သတင်း

ဦးကိုနီ လုပ်ကြံခံရမှုတွင် ကြိုတင်ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများ သက်သေခံအဖြစ် တင်ထား

Want create site? Find Free WordPress Themes and plugins.

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုဖြစ်စဉ်တွင် ကြိုတင်စောင့်ဆိုင်းကာ ရိုက်ကူးထားသည့် ဓာတ်ပုံ မှတ် တမ်းများအား တရားလို ရဲတပ်ဖွဲ့မှ သက်သေခံအဖြစ် တင်ပြလာသည့်အတွက် အမှုနောက်ကွယ်တွင် ကြိုတင်သိနေသူ များ ရှိနေသေးကြောင်း နှစ်ဖက်ရှေ့နေများက မတ်လ ၉ ရက်နေ့ ရုံးချိန်း အပြီးတွင် ပြောသည်။

ထိုမှတ်တမ်းများသည် ယခင် လူမှုကွန်ရက်တွင် ပျံနှံ့ခဲ့ဖူးသည့် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် ချိန်နေသည့်ပုံ မဟုတ်ဘဲ သာမန်လူများ ဝင်ရောက်သွားလာခွင့် မရှိသည့် လေဆိပ်အပေါ်ထပ်မှ ကြိုတင်စောင့်ဆိုင်းကာ ရိုက်ကူး ထား သည့် ပုံများဖြစ်ကြောင်း တရားလိုရှေ့နေ ဦးခင်မောင်ဌေးက ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးတွင် ပြောပြ သည်။

ဦးခင်မောင်ဌေးက “ဒီပုံတွေနဲ့ ပတ်သက်ပြီး အဖမ်းခံထားရသူတွေ ဘက်က ခုခံမှုလမ်းကြောင်း ပြောင်းလာတယ်လို့ ယူဆရတယ်၊ အရင်ခုခံနေတဲ့ လမ်းကြောင်းအတိုင်း မဟုတ်ဘဲ ကြည်လင်းနဲ့အတူ ပါလာတာသည် အောင်ဝင်းဇော်တို့ မဟုတ်တော့ဘဲ နောက်တဖွဲ့ ရှိနေတယ် ဆိုတဲ့အကြောင်း ပြောပြီးတော့မှ ရှိနေတဲ့သူတွေကို ဖယ်ထုတ်ချင်လို့ ခုခံရေး လမ်းကြောင်း ပြောင်းလာတာလားတော့ မပြောတတ်ဘူး၊ အခုချိန်ကစပြီး ခုခံရေး လမ်းကြောင်း ပြောင်းလာနေတာ တော့ တွေ့နေရပြီ”ဟုလည်း ပြောသည်။

သက်သေခံတင်ထားသည့် ဓာတ်ပုံ မှတ်တမ်းများနှင့်ပတ်သက်၍ လေဆိပ်လုံခြုံရေး တာဝန်ရှိသူ ကိုဇော်ဇော်လွင်နှင့် ဒေါ်သဇင်ထွေး (ခ) ဒေါ်သိမ့်သိမ့်ထွန်း တို့အား မတ်လ ၈ ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် မေးမြန်းခဲ့ရာ တွင်လည်း ထိုပုံများသည် CCTV မှတ်တမ်းတွင် မပါဝင်သည့် ပုံများဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့၏ရှေ့နေ ဦးအောင်ခိုင်က “CID (မှုခင်းတပ်ဖွဲ့) က ဘယ်လောက် ဖော်ထုတ် ထားလဲ၊ အဲ့ဒီပုံက သိပ်အရေးကြီးတယ်၊ ချိန်နေတုန်း ရိုက်ထားတယ် ဆိုတာက လူတဦး တယောက်က ကြိုသိနေလို့ ရိုက်ထားတာပေါ့၊ အမှုစစ် ရဲအရာရှိလာရင် ဒီပုံဘယ်ကရလဲ မေးရမယ်” ဟု ပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေတဦးဖြစ်သည့် အင်းစိန်အောင်စိုး ကလည်း အမှု နောက် ကွယ် တွင် ဦးကိုနီ လုပ်ကြံမှုထက်ပိုသည့် အစီအစဉ် အသံဖိုင်များ ရှိနေကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့ ရုံးချိန်း အပြီးတွင် မီဒီယာများကို ပြောဆိုထားသည်။

အင်းစိန်အောင်စိုးက “အသက်နဲ့ရင်းပြီး ပြောခဲ့တာ၊ အလကား အာချောင်ခဲ့တာ မဟုတ်ဘူး၊ ကျနော်ပြောတာ မဟုတ် ဘူး ဆို အစောကြီကတည်းက မဟုတ်မမှန်ပြောဆိုလို့ အဖမ်းခံနေရလောက်ပြီ၊ ကျနော့်ကို ကြိုက်သလို တရားစွဲလို့ ရတယ်၊ အသက်အန္တရာယ် ရှိပေမယ့် သူတို့နောက်ကွယ်က ကောင်တွေကို လုံးဝဂရုမစိုက်လို့ ဒီလိုလုပ်နေရတာပဲ၊ သူတို့ နောက်ကွယ်မှာ အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာရှိတယ်”ဟု ပြောထားသည်။

ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးတွင် ပြုလုပ်သော အမှု ၄၈ ကြိမ်မြောက် ယနေ့ရုံးချိန်းတွင် လုပ်ကြံမှုမပြုလုပ်ခင် ကြည်လင်း နေထိုင်ခဲ့သည့် မင်္ဂလာတောင်ညွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းမှ ဦးဝိဇယ(ခ) ဦးဝင်းမြင့်၊ ဦးကိုနီ၏ သမီး ဖြစ်သူ ဒေါက်တာ ရင်နွယ်ခိုင်၊ ရဲအုပ် ဇော်နိုင်အောင်၊ နေပြည်တော်မှ ရဲမှူး ဌေးအောင်၊ မင်္ဂလာဒုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြထွန်းကျော် တို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး ခဲ့သည်။

အမှုတွင် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄၊ ပုဒ်မ ၃၀၂(၂) တို့ဖြင့် စွဲချက် တင်ထားပြီး သီးခြားအနေဖြင့် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ နှစ်ဦးကို ၁၈၇၈ ခုနှစ် လက်နက် အက်ဥပဒေ ပုဒ်မ ၁၉(ဃ)၊ ၁၉ (စ) တို့ဖြင့်လည်း စွဲချက် တင်ထားသည်။

အောင်ဝင်းဇော်နှင့်အတူ ဖမ်းမိခဲ့သည့် အောင်ဝင်းထွန်းကိုမူ ပုဒ်မ ၂၁၂ ဖြင့်စွဲချက်တင်ထားပြီး မြောက်ပိုင်းခရိုင် တရားရုံးက အာမခံပေးထားသည်။

တရားရုံးစွဲချက်တင် ပုဒ်မများနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူများက ရန်ကုန်တိုင်း လွှတ်တော် တရားရုံးချုပ်ထံ အယူခံ တင်ပြထားပြီး လာမည့် မတ်လ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ကြားနာစစ်ဆေးမည် ဖြစ်ကြောင်း အောင်ဝင်းဇော်၏ရှေ့နေ ဦးအောင်ခိုင်က ပြောသည်။

၄၉ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဆက်လက် စစ်ဆေးရန် မတ်လ ၁၅ ရက်နေ့ ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေများကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading