပါသည်။
ပရမ်ချိုင်း ကာနစုတနှင့် အဖော် ၃ ဦးတို့ကို ထိုင်းနိုင်ငံ၏ ထုံယိုင် နေရိန်ဆူအန် Thungyai Naresuan သဘာဝတောရိုင်း တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး ဧရိယာ အတွင်း သေနတ်များ၊ ကျားသစ်နက် အရေခွံတခု နှင့် ကျားသစ်နက် အမ တကောင်၏ အမြီးဖြင့် ချက်ထားသော စွပ်ပြုတ်တို့နှင့် အတူ ဖမ်းမိခဲ့သည်။
ရဲတပ်ဖွဲ့က ပရမ်ချိုင်းကို တရားမဝင် အမဲလိုက်မှု ၉ မှုနှင့် လက်နက်နှင့်ဆိုင်သော အမှုများဖြင့် စွဲချက်တင်ခဲ့သည်။ သူ၏နေအိမ်တွင် နောက်ထပ် တွေ့ရှိရသည့် ဆင်စွယ် ၄ ချောင်းသည် အာဖရိက ဆင်များ၏ အစွယ်ဖြစ်သောကြောင့် တရားမဝင် ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်အတွင်းက အတည်ပြုခဲ့သည်။
ထိုအမှုက ထိုင်းလူမျိုး အများအပြားကို ဒေါသထွက်စေခဲ့သည်။ မတ်လ ၄ ရက်နေ့က ဘန်ကောက်မြို့လယ်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး ကျားသစ်နက် မျက်နှာဖုံးများ ဝတ်ဆင်ထားသော ဆန္ဒပြသူများက ပရမ်ချိုင်းသည် ချမ်းသာ ကြွယ်ဝပြီး အဆက်အသွယ်ကောင်းသူ ဖြစ်သော်လည်း တရားမျှတမှု ရှိစေရန် တောင်းဆိုခဲ့ကြသည်။
သူ့ အမှုက ထိုင်း-ထားဝယ် အထူးစီးပွားရေးဇုန် ကြားတွင် ဖောက်လုပ်ရန် အဆိုပြုထားသည့် အဝေးပြေးလမ်းကြောင့် သက်ရောက်မှု ခံစားရနိုင်သူများနှင့် သဘာဝတောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးသမားများ အတွက်လည်း သတိပေး ခေါင်းလောင်းသံ ဖြစ်ခဲ့သည်။
“ပရမ်ချိုင်း ကာနစုတရဲ့ အမူအကျင့်နဲ့ ပတ်သက်လို့ ကျနော်တို့ တကယ်ကို စိုးရိမ်ပါတယ်။ သူက သူ့နိုင်ငံမှာတောင် ဥပဒေကို လိုက်နာတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သူက ဥပဒေကို ဘယ်လို လိုက်နာမှာလဲ” ဟု မြန်မာနိုင်ငံမှ သဘာဝ ပတ်ဝန်းကျင်ရေးရာ အဖွဲ့အစည်းတခု ဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့(DDA) ၏ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။
ပရမ်ချိုင်း ကာနစုတ၏ ITD ကုမ္ပဏီက တည်ဆောက်ခဲ့သည့် လမ်းတခုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ် ပွားခဲ့ပြီး ဖြစ်သည်ဟု ဦးသန့်ဇင် ကပြောသည်။
“သူတို့ ITD ကို နာမည်ပျက်စာရင်း သွင်းသင့်တယ်” ဟု သူက ABC သို့ ပြောသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်း ထားဝယ် အထူးစီးပွားရေးဇုန်ကို ITD ကုမ္ပဏီက စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ရန် အဆိုပြုထားသည့် ၂ လမ်းသွား အဝေးပြေးလမ်းက ကျားသစ်များ၊ ကြောင်ရိုင်းများ နှင့် ကျားသစ်နက်များသာမက အာရှဆင်များ၊ ကြောင်အမျိုးမျိုး နှင့် ဝက်ဝံများနေထိုင်ရာ တနင်္သာရီ သစ်တောကို ဖြတ်သန်းသွားသည်။
“ဒါက အရှေ့တောင်အာရှမှာ သဘာဝအတိုင်း ကျန်ရှိနေသေးတဲ့ အကြီးဆုံးဧရိယာ တွေထဲက တခုဖြစ်ပါတယ်။ အမှန်တကယ် ထူးခြားနေတာက သဘာဝတောရိုင်း တိရိစ္ဆာန်တွေ ရှိနေလို့ သက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သစ်တောနဲ့ ထိုင်းနိုင်ငံက သစ်တောရဲ့ကြားမှာ အလွန် အရေးပါတဲ့ ဆက်သွယ်မှုဖြစ်နေတာကြောင့်လည်း ပါပါတယ်” ဟု ကမ္ဘာ့ သားရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့ World Wildlife Fund’s (WWF) မှ ဟန်နာ ဟယ်လ်ဆင်ဂန် Hanna Helsingen က ABC သို့ ပြောသည်။
“ဒီတောက ကျားတွေနဲ့ ဆင်တွေလိုမျိုး ဇီဝမျိုးစိတ်တွေ အစာရှာဖွေဖို့ နဲ့ မိတ်လိုက်ဖို့ သွားလာလှုပ်ရှားနိုင်တဲ့ နေရာဖြစ်ပါ တယ်။ ဂေဟစနစ်တွေ အလုပ်လုပ်ဖို့နဲ့ အဲဒီ ဇီဝမျိုးစိတ်တွေ ဆက်လက် ရှင်သန်နိုင်ဖို့ အရေးပါပါတယ်။”
ထိုင်းနိုင်ငံမှ အနောက်ပိုင်း သစ်တောနယ်မြေသည် အိန္ဒိယနှင့် နီပေါပြီးလျှင် ကျားရိုင်း အများဆုံး ရှိနေသည့် နေရာ ဖြစ်သည်။
တောင်ဖက်သို့ ဆက်သွားလျှင် ကျားပေါများသည့် နောက်ထပ် ဧရိယာတခု ဖြစ်သော ကန်းကရာချန် Kaeng Krachan သစ်တော ရှိသည်။ ကန်းကရာချန်သည် မြန်မာနယ်စပ်နှင့် ကပ်မြှောင်တည်ရှိသည့် သစ်တောတခုဖြစ်ပြီး ကျား ကာကွယ် ထိန်းသိမ်းရေး ဧရိယာ ၂ ခုကို ဆက်စပ်ပေးထားသည်။
ယခုထိ အကောင်အထည်မဖော်ရသေးသော ထားဝယ် အထူးစီးပွားရေး ဇုန်နှင့် ထိုင်းနယ်စပ်ကိုဆက်သွယ်ရန် ရည်ရွယ် ထားသည့် အဝေးပြေးလမ်းက အဆိုပါ ကျား ထိန်းသိမ်းရေး ဇုန် ၂ ခုကြားတွင် အတားအဆီးတခု ဖြစ်လာနိုင်ပါသည်။
နောက်ဆုံးအတည်ပြုချက်မပေးမီ ခိုင်မာသော သဘာဝပတ်ဝန်းကျင် သက်ရောက်မှု လေ့လာဆန်းစစ်ချက်(EIA) တခု ရရှိရန် မြန်မာအစိုးရက တွန်းအားပေးနေသည်။
“ဇီဝမျိုးကွဲတွေအတွက် စိုးရိမ်စရာတွေ သို့မဟုတ် ဇီဝမျိုးကွဲတွေအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ခြင်း မရှိတာက ခုထိ EIA အတည်ပြုချက် မရသေးတဲ့ အဓိကအကြောင်းရင်းတွေထဲက တချို့တဝက်ဖြစ်ပါတယ်” ဟု ဟန်နာ ဟယ်လ်ဆင်ဂန် က ပြောသည်။
အဝေးပြေးလမ်းက မြန်မာနိုင်ငံရှိ မြောက်များလှသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ တခုဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး(KNU) ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ကျေးလက်ဒေသများအတွင်းလည်း ဖြတ်သန်းသွား မည် ဖြစ်သည်။
KNU က မြန်မာအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုနေသည်။ သို့မဟုတ်ပါက ၂၀၁၅ ခုနှစ် အပစ်အခတ် ရပ်စဲ ရေးသဘောတူညီချက် ကျိုးပေါက်မည့် အန္တရာယ်ရှိသည်။
သဘာဝတောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးသမား အများစုက နောက်ဆုံးတွင် အဝေးပြေးလမ်းကို ဖောက်လုပ် ဖြစ်လိမ့်မည်ဟု တွေး၍ စိတ်လျှော့နေကြပြီ ဖြစ်သည်။
သို့သော်လည်း အရှေ့နှင့် အနောက် ဆက်သွယ်မည့် လမ်း၏ သက်ရောက်မှုကို လျှော့ချရေးနှင့် သစ်တောကို မြောက် နှင့်တောင် ဆက်သွယ်သည့် သဘာဝ အဝေးပြေးလမ်းအဖြစ် တောရိုင်း တိရိစ္ဆာန် များက ဆက်လက် အသုံးပြုနိုင်ရေး မျှော်လင့်ချက်က ရှိနေဆဲဖြစ်သည်ဟု သူတို့က ပြောသည်။
တောရိုင်း တိရိစ္ဆာန်လေ့လာရေး သိပ္ပံပညာရှင်များက မြေအနေအထားဆိုင်ရာ ဗိသုကာများနှင့် ပူးပေါင်း၍ လမ်းကြောင်း တလျှောက်ရှိ တိရိစ္ဆာန်များ သေဆုံးမှုလျှော့ချနိုင်ရေး အစီအစဉ်များကို ဟောင်ကောင်တက္ကသိုလ်တွင် အသေးစိတ် လေ့လာဖော်ထုတ်ခဲ့ကြသည်။ တိရိစ္ဆာန်များ ရွှေ့ပြောင်းသွားလာသည်ဟု ယူဆရသည့်နေရာများတွင် ဖြတ်သန်းသွားလာ နိုင်သည့် လမ်းကြောင်း ၁၂ ခု ပြုလုပ်ရန်လည်း အပါအဝင် ဖြစ်သည်။
“ကြောင်ရိုင်းတွေ ဖြတ်သန်းသွားနိုင်ဖို့အတွက် မြေအောက်မြောင်းတွေ သုံးဖို့ ကျမတို့ အဆိုပြုခဲ့ပါတယ်။ လမ်းရဲ့ မြှင့်ထားတဲ့ အပိုင်းတွေက ဆင်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ အရေးကြီးပါကြောင်း ကျမတို့ အဆိုပြုခဲ့ပါတယ်” ဟု ဟန်နာ ဟယ်လ်ဆင်ဂန်က ပြောသည်။
“အလင်းရောင်နဲ့ ဆူညံသံတွေ အတွက် အတားအဆီး အမျိုးမျိုးထားဖို့ ကျမတို့ အကြံပြုခဲ့ပါတယ်။ အဲဒါက ငှက်တွေ အ တွက် အရေးကြီးပါတယ်။ မျောက်လွှဲကျော် အစရှိတဲ့ ပရိုင်းမိတ်တွေရှိတယ်လို့ ကျမတို့သိထားရတဲ့ နေရာတွေမှာ ကြိုး တံတားတွေ(လမ်းတဖက်တချက်စီမှ သစ်ပင်များကြား ဆက်သွယ်ပေးမည့် တံတားများ) ထားပေးဖို့ အကြံပြုထားပါတယ်။ သူတို့တွေက လမ်းကို မြေပြင်ပေါ်ကနေ ဖြတ်သန်းမသွားနိုင်ကြပါဘူး။ သစ်ပင်တွေပေါ်ကပဲ သွားကြရပါတယ်။”
မှန်ပါသည်။ သဘာဝတောရိုင်း ပတ်ဝန်းကျင် အဆင်ပြေစေမည့် အဆိုပါကိစ္စများက ငွေကြေးပိုမို ကုန်ကျစေပါလိမ့်မည်။
သို့သော်လည်း ထိုင်းနိုင်ငံ၏ အဝေးပြေးလမ်း ၃၀၄ တွင် တောရိုင်းတိရိစ္ဆာန်များ ဖြတ်သန်းနိုင်သည့် နေရာများ Italian-Thai Development က ထည့်သွင်း တည်ဆောက်နိုင်ခဲ့သောကြောင့် အဓိက ကျသော အခြေခံအဆောက်အဦး စီမံကိန်းများတွင် တောရိုင်းတိရိစ္ဆာန်များကြောင့် အလုပ်မပျက်ကြောင်း သက်သေဖြစ်သည်။
အဆိုပါ ထိုင်း-ထားဝယ် ကားလမ်း စီမံကိန်းကို ဆောင်ရွက်နေသည့် ITD ၏ ကုမ္ပဏီခွဲဖြစ်သော Myan Dawei Industrial Estate ကုမ္ပဏီသို့ ABC က မှတ်ချက်တောင်းခံ၍ မရခဲ့ပါ။
ထားဝယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ရပ်တန့်ခဲ့ရပြီး ဘဏ္ဍာရေး အခက်အခဲကြောင့် ဖြစ်ကြောင်း ITD ကပြောသည်။
ယခုအခါတွင် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် အတွက် ထိုင်းနိုင်ငံမှ Neighbouring Countries Economic Development Cooperation Agency က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း၁၈၀ ကို အတိုးနှုန်း နည်းပါးစွာဖြင့် ထုတ်ချေးပေးရန် စဉ်းစားနေသည်။
ထားဝယ်စီမံကိန်းနှင့် လမ်းတိုင်းတာမှုများတွင် ဂျပန်အစိုးရကလည်း ယခင်က ငွေကြေးထည့်ဝင်မှုများ ပြုလုပ်ခဲ့သည်။
ကမ္ဘာ့ သားရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့မှ ဟန်နာ ဟယ်လ်ဆင်ဂန်က “ကျမတို့က သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေ အပေါ် သက်ရောက်မှုကို လျှော့ချရမယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကို လမ်းဖောက်လုပ်ရေး ကုန်ကျစရိတ်ရဲ့ အစိတ်အပိုင်း အဖြစ် ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ကိုးကား ။ ။ သတင်းထောက် Liam Cochrane ၏ Tycoon who ate Thai black leopard plans to build highway through ‘pristine’ habitat in Myanmar
ဆက်စပ်ဖတ်ရှုရန် – အီတာလျံ- ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဘေးမဲ့တောအတွင်း အမဲလိုက်၍ ဖမ်းဆီးခံရ