သတင်း

၂၀၀၈ ဖွဲ့စည်းပုံနှင့် မညီ၍ ငြိမ်းစုစီ ဥပဒေ ပြင်ရကြောင်း NLD ပြော

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြင် ဆင်ရခြင်း ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

“ဒီဥပဒေကို သေချာလေ့လာကြည့်ရင် ရိုးရိုးသားသား ဆန္ဒပြချင်သူအတွက် ဘာမှ ပြဿနာမှ မရှိဘူး။ သို့သော်လည်း အမှောက်အဖျက် ပယောဂလေးတွေ ပါလာတယ်ဆိုရင်တော့ ဒါမျိုးကို တိုင်းပြည်ရဲ့ အကျိုးအတွက် လုပ်သင့်တာ လုပ်ရမှာပေါ့” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းက နေပြည်တော်၌ သတင်းထောက်များကို ပြောသည်။

ယခု ပြင်ဆင်မည့် အချက်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရာတွင် ပြုလုပ်မည့် အစီအစဉ် ခန့်မှန်း လူဦးရေ၊ ခန့်မှန်း ကုန်ကျစရိတ်နှင့် ကုန်ကျခံရမည့်ပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို တင်ပြထားပြီး အကယ်၍ မရိုး ဖြောင့်သည့် သဘောဖြင့် မမှန်မကန် ဖော် ပြခဲ့လျှင် ထောင်ဒဏ် ချမှတ်နိုင်သည်အထိ အရေးယူနိုင်ရန် ပြင်ဆင် လာ ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းငြိမ်းစုစီ ဥပဒေ ထပ်တိုး ပြင်ဆင်မှုနှင့် ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့စည်းများ နှင့် တက်ကြွလှုပ်ရှားသူ ပြည်သူ တချို့၏ ကန့်ကွက် ဆန္ဒပြမှုများနှင့်လည်း ရင်ဆိုင်နေရသည့် အခြေအနေတွင် ရှိနေသည်။

မတ် ၈ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ယခု ဥပဒေကြမ်းကို မဲခွဲ၍ အတည်ပြုနိုင်ခဲ့ပြီး ယနေ့တွင် ပြည်သူ့လွှတ်တော်က ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ယင်းဥပဒေနှင့် ပတ်သက်၍ ဥပဒေကြမ်း ကော်မတီက သဘောထားမှတ်ချက်ကို ချက်ချင်းတင်ပြခဲ့သလို ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကို မတ်လ ၁၃ ရက် နောက်ဆုံးထားရန် အမည်စာရင်း ပေးရမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုခွင့် ဆန္ဒထုတ်ဖော်ခွင့်တို့ကို ပေးထားသော် လည်း အကျင့်စာရိတ္တကို ပျက်ပြားစေနိုင်သည့် ငွေပေး၍ ဆန္ဒ ထုတ်ဖော်ခြင်းများကိုမူ ခွင့်မပြုထားကြောင်း နောင်ချို မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောသည်။

ယခု ဥပဒေ ပြင်ဆင်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ တွင် ပါဝင်သည့် အချက်များကို ပြန်ထည့်ထားခြင်း သာ ဖြစ်ကြောင်း တည်ဆဲ ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်ရန် လိုအပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် မညီပါက ယင်း ဥပဒေသည် ပျက်သွားနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“အန်ကယ်တို့မှာလည်း ကြားနေရတာ ရှိပါတယ်။ ပိုက်ဆံပေးပြီးတော့ ခိုင်းတယ်တို့ ဘာတို့ ညာတို့ပေါ့။ အန်ကယ်တို့ က နိုင်ငံသူ၊ နိုင်ငံသားကို တကယ်ပေးချင်တာက သူတို့ရဲ့ ဆန္ဒအတိုင်း ဖြစ်စေချင်တာ။ သူတို့ရဲ့ ဆန္ဒ အစစ်အမှန်တွေ ကို ဖော်ထုတ်စေချင်တာ။ သို့သော် ငွေပေးခိုင်းတယ်။ ပယောဂပါတယ် ဆိုတာကတော့ မကောင်းဘူး” ဟု ဦးထွန်းထွန်းဟိန် က ပြောသည်။

အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီကမူ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းကို အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယခု ဥပဒေကြမ်းကို တင်ပြရခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လူတယောက်ရဲ့ပြော ဆိုခွင့် လွတ်လပ်ပိုင်ခွင့်ကို ချုပ်ချယ်မယ့် မည်သည့် ဥပဒေမျှ မပြဋ္ဌာန်းရဆိုပြီး ပါတယ်။ အခု ဒီမှာလည်း ငြိမ်းစုစီ ဥပဒေ ပြဋ္ဌာန်းကတည်း က လူတယောက်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ သဘောထားတွေ ပါနေပြီ။ အခု ဒါကတော့ ပိုပြီးတော့ ပြင်းထန်တဲ့ သဘောမျိုးလို့ မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၎င်း၏ တဦးတည်း သဘောဆန္ဒအရ ယခု ဥပဒေကြမ်းသည် ပြဋ္ဌာန်းရန် မသင့်သည့် ဥပဒေတခု ဖြစ်ပြီး ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ရန်အတွက် လူတယောက်၏ ရည်ရွယ်ချက်ကို ကန့်သတ်ခြင်း၊ စွပ်စွဲခြင်းတို့သည် မသင့်လျော်ဘဲ အပြုအမူဖြင့်သာ ဆုံးဖြတ်သင့်ကြောင်း အကြံပြုသည်။

ယခု ပြင်ဆင်သည့် ဥပဒေကြမ်းအရ ငွေကြေးထောက်ပံ့ခြင်းကို တရားဝင် ခွင့်ပြုထားသလို ဖြစ်နေပြီး ငွေကြေး ထောက်ပံ့ခြင်းကို လုံးဝ ခွင့်မပြုသင့်ကြောင်း သို့သော် မည်သူမဆို လွတ်လပ်စွာ ဆန္ဒပြခွင့် ရှိရမည်ဖြစ်ရာ စည်းရုံး လှုံ့ဆော်သူကိုပါ ချုပ်ကိုင်ခြင်းကိုမူ လက်မခံနိုင်ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က သုံးသပ်သည်။

ဦးရဲထွန်း “ဘာကြောင့်လဲဆိုတော့ ယူကရိန်းမှာ နိုင်ငံခြား အဖွဲ့အစည်းတွေကနေပြီးတော့ NGO တွေကတဆင့် ဆန္ဒ ပြတဲ့သူတွေကို တရက်ကို ဘယ်လောက် ဆိုပြီး ထောက်ပံ့တဲ့ အခါကျတော့ လူတွေ အများကြီး လမ်းပေါ်ထွက်လာ တယ်။ နောက်ဆုံး သမ္မတပါ ပြုတ်ကျ သွားရော။ အဲဒါကိုပဲ ကျနော်တို့က ကန့်သတ်ရမှာ။ လှုံ့ဆော်တာကတော့ ရှိမှာ ပေါ့။ အကြမ်းဖက်ခိုင်းတာမှ မဟုတ်ဘဲ” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းမှုဖြင့် လွှတ်တော် ထဲ သို့ ရောက်ရှိနေ သည့် တပ်မတော်သား ကိုယ်စားလှယ်များကပါ NLD ပါတီက ဦးဆောင်သော လွှတ်တော်၏ ယခု ဥပဒေကြမ်း တင်သွင်းမှု၊ လုပ်ကိုင်ပုံ များသည် ဥပဒေနှင့်မညီဟု ဆိုကာ အမျိုးသား လွှတ်တော်တွင် ကန့်ကွက်မှုများ ရှိခဲ့သလို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဆွေးနွေးမှုများတွင်လည်း ကန့်ကွက်မှုများ ရှိခဲ့သည်ဟု သိရ သည်။

အမျိုးသား လွှတ်တော်တွင် ယင်းဥပဒေကြမ်း ဆွေးနွေးခဲ့စဉ်က အာဏာရ NLD ပါတီမှ ကိုယ်တိုင် ကန့်ကွက်မှုများ ရှိခဲ့ပြီး ပြင်ဆင်ခြင်း ဥပဒေနှင့် ပတ်သက်၍ စက်ခလုတ်နှိပ် မဲခွဲရာတွင်လည်း ထောက်ခံမဲ ၁၁၃ မဲ ကန့်ကွက်မဲ ၇၈ မဲဖြင့် အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးချ၍ နိုင်ငံ၏ အကျိုးစီးပွားကို သိလျက်နှင့်တမင် အဖျက်အမှောင့် လုပ် ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လာသဖြင့် ယခု ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်ပြရခြင်း ဖြစ်သည်ဟု အာဏာရ ပါတီက ထုတ်ဖော်ထားသည်။

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေး မည်ဟု ဆိုကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြွေးကြော်၍ လူထု ထောက်ခံမှုဖြင့် အနိုင်ရထားသည့် နိုင်ငံရေးပါတီတခု ဖြစ်သော်လည်း ယနေ့ အချိန်ထိ လွှတ်တော်နိုင်ငံရေး နည်းလမ်းဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်း အားထုတ်မှုမျိုးကို မတွေ့ရသေးပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading